သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်လွှတ်တော် ကိုယ်စားလှယ်တွေ ရခိုင်အရေး ပြေလည်အောင် ကြိုးစား


A bank office and shops are closed in Sittwe, capital of Rakhine state in western Myanmar, on Friday, June 15, 2012. The communal violence that swept through Rakhine over the past week killed dozens of people. (AP Photo/Khin Maung Win)
A bank office and shops are closed in Sittwe, capital of Rakhine state in western Myanmar, on Friday, June 15, 2012. The communal violence that swept through Rakhine over the past week killed dozens of people. (AP Photo/Khin Maung Win)
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ လူမျိုးရေး အကြမ်းဖက်မှုပဋိပက္ခတွေကို ပြေလည်စေဖို့ အတွက် ရည်ရွယ်ပြီးတော့ RNDP က တာဝန် ရှိသူတွေဟာ ပါတီအဖွဲ့ဝင်တွေ.. ဒေသခံပြည်သူတွေနဲ့ စစ်တွေမြို့မှာ ဒီကနေ့ စတင် တွေ့ဆုံခဲ့ပါ တယ်။ ရခိုင် ပြည်နယ် အရေး ကိစ္စနဲ့ပတ်သက်ပြီး မကြာသေးခင်က သမ္မတ ဦးသိန်းစိန်ရဲ့ မေတ္တာရပ်ခံချက်တွေကို အကောင် အထည် ဖော်တဲ့ ခြေလှမ်း အစလည်း ဖြစ်ပါတယ်။ ကျောက်တော်မြို့နယ်မှာတော့ ညမထွက်ရအမိန့် ထုတ်ပြန် ထားဆဲ ဖြစ်ပါ တယ်။ ဒီအကြောင်းတွေကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မနန္ဒာချမ်း က ဆက်ပြောပြပေးပါရှင်။

ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကိုယ်တိုင် ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ပြီးတော့ ဒီကနေ့ တနင်္ဂနွေနေ့မှာ ပါတီအထူးအစည်းအဝေးတရပ်ကို ပြုလုပ်ခဲ့ပါ။ ရခိုင်ပြည်နယ် အရေး ကိစ္စမှာ RNDP အဖွဲ့ဝင်တွေအနေနဲ့ ဒေသခံပြည်သူတွေနဲ့ ဘယ်လိုဆက်ဆံရမယ် အကြမ်းဖက်မှု ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး အေးဆေး တည်ငြိမ်လာအောင် ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာတွေ ကို ဒေသ ခံ ပါတီတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း RNDP တာဝန်ရှိသူတွေဟာ ဒေသခံ ပြည်သူတွေနဲ့ပါ တွေ့ဆုံသွားမယ်လို့ အဖွဲ့ဝင် တဦးက ပြောပါတယ်။ ဒါတွေဟာ သမ္မတ ဦးသိန်းစိန် ကနေ ရခိုင်ပြဿနာပြေလည်အောင် ရခိုင် တိုင်းရင်းသားခေါင်းဆောင်တွေကိုယ်တိုင်က ဦးဆောင် ဖြေရှင်းစေ လိုတယ်လို့ မေတ္တာရပ်ခံချက်ကို စတင် အကောင်အထည်ဖော်တာလည်း ဖြစ်တယ်လို့ မကြာသေး ခင်တုန်းက သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ RNDP ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က ပြောပြပါတယ်။

“သမ္မတကြီးပြောတာကတော့သူတို့ဆယ်ခွန်းပြောတာနဲ့ ရခိုင်ပြည်သူတွေကို ကိုယ်စားပြုတဲ့ ရခိုင် ပါတီတွေက တစ်ခွန်း ပြောတာမတူပါဘူးတဲ့။ကိုယ့်ပြည်သူတွေအခြေအနေကို ကိုယ်ထိမ်းနိုင်ရင် ပိုပြီးကောင်းပါတယ်။ ကျွန်တော်တို့ကို အကူအညီ ပေးပါ။ မေတ္တာရပ်ခံပါတယ်ဆိုပြီး ပြောပါတယ်။ အဓိကကတော့ ဒီအတိုင်းဆက်သွားနေလို့ ဒီပြသာနာဟာ ပြေလည်နိုင်မှာ မဟုတ်ဘူး။ ပိုပြီးတော့ ဆိုးလာမယ်။ ဒါကြောင့် အဖြေတခုကိုရှာပြီး ကျွန်တော်တို့ သွားရမယ်။ အဓိက ကတော့ ပဋိပက္ခ ္ခတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူနေသွားနိုင်အောင် ပဋိပက္ခတွေ လောလောဆယ်မဖြစ်ပွားအောင် ကျနော် တို့က ဘယ်လိုထိန်းမယ် ဆိုတာကို အကြံလည်း တောင်းပါတယ်။ ကျနော်တို့ကလည်း အကြံပေးပါတယ် ခင်ဗျ”

ပြီးခဲ့တဲ့ ကြာသပတေးနေ့ သြဂုတ်လ ၉ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရဲ့ ဖိတ်ကြားချက်နဲ့ ရခိုင်နိုင်ငံရေးပါတီ ၂ ဖွဲ့ဘက်ကတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးအေးသာအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ် ၆ ယောက် ပြီးတော့ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီက ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ကိုယ်စားလှယ် ၄ ယောက် တို့ဟာ သမ္မတ ဦးသိန်းစိန် အပြင် ဗိုလ်ချုပ်ကြီး လှမင်း၊ နယ်စပ်ရေးရာဝန်ကြီးတို့နဲ့ ရခိုင်ပြည်နယ် အရေး ကိစ္စ တွေ ကို တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီတွေ့ဆုံမှုအတွင်း ဗိုလ်ချုပ်ကြီး လှမင်းကနေ အခု ဒီ ရခိုင်ပြည် နယ် ပြဿနာမှာ RNDP အဖွဲ့ဝင်တွေ ပါဝင်ပတ်သက်မှုရှိနေတယ်ဆိုပြီး စွပ်စွဲပြောဆိုချက်ကို RNDP က လက်မခံခဲ့ပါဘူး။ ဒါဟာ ပါတီရပ်တည်ရေးအတွက် ထိခိုက်မှုရှိသလို ပါတီရဲ့ မူဝါဒတွေနဲ့လည်း ကွဲလွဲနေတယ်လို့ ဦးဖေသန်း က အခုလို ပြောခဲ့ပါတယ်။

“ဗိုလ်ချုပ်ကြီးလှမင်း ပြောတာကတော့လေ၊ ကျနော်တို့ RNDP ပါတီက ပါဝင် ပတ်သက်တယ်ဆိုပြီး စာတမ်းတစောင် သူပြုစုထားတာရှိပါတယ်။ ကျွန်တော်တို့ပါတီရဲ့ မူဝါဒ ဒီအရေးအခင်းမှာ မပါဝင်ဖို့ ဒီလိုအကြမ်းဖက်မှုတွေကို ကျနော်တို့ အားလည်း မပေးပါဘူး။ ကျနော်တို့ပါတီရဲ့ မူဝါဒနဲ့လည်း မပတ်သက်ပါဘူး။ ဒါပေမဲ့ ကျနော်တို့မှာ ပြည်သူရဲ့ ကိုယ်စား လှယ် တွေ၊ ပါတီဆိုတာလည်း ပြည်သူကို ဦးဆောင်နေတဲ့ပါတီဆိုတော့ ပြည်သူတွေ အကူအညီ တောင်းတဲ့အခါတွေ ရှိတယ်။ ပြည်သူကလာပါလို့ ဖိတ်ကြားတဲ့အခါရှိတယ်။ ပြည်သူရဲ့အခက်အခဲတွေကို ဝင်ရောက်ဖြေရှင်းရမယ့် အခါတွေ ရှိပါတယ် ခင်ဗျ။ အဲဒီလိုအခါမျိုးမှာ အထင်မှား အမြင်မှား ဖြစ်ပြီးတော့ပေါ့လေ၊ အဲဒီလို သတင်းတွေက အများကြီး ပျံ့ သွားတာ ဖြစ်ပါလိမ့်မယ်။ အကြမ်းဖက်မှုဆိုတာ ကျနော်တို့ပါတီရဲ့ မူဝါဒမဟုတ်ပါဘူး။ ဒါတွေကို ပြင်ပစကားတွေ နဲ့ ပေါ့ လေ၊ သွေးထိုး တဲ့ စကားတွေနဲ့ ကျနော်တို့ ပါတီပေါ်မှာ အထင် အမြင် လွဲမှားမှုတွေသာ ဖြစ်လိမ့်မယ်လို့ ကျနော်တို့က သုံးသပ်ပါတယ် ခင်ဗျား”

လောလောဆယ် ဒီအကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီးတော့ RNDP အဖွဲ့ဝင် ၃ ဦးကို အာဏာပိုင်တွေက တရား စွဲ ဆို ထားပါတယ်။ လက်ရှိ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မှာတော့ ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ မူစလင် တွေအကြား အခြေအနေ တင်းမာနေ ဆဲ ဖြစ်တာကြောင့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန် ထားဆဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်း တချို့မြို့နယ်တွေမှာတော့ လုံခြုံရေးအခြေအနေကြောင့် အခြေခံပညာ စာသင်ကျောင်း တွေ ပိတ် ထားရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

လအတန်ကြာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခ တွေကြောင့် ရခိုင်တိုင်းရင်းသား ၃၁ ယောက်၊ မူဆလင် ၄၆ ယောက် အပါအဝင် လူ ၇၇ ယောက် သေဆုံးခဲ့ ပြီး ထိခိုက် ဒဏ်ရာရသူ ၁၀၀ နီးပါးနဲ့ အိမ်ခြေ ၄၈၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ရတဲ့ အတွက် ဒုက္ခသည်ပေါင်း ၆ သောင်း ကျော် ရှိတယ် လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းက လာရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား ကတော့ ဒီ အခြေ အနေတွေကို လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီး စစ်ဆေးဖို့ အစိုးရကို အကြံပြုထားတာ ပါ။

ဒါ့အပြင် သမ္မတ ဦးသိန်းစိန် ကလည်း ရခိုင်ပြည်နယ် ပြဿနာကို လေ့လာ ကြည့်ရှုဖို့အတွက် ဆော်ဒီ အာရေဗျ အခြေစိုက် ကမ္ဘာ့အကြီးဆုံး မူဆလင်အဖွဲ့ဲဖြစ်တဲ့ OIC အဖွဲ့ လာရောက်တာကို ကြိုဆိုကြောင်း ပြောကြားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
XS
SM
MD
LG