သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခတွေ့ဆုံဖြေရှင်းဖို့ ရခိုင်နိုင်ငံရေးသမားတွေ တိုက်တွန်း


ရခိုင်စစ်ပွဲကြောင့် ထွက်ပြေးနေရသည် ဒုက္ခသည်များ
ရခိုင်စစ်ပွဲကြောင့် ထွက်ပြေးနေရသည် ဒုက္ခသည်များ

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား စစ်ရေးပဋိပက္ခတွေ ပိုတင်းမာလာနေပြီး စစ်ရှောင်ဒုက္ခသည် သောင်းချီ ထွက်ပြေးနေကြရတဲ့ အနေအထားမှာတော့ ပြည်ထောင်စုအစိုးရဘက်က ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ကော်မရှင်တွေ ဖွဲ့နေမယ့်အစား စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ စစ်ရေးနည်းနဲ့ မဖြေရှင်းပဲ နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ လက်တွေ့ကျကျဖြေရှင်းသင့်တယ်လို့ ရခိုင်နိုင်ငံရေးပါတီ ခေါင်းဆောင်နဲ့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။ မြောက်ဦးမြို့ထဲမှာ ရှေးဟောင်းစေတီပုထိုးတွေနဲ့ လူနေအိမ်ခြေတွေထဲအထိ လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့တဲ့အပေါ် ဒေသခံပြည်သူတွေဘက်ကလည်း စိုးရိမ်ထိတ်လန့်နေကြပြီး နည်မြေတည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးကင်းမဲ့လာတဲ့ အနေအထားဖြစ်လာနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ မဆုမွန် အသေးစိတ် ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကစလို့ ရခိုင်ပြည်နယ်ထဲ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်လာနေတာ အခုချိန်အထိ နှစ်ဘက်ရင်ဆိုင် တိုက်ပွဲတွေနဲ့ စစ်ရေးတင်းမာနေဆဲ အနေအထားဖြစ်ပါတယ်။ AA တပ်ဘက်က နယ်မြေခံရဲစခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်တာ အပါအဝင် စစ်တပ် ဘက် ကလည်း ဝေဟင်ကရော မြေပြင်ကပါ အပြန်အလှန် တိုက်ခိုက် ပစ်ခတ်ကြတဲ့အတွက် စစ်ဖြစ်နေတဲ့နေရာတွေက ဒေသခံပြည်သူ နှစ်သောင်းလောက် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ အနေအထားဖြစ်နေတာပါ။

ဒီလိုအခြေအနေမှာတော့ နိုင်ငံတော်သမ္မတရုံးဘက်က ပြည်နယ်အစိုးရ၊ လွှတ်တော်နဲ့ ဒေသခံပြည်သူတွေကြား လက်တွေ့ကွင်းဆင်းဆောင်ရွက် စေ့စပ်ညှိနှိုင်းဖို့အရေး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ မတ်လ ၁၄ ရက်က ထုတ်ပြန် ကြေညာပါတယ်။ ဒီကော်မတီထဲမှာ အဖွဲ့ဝင်အဖြစ် နာမည်စာရင်း ပါဝင်ပေမယ့် သူ့သဘောထားကို တစုံတရာ မေးမြန်းအတည်ပြုခဲ့ခြင်း မရှိဘူးလို့ ပြောတဲ့ ရခိုင်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက- ပြည်ထောင်စုအစိုးရ၊ ပြည်နယ် အစိုးရအနေနဲ့ ဒီလိုအများသဘောဆန္ဒ မယူထားတဲ့ ကော်မရှင်၊ ကော်မတီတွေ ဖွဲ့နေမယ့်အစား ရခိုင်ပြဿနာပြေလည်ဖို့ဆိုရင် နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းရေး စကားဝိုင်းမှာ လက်တွေ့ကျကျ ဖြေရှင်းသင့်တယ်လို့ အကြံပြုပါတယ်။

"လက်နက်ကိုင်အချင်းချင်းပစ်ကြတဲ့ကြားမှာ ပြည်သူတွေအနေနဲ့ အတော့်ကို ဒုက္ခရောက်ရပါတယ်။ အဓိက ဘာကြောင့်တည်ငြိမ်မအေးချမ်းသလဲဆိုတော့ ရခိုင့်တပ်မတော်ဘက်ကလည်း နိုင်ငံရေးအရ တိုင်းရင်းသားလက်နက်ကိုင်တွေ ဖြစ်တည်လာတယ်၊ ဒီအပေါ်မှာနိုင်ငံရေးအရစကားပြောတာပဲ ဖြစ်ရပါမယ်။ နိုင်ငံရေးအရ စကားပြောဖို့အတွက် ငြိမ်းချမ်းရေးစကားဝိုင်းထဲကို ဖိတ်ခေါ်ရပါမယ်။ ဒီနည်းလမ်းတနည်းလမ်းပဲရှိပါတယ်။ ငြိမ်းချမ်းရေးမှာ လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း အပစ်အခတ်ရပ်စဲမှသာလျင် ပြည်သူတွေက ဒုက္ခတွေ ကင်းဝေးမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ကတော့ တပ်မတော်အနေနဲ့ ရခိုင့်တပ်မတော်နဲ့ နိုင်ငံရေးအရ စကားဝိုင်းမှာ စကားပြောဖို့ ငြိမ်းချမ်းရေးစကားတွေ စဖို့အတွက် တိုက်တွန်း ချင်ပါတယ်ရှင့်။ ဒါတွေမလုပ်ပဲနဲ့ ကော်မတီတွေ ဘယ်လောက်ဖွဲ့ဖွဲ့ ဒါတွေကနေပြီးတော့ အကျိုးသက်ရောက်မှုရှိမှာမဟုတ်ပါဘူး။"

ဒီသီတင်းပတ်ထဲမှာပဲ မြောက်ဦးမြို့နယ်ထဲက ရှေးဟောင်းဘုရားစေတီပုထိုးတွေထဲအထိ လက်နက်ကြီးကျည်ကျရောက်တာအပါအဝင် ကျေးရွာတွေနဲ့ မြောက်ဦးမြို့ လူနေရပ်ကွက်တွေထဲ အထိ လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ် တိုက်ခတ်မှုတွေရှိတဲ့အတွက် လူထိခိုက်မှုတွေအထိဖြစ်ခဲ့သလို ကုလားတန်မြစ်ထဲ အစိုးရကုန်တင်သဘောၤကိုပါ ပစ်ခတ်တိုက်ခတ်မှုတွေရှိလာနေတာပါ။

ဒီလိုနယ်မြေတည်ငြိမ်အေးချမ်းမှုမရှိပဲ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာနေတဲ့အနေအထားမှာတော့ အစိုးရဘက်က ကော်မတီဖွဲ့ ဖြေရှင်းဖို့ကြိုးစားတာထက် လက်တွေ့ကျတဲ့ နိုင်ငံရေးဆွေးနွေးမှုနဲ့ပဲ အမြန်ဆုံးပြေလည်အောင်ဖြေရှင်းသင့်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်မြတ်ကျော်ကလည်း တိုက်တွန်းပါတယ်။

"အဓိကပြောမယ်ဆိုရင် အဖွဲ့ဖွဲ့ပေးတဲ့ပုဂ္ဂိုလ်တွေက ရိုးသားဖို့လိုပါတယ် ။ ရခိုင်ပြည်တည်ငြိမ်အေးချမ်းရေးလို့ပြောတယ်။ အမှန်တကယ် တည်ငြိမ်အေးချမ်းချင်လို့ ဖွဲ့ချင်တာလား ။ အဲဒီအဖွဲ့ထဲမှာ ပါတဲ့ လူတော်တော်များများကနေဖွဲ့ပြီးမှ သိရတယ်ဆိုတော့ ဒါက ရိုးသားမှုမရှိဘူး။အမှန်တကယ် ရခိုင်ပြည် တည်ငြိမ်အေးချမ်းစေချင်တဲ့ ဆန္ဒနဲ့ ဖွဲ့တယ်လို့တော့ကျနော်မမြင်ဘူး ။ ၂ ဖွဲ့ကြားမှာ ကြားခံအနေနဲ့ စားပွဲဝိုင်းမှာ ထိုင်ပြီးတော့ ဆွေးနွေးနိုင်ဖို့ တကယ့်အဖွဲ့တဖွဲ့တော့ ရှိဖို့တော့လိုမယ်လို့ ကျနော်ထင်တယ်။"

အခုဖြစ်နေတဲ့ ရခိုင်တိုင်းရင်းသားတပ်နဲ့ အစိုးရတပ် လက်နက်ကိုင်တပ်အချင်းချင်းကြား ဖြစ်နေတဲ့ စစ်ရေးတင်းမာမှုတွေကို ပြည်ထောင်စုအစိုးရဘက်က အမြန်ဆုံး ကြားဝင်ဖြေရှင်း သင့်တယ်လို့လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက တိုက်တွန်းပါတယ်။

"အဓိကတော့ အစိုးရသည် ကြားထဲမှာ တိုင်းရင်းသားများနဲ့ မြန်မာ့တပ်မတော်နဲ့ ဆောင်ရွက်မှုတွေကို ညှိနှိုင်းဆောင်ရွက်မှသာလျင် တနိုင်ငံလုံး NCA က အထမြောက်မှာဖြစ်ပါတယ်။ အစိုးရရဲ့ တာဝန် ဝတ္တရားတွေ အများကြီးရှိပါတယ်။ အစိုးရလုပ်ဆောင်နိုင်တဲ့အရာတွေလည်း အများကြီးရှိပါတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲတာဆိုရင် ဘာသေနတ်သံမှ မရှိရပါဘူး။ ဒါကြောင့်မို့လို့ အဓိက ပင်မအရင်းအမြစ်ဖြစ်တဲ့ နိုင်ငံရေး စကားဝိုင်းမှသာလျင် မြန်မာငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်လို့ ကျမယုံကြည်ပါတယ်။"

ဒီလိုကြားဝင်မဖြေရှင်းဘဲနဲ့ ဒီရခိုင်အရေးနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေကို သံသယနဲ့ ဖမ်းဆီးစစ်ဆေးနေတာတွေ အပါအဝင် ပိုပြီးတော့ စစ်မီးပွားစေတဲ့ လုပ်ရပ်တွေဖြစ်နေတယ်လို့လည်း ရခိုင်နိုင်ငံရေးပါတီခေါင်းဆောင် ဦးအောင်မြတ်ကျော်က သုံးသပ်ပါတယ်။

"အခုကတောက်လျောက် တပ်မတော်ဘက်က အကုန်လုံးကို ရမ်းပြီး ပြည်သူလူထုကို ပစ်ခတ်နေတဲ့အပိုင်းတွေ အများကြီးရှိနေတယ်။ အဲဒါကို ရပ်တန့်အောင်လုပ်ပေးနိုင်တဲ့ အဓိကအဖွဲ့အစည်းဆိုတာက အစိုးရပေါ့။ AA နဲ့ စပြီး ဖြစ်ကတည်းကနေ အစိုးရမှာ တာဝန်အရှိဆုံးဖြစ်တဲ့ တကယ်စစ်မှန်တဲ့ အဖွဲ့အစည်း ဒါတွေကို လုပ်ရမှာ ။ အဲဒါမျိုးလုပ်နိုင်မှ ကျနော်တို့ အခုဖြစ်နေတဲ့ ပြဿနာတွေ ငြိမ်းချမ်းနိုင်မယ်လို့ သုံးသပ်တာပေါ့နော်။"

လတ်တလော ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်လာနေတာကြောင့် ချင်းပြည်နယ်ပလက်ဝနဲ့ ရခိုင်ပြည်နယ်တွင်း စုစုပေါင်း စစ်ပြေးဒုက္ခသည် နှစ်သောင်းအထိ ရှိလာနေပြီဖြစ်ပြီး သူတို့အတွက် အခြေခံ ကျမ်းမာရေးစောင့်ရှောက်မှု၊ သောက်သုံးရေ၊ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG