သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရှောင်ရွာသား ၁၃ ဦး မတရားအသင်းဆက်နွယ်မှုနဲ့ တရားစွဲခံရ


ရခိုင် စစ်ရှောင်ရွာသားများ
ရခိုင် စစ်ရှောင်ရွာသားများ

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ဘေးတိမ်းရှောင်လာတဲ့ ရှင်း လက်ဝရွာသား အယောက် ၂၀ ကျော်ထဲက (၁၃) ဦးကို မတရားအသင်းနဲ့ ဆက်နွယ်မှု ပုဒ်မ ၁၇ (၁) (၂) တို့နဲ့ တရားစွဲဆိုလိုက်ပြီး ကျန်လူတွေကိုတော့ ခံဝန်ကတိနဲ့ ပြန် လွှတ်ပေးလိုက်ပါတယ်။ ဒီအတောအတွင်း ရခိုင်ပြည်နယ်မြောက်ဦးဒေသ အနီးတဝိုက်မှာ မြန်မာ စစ်တပ်နဲ့ AA ရက္ခိုင်လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ရခိုင်နောက်ဆုံးရ သတင်းတွေကို ဗွီအိုအေသတင်းထောက် မေခကစုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ စစ်ရေးတင်းမာမှုတွေမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့အတွင်းကို စစ်ပြေး တိမ်းရှောင်လာကြတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းလက်၀ ရွာသား (၂၄) ဦးနဲ့ သူတို့ကို လက်ခံထားတဲ့ အိမ်ရှင်နှစ်ဦးကို တပ်မတော်ရဲ့ တိုင်ကြားချက် အရ ကျောက်တော ် ရဲစခန်းက ဖမ်းဆီးထားခဲ့တာပါ။ သူတို့ကို ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒေသခံတွေကတော့ - ဒီ ရှင်းလက်ဝရွာသား စစ်ရှောင်တွေဟာ ဇန်နဝါရီ (၂၆) ရက်နေ့က ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာအထက် ခုံရွာ နဲ့ကောက်ကြီးဝရွာဘက်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်မတော် AAတို့ တိုက်ပွဲဖြစ်ပွားခဲ့အပြီး တပ်မတော်ကနေ ရှင်းလက်ဝဒေသက ရခိုင်လူငယ် တွေကို ဖမ်းဆီးစစ်ဆေးမှုတွေ တင်းကြပ်လာတာကြောင့် နေရပ်ကနေ ကျောက်တော်ဘက်ကို တိမ်းရှောင်လာခဲ့ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာတော့ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတဲ့ ၂၆ ဦးထဲက ၁၃ ဦးကို မတရားအသင်းနဲ့ ဆက်နွယ်မှု ပုဒ်မ ၁၇ (၁) (၂) တို့နဲ့ တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ တရားစွဲခံရတဲ့ ရွာသားတွေဘက်က လိုက်ပါအကျိုးဆောင်ပေးနေတဲ့ ရှေ့နေ ဦးထွန်းလှ က ခုလိုပြောပါတယ်။

“၂၆ဦး အဲလူတွေကိုဒီလ ၄ ရက်နေ့ဖမ်းထားခဲ့တာ။ နောက်စစ်တွေကိုခေါ်တယ်။ ရဲတပ်ဖွဲ့နဲ့ စအဖကစစ်မေးတယ်။ မနေ့က အဲ့ဒီထဲက ၁၃ ဦးကို တရားစွဲတယ်။ ကျန်တဲ့ ၁၃ ဦးကို ခံဝန်နဲ့လွှတ်တာ။ တရားစွဲခံရသူတွေက ရှင်းလက်ဝမှာ ကျောက်တော်မြို့က ရွာငယ်တွေဆီက သွားအလုပ်လုပ်ကြတာပေါ့။ ဈေးဆိုင်တွေ ကုန်သည်သွားလုပ်တဲ့သူတွေပါ။”

ဖမ်းဆီးခံထားရသူတွေထဲကနေ ၁၃ယောက်ကိုသာ AA နဲ့ဆက်သွယ်တယ်ဆိုတဲ့ အထောက်အထားတွေကို ရဲက စစ်မေး ချိန်မှာ တွေ့ရလို့ အခုလို အက်ဥပဒေနဲ့ တရားစွဲခံရတာဖြစ်တယ်လို့ ကနဦးသိရှိထားရတယ်လို့ ရှေ့နေကတော့ဆိုပါတယ်။ ဒီအမူကို က လာမယ့် ရုံးချိန်းမှသာစတင်စစ်ဆေးရမှာမို့ စွဲချက်တင်ထားတဲ့ ဥပဒေကို အခုတရားစွဲခံရသူတွေက ရဲကစစ် ဆေးတွေ့ရှိချက်ထဲကလို ချိုးဖောက် ခဲ့တာရှိမရှိ၊မှန်မမှန်ကို တရားခွင်မှာစစ်မေးပြီးမှသာ ဖြစ်ပြီး အဲဒီအချိန်မှသာ ခုခံချေပနိုင်မယ် လို့ဆိုပါတယ်။ တရားစွဲခံရသူတွေနဲ့ ပြန်လွတ်လာသူတွေနဲ့ပတ်သတ်လို့ ရှေ့နေ ဦးထွန်းလှက အခုလိုပြောဆိုသွားပါတယ်။

“မဖမ်းခင်ထဲက ဒီလူတွေမှာ ဆက်သွယ်တဲ့အချက်အလက် ဥပမာ ဆိုပါတော့ လက်နက်တို့ တခြားပို့ဆောင်တာတို့ ဘာမှမမိခဲ့ဘူး။ ဒါပေမယ့် သူတို့ကိုသံသယနဲ့ ဖမ်းစစ်ဆေး လိုက်တယ်။ စစ်တော့ရဲက စစ်တယ်။ စအဖက စစ်တယ်။ စစ်တဲ့ချိန်မှာ သူတို့ထွက်ချက်အရ ဒီ၁၃ယောက်က ဒီကိစ္စနဲ့ ငြိနေတယ် ပေါ့။ တခြား ၁၃ယောက်က ဒီကိစ္စနဲ့မငြိဘူးအဲလိုဆိုပြီးတော့ အခုလောလောဆယ် ၁၃ယောက်ကို ဒါနဲ့စွဲတယ်။ ထွက်ချက်မှာ မငြိသူတွေကျတော့ ခံဝန်နဲ့လွှတ်ပေးတယ်။ နောက်စစ်ရင်လဲစစ်မှာပေါ့ဗျာ”

ရခိုင်ဒေသက စစ်ဘေးသင့် ပြည်သူတွေကို လိုက်ပါ ကူညီနေသူတဦးဖြစ်တဲ့ စစ်တွေမြို့ခံ ဦးဇော်ဝင်းကတော့ အခုဖြစ်ရပ်ကလည်း မတရား ချုပ်နှောင်ခံရတာလို့ ပြောပါတယ်။

“ လက်ရှိအာဏာရအစိုးရသော်လည်း ကောင်း၊ အစိုးရတပ်မတော် သော်လည်းကောင်း ရခိုင်ပြည်သူလူထုကို လက်နက်စွဲကိုင် တော်လှန်ရေးလမ်းစဉ် မကိုင်မဖြစ် ကိုင်အောင်၊ တွန်းလှန်ပုန်ကန်ချင်အောင် လုပ် နေတယ်လို့ ကျနော်တို့က သုံးသပ်ရတယ်။”

မတရားအသင်းဥပဒေနဲ့ စွဲခံရသူတွေထဲမှာ စစ်ရှောင်တွေကို လက်ခံခဲ့တဲ့ အိမ် ရှင် အမျိုးသမီးပါဝင်ပြီး ဒီလူတွေကို လာမယ့် မတ် ၄ရက်နေ့မှာ ထပ်မံရုံးထုတ် စစ်ဆေးမှာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်အတွင်း မြန်မာ တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့အကြား တိုက်ခိုက်မှုတွေ ဆက်တိုက် ဆိုသလို ရှိနေဆဲပါ။ ဒီကနေ့ မနက်ပိုင်းကပဲ မြောက်ဦးမြို့ အနီးတဝိုက်နားမှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နေ့လည်ပိုင်းလောက်မှာတော့ အခြေအနေ ပြန်ပြီး ငြိမ်သက်သွားတယ်လို့ စစ်ဘေးသင့်ဒေသခံတွေကို ကူညီပေးနေ တဲ့ စစ်တွေမြို့ခံ ဦးဇော်ဝင်းက ဗွီအိုအေကိုခုလိုပြောပြပါတယ်။

ခုလိုတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်တွင်း စစ်ရှောင်ဒုက္ခသည်ဦးရေ များလာနေပြီး ဒီလိုဒုက္ခသည်တွေ အတွက် စားဝတ်နေထိုင်ရေး အခက်အခဲတွေ ရှိနေတဲ့အကြောင်း ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။ လက်ရှိ ဒုက္ခသည်အရေအတွက် အတိအကျ စာရင်းသိရဖို့ ခက်ခဲပေမယ့် ခန့်မှန်းခြေအရကတော့ စစ်ရှောင်ဒုက္ခသည် ၁၀,၀၀၀ နီးပါးရှိနိုင်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG