သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး လူ့အခွင့်အရေးချိုးဖောက်သူတွေကို အရေးယူဖို့ ဆက်လုပ်သွားမယ်လို့ ဝန်ကြီး Pompeo ပြော


 နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo
နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo

မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ရက်စက်တဲ့ လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှုမျိုး လုပ်ရာမှာ တာဝန်ရှိသူတွေကို အရေးယူ အပြစ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက ဆက်လက် လုပ်ဆောင်မှာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက် ရိုဟင်ဂျာ ၇၀၀,၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့တာ တနှစ်မြောက် နှစ်ပတ်လည်နေ့မှာ ဝန်ကြီး Pompeo က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ရက်စက်တဲ့ လူမျိုးစု ရှင်းလင်းဖယ်ရှားမှုကို စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုနောက်ပိုင်း နယ်မြေရှင်းလင်းရေး လုပ်တဲ့ လုံခြုံရေးတပ်တွေ ကျူးလွန်ခဲ့ကြောင်းနဲ့ ဒီ့အတွက် တာဝန်ရှိသူတွေကို အမေရိကန်က ဆက်လက် အရေးယူမှာ ဖြစ်ကြောင်း ဝန်ကြီး Pompeo က သူ့ Twitter မှာ ရေးသား ခဲ့တဲ့အပြင် စစ်တပ်အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလျှောက်လှမ်းမှု အောင်မြင်စေဖို့ လူ့အခွင့်ရေးကို လေးစားရမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၆၂ ခု စစ်တပ်အာဏာသိမ်းခဲ့ပြီး နှစ်ပေါင်း ၅၀ လောက် အုပ်ချုပ်ခဲ့တဲ့နောက်ပိုင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေး ဆွဲပြီး လုပ်ပိုင်ခွင့်အာဏာအများစုကို ဆက်လက် ကိုင်စွဲထားဆဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကတော့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်တွေက မွတ်ဆလင်စစ်သွေးကြွတွေကို တရားဥပဒေနဲ့ အညီနှိမ်နင်းတာ ဖြစ်ပြီး ဒုက္ခသည်တွေအပေါ် ရက်စက်မှုတွေ ကျူးလွန်တယ်လို့စွပ်စွဲမှုတွေကို လက်မခံငြင်းဆိုထားတာပါ။ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကတော့ ပဋိပက္ခဖြစ်ပွါးခဲ့တဲ့ တနှစ်မြောက်နေ့ဖြစ်တဲ့ စနေနေ့မှာပဲ ဆန္ဒပြပွဲတွေနဲ့ ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေ နေရပ်ပြန်ရေး အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေသလို ကုလမဂ္ဂအဖွဲ့တွေနဲ့လည်း နားလည်မှု စာချွန်လွှာ ရေးထိုးဆောင်ရွက်နေပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာတော့ အင်္ဂါနေ့ကျရင် ရိုဟင်ဂျာ အရေး တံခါးဖွင့် ဆွေးနွေးဖို့ လုပ်ဖို့ရှိပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterrus က အမှာ စကား ပြောကြားဖို့ စီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG