သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေမှာ စစ်ကောင်စီနဲ့ AA အဖွဲ့ တိုက်ပွဲပြင်းထန်


ရခိုင်ပြည်နယ် စစ်တွေမြို့တနေရာရှိ စစ်ရှောင်စခန်း ယခင်မှတ်တမ်းဓာတ်ပုံ။ (ဓါတ်ပုံ -- UK health programme)
ရခိုင်ပြည်နယ် စစ်တွေမြို့တနေရာရှိ စစ်ရှောင်စခန်း ယခင်မှတ်တမ်းဓာတ်ပုံ။ (ဓါတ်ပုံ -- UK health programme)

အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရခိုင်ပြည်နယ်မြို့တော်စစ်တွေမှာ လက်နက်ကြီး တွေနဲ့ အပြန်အလှန်ပစ်ခတ်တာတွေ ဒီရက်ပိုင်းအတွင်းပိုများလာပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ တုံ့ပြန် ပစ်ခတ်နေကြောင်း ဒေသခံတွေကပြောပါတယ်။ ဒါ့ပြင် စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား အမ်း၊ မကွေးအစပ်နဲ့ တောင်ကုတ်ရိုးမပေါ်တွေမှာ တိုက်ပွဲတွေ ဆက်ရှိ နေပြီး စစ်ကောင်စီစခန်းတချို့ကို AA အဖွဲ့က ဆက်လက်သိမ်းပိုက်နေတယ်လို့ ရခိုင်စစ်ရေး စောင့်ကြည့်နေသူတွေက ပြောပါတယ်။ ရခိုင်ပြည်နယ် စစ်ရေးနောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီးတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက တခုတည်းသိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ မြို့တော်စစ်တွေကို အာရက္ခ တပ်တော် AA ဘက်က ပြီးခဲ့တဲ့လ ဒုတိယအပတ်လောက်က စပြီး လက်နက်ကြီးတွေ စနိုက်ပါတွေ ဒရုန်းတွေနဲ့ စတင်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီနဲ့ နှစ်ဘက်ပြန်အလှန်ပစ်ခတ် တိုက်ခိုက်နေပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ နှစ်ဘက်တိုက်ပွဲတွေပိုပြင်းထန်လာတယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူ တဦးက ပြောပါတယ်။

“စစ်တွေဘက်မှာတော့ လက်နက်ကြီးတွေနဲ့ အဓိက ပစ်နေတာ အနီးကပ် နှစ်ဘက်ပစ်ခတ်မှုရှိတယ်၊ AA ဘက်ကလည်း သူတို့ သတ်မှတ်ထားတဲ့နေရာတွေကို ဟောင်ဝစ်ဇာတွေ၊ အတွဲလိုက်ဒုံးတွေနဲ့ သူတို့ လည်း ပစ်နေတာတွေရှိတယ်။ စစ်ကောင်စီဘက်ကတော့ အထိနာတယ်။ သူတို့ ဒဏ်ရာရတဲ့သူတွေကို ရေချမ်းပြင်မှာရှိတဲ့ စစ်ဆေးရုံကိုတင်ဆောင်တာတွေ မျက်မြင်ထင်ရှားမြင်ရတာတွေလည်းရှိတယ်။ အများကြီး။”

အာရက္ခတပ်တော် AA အနေနဲ့ စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ အမြင့်ကျွန်း၊ ကျားမသောက်၊ ရွှေမင်းဂံစတဲ့ နေရာတွေမှာရှိတဲ့ စစ်ကောင်စီရေတပ်အပါအဝင် စစ်ကောင်စီတပ်စခန်း တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အကြောင်း သူက ဆက်ပြောပါတယ်။

“အဲဒီနေရာတွေက ဘာလဲဆိုတော့ ရေချမ်းပြင် ဒီဘက်မှာဆို ပါဒလိပ်၊ မစဲကျွန်းနဲ့ တဘက်တကမ်း။ နောက်တခုက အမြင့်ကျွန်းပြီးရင် ရွှေမင်းဂံစတဲ့မြို့နဲ့ မနီးမဝေး လေးငါးမိုင်အကွာမှာရှိတဲ့ နေရာတွေမှာတော့ ထိုးစစ်တွေရှိတယ်။ သူတို့ဘက်က ဘာဖြစ်လာလဲဆိုတော့ မနေ့က ညနေပိုင်းနဲ့ ဒီကနေ့မနက်ပိုင်းမှာတော့ သူတို့ ဂျက်ဖိုက်တာတွေနဲ့လေကြောင်း အဆက်မပြတ်သုံးတယ်။ ပြီးတော့ စစ်ကောင်စီရဲ့နေဗီပတ်ပတ်လည်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာရှိတယ်။ ပေါက်တောရယ်၊ မြောက်ဦးမြို့နယ် နယ်စပ်အစွန်ဖျားတွေ ပြီးတော့ ပုဏ္ဏားကျွန်း၊ ရသေ့တောင် အဲဒီဘက်တွေ အများကြီးခံနေရတယ်။”

တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီဘက်က စစ်တွေမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေက ကျေးရွာတချို့ကို မနေ့က ညနေပိုင်းက လေကြောင်းဗုံးကြဲခဲ့ တာကြောင့် နေအိမ်တချို့မီးလောင်ပျက်စီးသွားတဲ့အကြောင်း ဒေသခံတွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ရခိုင်-မကွေးနယ်စပ်တွေနဲ့ တောင်ကုတ် ရိုးမပေါ်တွေမှာ နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ရှိနေပြီး ဒီရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီတပ်စခန်း တချို့ကို AA ဘက်က သိမ်းပိုက်နေတဲ့အကြောင်း ရခိုင်စစ်ရေးစောင့်ကြည့်နေသူ တဦးကပြောပါတယ်။

“မကွေးဘက်ကဆိုရင်တော့ အထက်တုံးကြီး၊ မထုံ၊ အောက်တုံးကြီး- အဲဒီဘက်တွေမှာတော့ AA ဘက်က စခန်းတချို့ သိမ်းထားတာတွေရှိတယ်။ သူတို့ဘက်ကတော့ နတ်ရေကန်ဘက်က လက်နက် ကြီးတွေပစ်ပြီးတော့- မကွေးအမြောက်ကြီးတပ် ကပစတို့ကတက်လာတဲ့ ဟတ်စကီးတွေနဲ့ ဗုံးကြဲ နေတာတွေတော့ ရှိတယ်။ တောင်ကုတ်ဘက်မှာတော့ ဒီရက်ပိုင်းအတွင်းမှာ ပုဂံကွဲ စခန်းငယ်တခုကို AA က ဦးဆောင်ပြီးတော့ သိမ်းထားတာရှိတယ်။နောက် ဆက်လက်ပြီးတော့ ရှမ်းကုန်းတို့၊ ညောင်ကျိုးတို့ အဲဒီစခန်းတွေကို ပစ်ခတ်နေတာတော့ရှိတယ်။”

တိုက်ပွဲတွေနဲ့ ပတ်သက်လို့ AA ဘက်ကရော စစ်ကောင်စီဘက်ကပါ တရားဝင် သတင်းထုတ်ပြန် တာတော့ မရှိသေးပါဘူး။

လက်ရှိမှာတော့ ရခိုင်-မကွေးအစပ် ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့နတ်ရေ ကန်ဗျူဟာစခန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ အကုန်ပိုင်း လောက်ကစပြီး တကြော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တာပါ။ လက်ရှိမှာတော့ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို AA ဘက်က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ အဲဒီဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတချို့ စတင်လုပ်ဆောင်နေပြီလို့ AA ဘက်က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG