သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းပြားပစ်ခတ်မှု အရပ်သား ၄ ဦး သေဆုံး


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (သတင်းဓာတ်ပုံ - Rakhine Ethnics Congress)
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (သတင်းဓာတ်ပုံ - Rakhine Ethnics Congress)

(Zawgyi/Unicode)

ရခိုင်မြောက်ပိုင်းက မင်းပြားမြို့နယ်မှာ မနေ့က ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က တင်ဆက်ပေးပါမယ်။

စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းက မင်းပြားမြို့နယ်အတွင်းမှာ မနေ့က ညနေပိုင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အရပ်သား လေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကိုအမ်းသားကြီးက ပြောပါတယ်။

"မင်းပြားမြို့နယ်မှာ သေဆုံးဒဏ်ရာရတာက ၄ ယောက်ရှိတယ်ခင်ဗျ။ ဖြစ်စဉ်ကို ပြောရမယ်ဆိုရင် တပ်မတော်စစ်ကြောင်းက မင်းပြားကနေ ထွက်လာတယ်။ မင်းပြားကနေ ထွက်လာတော့အခါ ဒီနရမ်းလမ်းဆုံနားကို ရောက်တော့အခါ နွားကျောင်းနေတဲ့ မူစလင်ကောင်လေး နှစ်ယောက်ကို သေနတ်နဲ့ ပစ်ခဲ့တယ်။ တယောက်က ပွဲချင်းပြီး သေတယ်။ နောက်တယောက်ကတော့ မြောင်းဘွေ ဆေးရုံကို ပို့လိုက်တယ် ခင်ဗျ။ နရမ်းလမ်းဆုံနားမှာပဲ နရမ်းရွာချေက ဦးစံကျော် အဲဒီအဘိုးက ကျွဲမောင်းလာတယ်။ ကျွဲမောင်းလာတာကို မြင်တော့ လက်နက်ကြီးနဲ့ ပစ်လိုက်တော့ ခြေနှစ်ဘက်လုံးပြတ်သွာတယ်။ မင်းပြားဆေးရုံ ပို့တယ်။ ည ၈ နာရီခွဲ လောက်မှာ မင်းပြားဆေးရုံမှာ အဲဒီအဘိုးကြီးက သေသွားတယ် ခင်ဗျ။"

ဒါအပြင် မင်းပြားမြို့ထဲမှာ ဆိုင်ကယ်နဲ့ လာတဲ့ လူငယ်နှစ်ယောက်ကိုလည်း လုံခြုံရေး စစ်ကြောင်းတစ်ခုက ပစ်ခတ်လိုက်တယ်လို့ မင်းပြားဒေသခံတွေက ပြောဆိုကြပါတယ်။

တပ်မတော်ဘက်ကတော့ မနေ့က ညနေပိုင်းမှာ မင်းပြားမြို့ထဲကနေ ရာမောင်တံတားဘက်ကို လာတဲ့ ဆိုင်ကယ် တစ်စီးကို မသင်္ကာလို့ စစ်ဆေးဖို့ တားမြစ်ပေမယ့် ရပ်တန့်မပေးတာကြောင့် ပစ်ခတ်ခဲ့ရတာဖြစ်ပြီး သေဆုံးသူတွေဟာ မိုင်းထောင်ဖို့ လာတဲ့ AA တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ မင်းပြားပစ်ခတ်မှုနဲ့ ပတ်သတ်ပြီး တပ်မတော်ဘက်ကို မေးမြန်းခဲ့ပေမဲ့လည်း ထုတ်ပြန်ချက် အတိုင်းဖြစ်တာကြောင့် နောက်ထပ်သီးခြား ပြောစရာမရှိဘူးလို့ ပြောပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်ကတော့ သေဆုံးသွားသူတွေဟာ သူတို့ တပ်ဖွဲ့ဝင်တွေ မဟုတ်သလို တပ်မတော်ဘက်က သူတို့ အပြစ်တွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"မနေ့က မင်းပြားမြို့ထဲမှာတော့ မြန်မာစစ်တပ်တွေက ဝင်လာပြီးတော့ ရမ်းကား ပစ်ခတ်တဲ့အတွက်ကြောင့်မို့လို့ ဆိုင်ကယ်နဲ့ လာတဲ့ လူငယ်လေး နှစ်ယောက် သေသွားတယ်လို့ ဒေသခံတွေဆီက သိရတယ်။ မြန်မာစစ်တပ်က အဲလိုမျိုး အရပ်သားတွေကို ပစ်ခတ် သတ်ဖြတ်တဲ့ အခါတိုင်းမှာ သူတို့ အထဲကနေပြီးတော့ မိုင်းရတယ်၊ လက်ပစ်ဗုံးရတယ်၊ ဝါယာကြိုးယာကြိုးတွေ့တယ် ဆိုပြီးတော့ အဲလိုမျိုး တောက်လျှောက် စွပ်စွဲပြီးတော့ AA ဆိုပြီးတော့မှ တံဆိပ်ကပ်ပြီးတော့ သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် တောက်လျှောက် ကြိုးစားလာတာဖြစ်တယ်။"

မင်းပြားမြို့နယ်ထဲမှာ အခုအချိန်ထိ ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဒေသခံတွေ ကြောက်လန့်နေကြတယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

"တိုက်ပွဲဖြစ်လား၊ မဖြစ်လားတော့ မသိဘူး။ လက်နက်ကြီးအသံတွေတော့ အခုလည်း ကြားနေရတယ်။ မနေ့က ပစ်ခတ်မှုကြောင့် မြို့ပေါ်က လူတွေကတော့ တော်တော်လေး စိုးရိမ်နေကြတယ်။"

ဒါအပြင် ကျောက်တော်မြို့နယ် တင်းမကျေးရွာဘက်မှာလည်း ပစ်ခတ်မှုတွေကြောင့် ကျေးရွာတွေ မီးလောင်နေ တာတွေ ရှိတယ်လို့ ကျောက်တော်ဒေသခံတွေက ပြောဆိုကြပါတယ်။

ကမ္ဘာမှာ COVID ကပ်ရောဂါအကြပ်အတည်းကြောင့် စစ်ပွဲတွေ ရပ်ဆိုင်းထားဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က တိုက်တွန်းထားသလို၊ မြန်မာအရပ်ဘက်လူမှုအဖွဲ့တွေကလည်း ရခိုင်စစ်ပွဲတွေ ရပ်စဲဖို့ တောင်းဆိုနေကြပါတယ်။

ဒါပေမဲ့လည်း AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက သတ်မှတ်ကြေညာလိုက်တဲ့နောက်၊ ရခိုင် မြောက်ပိုင်းနဲ့ ချင်း ပလက်ဝမြို့နယ်တွေမှာ ဒီကနေ့အထိ အပြန်အလှန်တိုက်ပွဲတွေ ပိုပြင်းထန်လာပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG