စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေမှာ ဒီရက်ပိုင်း နှစ်ဘက်အပြန် အလှန် လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေကြတာကြောင့် မြို့ခံတွေ စိုးရိမ် ထိတ်လန့်နေကြ ပါတယ်။ စစ်တွေမြို့ပတ်ပတ်လည်မှာ စစ်ကောင်စီတပ်တွေဟာ လုံခြုံရေးတင်း ကြပ်ပြီး ခံစစ်အခိုင် အမာပြင်ထားပါတယ်။ ကျောက်ဖြူနဲ့ မာန်အောင်ဘက်တွေမှာလည်း ခံစစ်တိုးအတွက် ပြင်ဆင်နေပုံ ရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ဒီလ ၁၅ ရက်နေ့က စပြီး ဒီနေ့အထိ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်နေကြတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ စစ်တွေ မြို့နယ်ထဲက ကျေးရွာတချို့ကို စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီ ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေပြီး AA ဘက်က လည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်နေတယ်လို့ စစ်တွေ မြို့ခံတဦးက ပြောပါတယ်။
“ဒီနေ့ ၁၇ ဆိုတော့ ၁၅ ရက်နေ့ လောက်ကစပြီးတော့ တောက်လျှောက်ပစ်ခတ်မှုတွေ ရှိတယ်၊ ပစ်တယ်ဆိုတာကလည်း အရင်တုန်းကလို လက်နက်ကြီး တချက်နှစ်ချက်ပစ်တာမျိုးမဟုတ်ဘူး။ အတွဲလိုက်ပစ်တဲ့လက်နက်ပစ္စည်းတွေ ရောက်နေတာလားမသိဘူး၊ တခါပစ်ရင် ၆ ချက်၊ ၈ ချက်၊ ၁၀ ချက်၊ အဲလိုမျိုး တရစပ်ပစ်သံတွေ ကြားရတယ်။ ပြီးတော့ စစ်တွေကပစ်လိုက်တဲ့အသံကြားရသလို စစ်တွေမြို့ကို ပြန်လာတဲ့ မြို့ပြင်တို့၊ ရေထဲတွေကို... မြို့ထဲတော့မပါဘူး။ အဲလိုမျိုးပြန်ကျတဲ့ အသံတွေလည်းကြားရတယ် ဒီရက်ပိုင်းမှာ။”
နှစ်ဘက်ပစ်ခတ်သံတွေဟာ အရင်ကကြားနေကြ ပစ်ခတ်သံတွေလိုမဟုတ်ဘဲ လက်နက်ကြီးတချက် ပစ်လိုက်တိုင်း မြို့တွင်းမှာရှိတဲ့ နေအိမ်တချို့တောင် တုန်ခါ သွားတာကြောင့် မြို့တွင်းမှာရှိနေသေးတဲ့ ဒေသခံတွေကြား စိုးရိမ်ထိတ်လန့်နေကြတယ်လို့လည်း သူကဆက်ပြောပါတယ်။
“ဆိုတော့ မြို့ပေါ်နေတဲ့ သူတွေကတော့ စိုးရိမ်မှုတွေ များလာတာပေါ့။ပြည်သူတွေကတော့ အသံ လောက်ပဲ ကြားရတယ်။ မြေပြင်မှာ အဝေးမှာကျတဲ့နေရာမှာ ဘာဖြစ်နေလဲ သွားကြည့်လို့လဲ မရဆိုတော့ အသံကလည်း အရင်တုန်းကကြားနေရသလိုမဟုတ်တော့၊ အသံကျယ်ကျယ်ကြီးတွေ ကြားနေရတော့ အကုန်လုံးကတော့ စိုးရိမ်ထိတ်လန့်နေကြတယ်။”
စစ်တွေမြို့အနီးအနားကျေးရွာတွေကဒေသခံတွေကို စစ်ကောင်စီတပ်က စစ်တွေမြို့တွင်းကို ပြောင်းရွှေ့ထားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ မြို့တွင်းကို လက်နက်ကြီးတွေကျမယ်ဆိုရင် အရပ်သားတွေထိခိုက်နိုင်သလို အင်အားတိုးချဲ့ပြီး ခံစစ်ပြင်ဆင်နေတာတွေလည်း တွေ့နေရတယ်လို့ စစ်တွေ မြို့ခံတဦး ကပြောပါတယ်။
“သူတို့ကတော့ အခုလက်ရှိလုပ်နေတာက ဘန်ကာတွေဆောက်တာတို့၊ လမ်းလုပ်တာတို့ အဲလိုမျိုးတွေ ရှိတယ်။ စစ်တွေမြို့ဆို တပ်ထိန်းဂိတ်ရှိမယ်၊ ဒီဘက်မှာဆိုလို့ရှိရင် ဆတ်ရိုးကျတံတားပေါ့။ အဲမှာ သူတို့စစ်တပ်ဂိတ်တွေ ချထားတယ်။ သူတို့ကတော့ စစ်တွေမြို့ကို သူတို့ကတော့ကာဗာပေါ့နော်။ လုံခြုံ ရေး အထပ်ထပ်ချပြီးတော့ ခံစစ်အင်အား တောင့်တင်းအောင်လုပ်တယ်လို့တော့ မြင်ပါတယ်။”
ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ် ၁၇ မြို့နယ်ထဲက ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့နယ်တွေက မြို့ပေါ်နဲ့ မြို့အနီးအနားကျေးရွာတချို့လောက်သာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တာလည်း ဖြစ်ပါတယ်။ တရုတ်စီမံကိန်းတွေအများဆုံးရှိနေတဲ့ ကျောက်ဖြူမှာတော့ လက်ရှိအချိန်ထိ ပစ်ခတ်သံတွေ၊ တိုက်ပွဲသံတွေ မကြားရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီဘက်ကတော့ မြို့နဲ့ ၇ မိုင်လောက်ဝေးတဲ့ ကျောက်ဖြူ-ရန်ကုန်ကားလမ်းပေါ်က နမ်းဖဲတောင်ကျေးရွာအထိ တပ်တွေ ဖြန့်ကျက်ထားပြီး လုံခြုံရေးစောင့်ကြပ်ထားသလို နှစ်ဘက် အခြေအနေတင်းမာနေကြောင်း ဒေသခံတွေကပြောပါတယ်။
တဆက်တည်းမှာပဲ အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ ရမ်းဗြဲမြို့အနီးမှာရှိတဲ့ မာန်အောင်မြို့နယ် အနီးမှာလည်း စစ်ကောင်စီဘက်က ရေတပ်သင်္ဘောတွေ တိုးချထားတယ်လို့ ဒေသခံတွေကပြော ဆိုကြပါတယ်။ အာရက္ခတပ်တော် AA ကတော့ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေကို စစ်ရေးနည်း လမ်းနဲ့ထက် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အဆင်သင့်ရှိတဲ့အကြောင်း ဒီဇင်ဘာလကုန်က သဘောထား ကြေညာချက် ထုတ်ပြန်ထားပါတယ်။
Forum