သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်မြန်မာသံရုံး လုံခြုံရေး တိုးမြှင့်ဆောင်ရွက်


ပါကစ္စတန်မြန်မာသံရုံးှရှေ့ ၂၀၁၇ တုန်းက ဆန္ဒပြနေစဉ်
ပါကစ္စတန်မြန်မာသံရုံးှရှေ့ ၂၀၁၇ တုန်းက ဆန္ဒပြနေစဉ်

ရခိုင်အရေးကိစ္စကြောင့် နိုင်ငံတကာမှာ ကန့်ကွက်ဆန္ဒပြမှုတွေ ကြုံနေရချိန်မှာ၊ ဆန္ဒပြမှုတွေ ပြင်းထန်တဲ့ နိုင်ငံအချို့မှာတော့ မြန်မာသံရုံးလုံခြုံရေးတွေကို ယခင်ကထက်ပိုပြီး လုံခြုံရေးတိုးမြှင့်လာပါတယ်။ ပါကစ္စတန်အပါအဝင် မွတ်ဆလင်နိုင်ငံအချို့က မြန်မာသံရုံးတွေ လုံခြုံရေးတိုးမြင့်ဖို့ လွှတ်တော်ဖက်ကလည်း အစိုးရအသုံးစရိတ် သတ်မှတ်ပေးထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုံစမ်းမေးမြန်မေးမြန်းထားတာပါ။

ကမ္ဘာ့ မူဆလင်နိုင်ငံကြီးတခုဖြစ်တဲ့ ပါကစ္စတန်နိုင်ငံက မြန်မာသံရုံးမှာ လုံခြုံရေးအရ စိုးရိမ်စရာ အခြေအနေတွေ ကြုံလာရတာကြောင့် သံရုံးမှာ လုံခြုံရေး ကင်မရာတပ်ဆင်မှု အပါအဝင် အခြားအစိတ်အပိုင်းတွေကို တပ်ဆင်နိုင်ဖို့ ပြည်သူ့လွှတ်တော်မှာ ဘတ်ဂျက်တောင်းခံတဲ့ကိစ္စကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဆွေးနွေးအတည်ပြုနိုင်ခဲ့တယ်လို့ မြန်မာသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက VOA မြန်မာပိုင်းကို ပြောပါတယ်။

"အဲဒါ လွှတ်တော်မှာလည်း ကျနော်တို့အဲဒါ ရှင်းပြပြီးပြီ ၊ ဆိုလိုတာကတော့ ခြိမ်းခြောက်မှုတွေပေါ့နော် လုံခြုံရေးပိုင်းဆိုင်ရာ လိုအပ်ချက်တွေအရ တိုးမြင့်ထားတာဖြစ်တယ်။"

ပါကစ္စတန်နိုင်ငံက မြန်မာသံရုံးကို ဖေါက်ခွဲမှု လုပ်လာနိုင်တယ်ဆိုပြီး ပါကစ္စတန်ထောက်လှမ်းရေးရဲ့ သတင်းပေးမှုကြောင့် မြန်မာသံရုံးကို လုံခြုံရေးတိုးမြှင့် သွားဖို့ အစိုးရက ဘတ်ဂျက်ချပေးတာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုးက VOA ကို ပြောပါတယ်။
"သံရုံးမှာလာပြီး ဆန္ဒပြတာတွေရှိတယ်။ နောက်တခါ ဖောက်ခွဲမှုတွေလုပ်နိုင်စရာရှိတဲ့ အနေအထားမျိုးလေးတွေ သတင်းရတယ် ဆိုပြီးတော့ ပါကစ္စတန်ဘက်က Suggest လုပ်ပြီးတော့ သူတို့ကလည်း လုံခြုံရေးပေးတယ်။ သို့သော် Structure ပိုင်းမှာ ထည့်ရမယ့်ဟာတွေ ကျတော့ ပိုက်ဆံကုန်ကျတာရှိပါလိမ့်မယ်။ အခုပြောလိုက်တဲ့ ပါကစ္စတန်သည် မွတ်ဆလင်နိုင်ငံလို့ပြောလို့ရပေမယ့် တခြားနိုင်ငံတွေမှာလည်း လုံခြုံရေးတွေကတော့ သူ့ Threat ရှိတဲ့အပေါ်မှာ မူတည်ပြီးတော့ ပြင်ဆင်ရတာပေါ့။ အခုဒီမှာလည်း အိမ်ရှင်နိုင်ငံရဲ့ Suggestion အတိုင်း ကျမတို့က လိုက်လုပ်တာပါပဲရှင့်။"
ပါကစ္စတန်နိုင်ငံမှာလိုပဲ အာရှတိုက်ထဲမှာ မူဆလင်အများဆုံးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးနဲ့ အီဂျစ်က ကိုင်ရိုမြန်မာသံရုံး၊ မလေးရှားက မြန်မာသံရုံး စတာတွေကိုလည်း လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ထားကြောင်း ဒေါ်ကေသီစိုးက ရှင်းပြပါတယ်။
"အင်ဒိုနီးရှားလည်းလုပ်ထားတယ် အင်ဒိုနီးရှားမှာက ကျမတို့က ၁ နှစ်တောင်စောဦးမယ်ထင်တယ်။ အင်ဒိုနီးရှားက အမျိုးသမီးသံအမတ်ကြီးရှိတယ်။ ဒါပေမယ့် အင်ဒိုနီးရှားဘက်က တော်တော်လေးတာဝန်ယူပြီးလုပ်ပေးထားတယ်။ အင်ဒိုနီးရှားက Separate ခြံဝင်းဆိုတော့ လုံခြုံရေးအရ ပိုကောင်းမယ်ထင်တယ်။ အင်ဒိုနီးရှားရဲတွေကလည်း လုပ်ပေးနေပါတယ်။ ကျမတို့ လုံခြုံရေးသတိထားပြီးလုပ်ပေးတာဆိုရင် ကိုင်ရို၊ အဲဒါလည်း ဆန္ဒပြသူတွေ သူတို့ဘက်က စည်းကမ်းချိုးဖောက်တာတွေ ရှိတော့ လုံခြုံရေး ကျမတို့ သံရုံးမှာ အားဖြည့်ထားပါတယ်။ ပါကစ္စတန်ကတော့ အခု ဘတ်ဂျက်ကိစ္စလွှတ်တော်မှာ ဆွေးနွေးတော့ သူများသိကြတာပေါ့။ ကျန်တဲ့ဟာတွေတုန်းကလည်း လုပ်တော့လုပ်တယ် သတိမထားမိလို့ ဖြစ်ပါလိမ့်မယ်။ အင်ဒိုနီးရှားတုန်းကလည်း လုပ်ပေးတယ်၊ ကိုင်ရိုလည်း တိုးမြှင့်ထားတာရှိတယ်။"
ဒီကနေ့ကမ္ဘာမှာ စိုးရိမ်စရာအဖြစ် ကြုံနေရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိလာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ လုပ်လာရတာ ဖြစ်ကြောင်း ဒေါ်ကေသီစိုးက ပြောပါတယ်။
"Terrorism ဆိုတာမျိုးက နေရာတိုင်းမှာ ဖြစ်နေတာပဲလေ။ မွတ်ဆလင်နိုင်ငံ မှာပဲလို့ပြောလို့မရပါဘူး။ တခြားဥရောပနိုင်ငံတွေမှာလည်း ဖြစ်တဲ့ဟာတွေအများကြီးရှိတာပဲ လုံခြုံရေးဆိုတဲ့ ဘက်ကကြည့်ပြီးတော့ ကျမတို့ဆီမှာ တာဝန်ရှိတဲ့လူတွေအနေနဲ့တော့ ဒါမျိုးအမြဲတမ်းသတိထားပါတယ်။ သံရုံးက လုံခြုံရေးအတွက် Plan တွေဆွဲရသလို ဒီဘက်က ညွန်ကြားတာလည်းရှိပါတယ် အခြေအနေပေါ်မှာ မူတည်ပြီးတော့။"
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာအရေးကိစ္စကြောင့် မူဆလင်အများစုရှိရာ ကမ္ဘာ့နိုင်ငံတွေက မြန်မာသံရုံးတွေမှာ ရိုဟင်ဂျာ အခွင့်အရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ ရွေးကောက်ပွဲရှုံးနိမ့်သွားတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း Najib Razak ကိုယ်တိုင်ပါဝင်တဲ့ ရိုဟင်ဂျာအရေး ဆန္ဒပြပွဲလုပ်ခဲ့ပါတယ်။ အင်ဒိုနီးရှားက မြန်မာသံရုံးမှာလည်း ဆန့်ကျင်ဆန္ဒပြပွဲတွေ ကြုံခဲ့သလို တိုက်ခိုက်မှု လုပ်မယ်ဆိုတဲ့ တရားခံကို ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ အီဂျစ်နိုင်ငံက မြန်မာသံရုံးရှေ့မှာလည်း ကြမ်းကြမ်းတမ်းတမ်း ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG