သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်လုံခြုံရေး တပ်မတော် လွှတ်တော်မှာဆွေးနွေး


ရခိုင်ပြည်နယ်ထဲက မြို့နယ် ၃ ခု ဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် မြို့နယ်တွေမှာ အကြမ်းဖက် လုပ်ဆောင်နေတဲ့ သူတွေနဲ့ အဖွဲ့တွေကို ဖော်ထုတ်ပြီး အကြမ်းဖက် ဥပဒေနဲ့ အရေးယူပေးဖို့ အမျိုးသား လွှတ်တော်မှာ လွှတ်တော်အမတ်တွေက မနေ့က တောင်းဆို လိုက်ကြပါတယ်။ ဒီဒေသ လုံခြုံရေးအတွပ် တပ်မတော်က မကြာသေးခင်ကဘဲ အင်အား တိုးမြှင့် ချပေးထားပေမယ့် ရခိုင်ဒေသကို ထိထိရောက်ရောက် အကာအကွယ် ပေးနိုင်မယ့် အစီအစဉ်တွေ ချမှတ်ဖို့ အတွက် တောင်းဆိုကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းက မေခက တင်ပြမှာပါ။

ရခိုင်လွှတ်တော်အမတ်က ရခိုင်ပြည်နယ် အတွင်းရှိ နေရပ်စွန့်ခွာ ပြေးနေရတဲ့ တိုင်းရင်းသားတွေ နေရပ်ပြန်လာပြီး ရပ်တည်နိုင်ရေးနဲ့ အခြေတကျ ရပ်တည်နိုင်ရေး အတွက် ဂရုတစိုက် လုပ်ဆောင်ပေးဖို့ အမျိုးသား လွှတ်တော်မှာ အဆိုတင်ခဲ့တာပါ။ ဒီအဆိုနဲ့ ပတ်သတ်ပြီး ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် မြို့နယ်တွေမှာ အကြမ်းဖက် လုပ်ဆောင်နေတဲ့ သူတွေနဲ့ အဖွဲ့တွေကို အမြန်ဆုံး ဖော်ထုတ်ပြီး အကြမ်းဖက် ဥပဒေနဲ့ အရေးယူပေးဖို့ အခုလို တောင်းဆိုလိုက်ကြတာ ဖြစ်ပါတယ်။

နိုင်ငံ့တာဝန် ထမ်းဆောင်နေသူတွေကို သတ်ဖြတ်ခဲ့တဲ့ အောက်တိုဘာ ဖြစ်စဉ်ဟာ နိုင်ငံတော် လုံခြုံရေးကို ထိပါးစေတာမို့ အကြမ်းဖက် ဖြစ်စဉ်အဖြစ် သတ်မှတ်ပြီး အဲဒီဖြစ်စဉ်နဲ့ ဆက်စပ် ပတ်သတ်နေသူတွေကို အကြမ်းဖက် ဥပဒေနဲ့ အရေးယူပေးဖို့ လွှတ်တော်ကို တင်ပြခဲ့သူ ကတော့ ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှုးကြီး စိုးရွှေ ပါ။

“ သို့ဖြစ်ပါ၍ မောင်းတောဒေသမှာ ယခု တိုက်ခိုက်နေတဲ့ အဖွဲ့သည် ဘင်္ဂလီ အကြမ်းဖက်သမားများ၊ ဘင်္ဂလီ အကြမ်းဖက်အဖွဲ့ဖြစ်တဲ့အတွက်၊ အမျိုးသားလွှတ်တော်ကြီးက ဘင်္ဂလီ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ပေးပါရန် လေးစားစွာ တင်ပြအပ်ပါတယ်။ အစိုးရနဲ့ လွှတ်တော်မှ အကြမ်းဖက်ဟု သတ်မှတ်ပေးခြင်းဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ လူ့အခွင့်အရေး ဘန်းပြပြီး ထောက်ပံ့ကူညီနေသည့် မီဒီယာများ၊ ဝါဒဖြန့် စည်းရုံးခြင်းများ ရပ်တန့် သွားမှာ ဖြစ်ပြီး အကြမ်းဖက် ဥပဒေအရ ကူညီနိုင်မှာ ဖြစ်ပါတယ်။ ထောက်ပံ့ ကူညီမှုများအား အချို့ UN များနှင့် INGO များ ပါဝင်နေခြင်း၊ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်စပ်နေခြင်းတို့ကြောင့်၊ အကြမ်းဖက် အဖွဲ့အဆင့် သတ်မှတ်လိုက်ပါက နိုင်ငံတကာမှ အကြမ်းဖက် တိုက်ခိုက်ရေးအဖြစ် ကူညီလာနိုင်မှာ ဖြစ်ပါတယ်။ ”

ရခိုင်ပြည်နယ် အမှတ် ၅ မဲဆန္ဒနယ်က ရခိုင်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က တပ်မတော်ဘက်က လုံခြုံရေးအင်အား တိုးယူထားတာ တင်မဟုတ်ဘဲ ထိရောက်တဲ့ အစီအစဉ်တွေနဲ့ ရခိုင်ဒေသကို အကာကွယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

“ မောင်းတောမြို့နယ်တွင် ကျေးရွာပေါင်း ၂၈၀ ရှိပါတယ်။ အစိုးရ စာသင်ကျောင်းက ၁၈၄ ကျောင်းပဲရှိပါတယ်။ အာရဘီ စာသင်ကျောင်းက ၁၆၂၀ ရှိနေပါတယ်။ ဒီ အာရဗီ စာသင်ကျောင်းတွေကို အသက် ၃ နှစ်ကနေ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် အထိ ကျနော်တို့ ရှိနေပါတယ်။ ဒီအာရဗီ စာသင်ကျောင်းတွေမှာ နိုင်ငံတော်အလံ မရှိပါ။ နိုင်ငံတော်သီချင်းကို မဆိုပါ။ နိုင်ငံတော် အလံကို အလေးမပြုပါ။ ဒီ အာရဗီ စာသင်ကျောင်းတွေမှာ ဘာတွေကို သင်ကြားနေတယ်။ ဘာတွေကို ပို့ချနေတယ် ဆိုတာကို အစိုးရအနေနဲ့ သိရှိရန် လိုအပ်နေပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေတောင် တိုင်းရင်းသား ဘာသာစကားနဲ့ သင်ကြားရေးအတွက် အခုအထိ အပြည့်အ၀ မရရှိသေးပါ။ ကျနော်တို့ ရခိုင်ပြည်နယ်တွင် ဒီလောက်များပြားလှတဲ့ အာရဗီ စာသင်ကျောင်းတွေကို ဘယ်လို ဆောက်ခဲ့တယ်၊ ဘယ်သူတွေ ထောက်ပံ့နေတယ်၊ ဘယ်ကနေရပြီး ရပ်တည်နေတယ် ဆိုတာတွေကို အစိုးရအနေနဲ့ အထူးအရေးတယူ ဆောင်ရွက်သင့်တဲ့ အရာတခု အနေနဲ့ ထောက်ပြ ဆွေးနွေးလိုက်ရပါတယ်။ ”

ဒီအဆိုနဲ့ ပတ်သတ်လို့ လာမယ့် သောကြာနေ့မှသာ ဆက်လက် ဆွေးနွေးဖို့ရှိပါတယ်။ တပ်မတော်ဘက်က ပြီးခဲ့တဲ့ သတင်းပတ်က စပြီး ဒီမြို့နယ်တွေရှိရာ မေယုတောင်တန်း တလေ ျှာက် တပ်အင်အားကို တိုးမြှင့်ချထားခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်မယ့် အနေအထားကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကလည်း နှစ်နိုင်ငံ နယ်ခြားဒေသမှာ လုံခြုံရေးတွေ တိုးမြင့်ထားတယ်လို့ ဘင်္ဂလားဒေရှ့်က လာတဲ့ သတင်းတွေက ဖော်ပြကြပါတယ်။ ဘင်္ဂလားဒေရှ် နိုင်ငံမှာ နေထိုင်တဲ့ အစ္စလာမ် ဘာသာဝင် ဦးတင်စိုးကလည်း ဘင်္ဂလားဒေရှ့်ဘက်မှာ နယ်ခြားစောင့် တပ်အင်အား တိုးချထားတာ တွေ့တယ်လို့ ပြောပါတယ်။

“ကျနော်တို့ တွေ့သလောက်ဆိုရင် အဲဒီ နယ်စပ်တလျှောက်မှာ ကြည့်လိုက်ရင် border guard က နည်းနည်းပါးပါး တိုးထား တာတွေကတော့ ရှိတယ်။ အား အဲဒါပဲရှိတယ်။ ဒီနယ်စပ်တလျှောက် refugee camp တွေ ဘာတွေရှိတဲ့ နေရာမှာတော့ အေးအေးဆေးဆေးပါ။”

ရခိုင်ပြည်နယ်တွင်း အခြေအနေဟာ အခုအချိန်ထိ တည်ငြိမ်မှု မရှိသေးသလို အကြမ်းဖက်မှုတွေလည်း ဆက်ပြီး ရှိနေပါတယ်။ အကြမ်းဖက် သတ်ဖြတ်ခံရမှုတွေ မကြာခဏ တွေ့နေရပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကနေ ဒီနှစ် ဇူလိုင်လအတွင်း သေဆုံးခဲ့တဲ့ အပြစ်မဲ့ ပြည်သူပေါင်း အယောက် ၄၀ နီးပါး ရှိနေသလို ပျောက်ဆုံးသူကလည်း အယောက် ၃၀ ကျော် ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG