သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်တွင်း မြောက်ဦးပစ်ခတ်မှု ရွာသားတဦးသေဆုံး


ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်းစေတီပုထိုးများ
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်းစေတီပုထိုးများ

စစ်ရေး ပဋိပက္ခ ပြင်းထန်ဆဲ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ပစ်ခတ်မှုတွေကြောင့် သင်္ကြန်အကျနေ့ မနက်ဘက်မှာ ဘောင်းဒွတ်ကျေးရွာသား တဦးသေဆုံးပြီး တဦးဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီပစ်ခတ်မှုဟာ နယ်မြေခံမြန်မာ့တပ်က ပစ်ခတ်တယ်လို့ ရွာသားတွေ ပြောနေပေမဲ့ တပ်မတော်ဘက်ကတော့ သူတို့ပစ်ခတ်တာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။ ဒီပစ်ခတ်သေဆုံးမှုအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အမှုဖွင့်ထားတယ်လို့ တပ်မတော် တာဝန်ရှိသူတွေက ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းက ဘောင်းဒွတ်ကျေးရွာမှာ သင်္ကြန်အကျနေ့ မနက်ပိုင်းက မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ရွာသားတဦး သေဆုံးခဲ့ရပြီး နောက်တဦးကတော့ ဒဏ်ရာရရှိခဲ့တယ်လို့ အကူညီပေးရေးအဖွဲ့ဝင် ကိုအောင်ထွန်းက ပြောပါတယ်။

“ဘောင်းဒွတ်ရွာဆိုတာက တပ်ရင်း (၃၇၇) နဲ့ (၃၇၈) တပ်ရင်း ၂ ခုကြားမှာ ရှိပါတယ်။ မြောက်ဦးမြို့ရဲ့ တောင်ဖက်ခြမ်းမှာ ရှိတာပါ။ ည (၉) နာရီလောက်မှာ ၄၊ ၅၊ ၆ ချက်လောက် ဖေါက်တယ်။ ပြီးရင်သူတို့က ကားတွေနဲ့ဘာလဲ လမ်းတလျှောက်ကို ထွက်လာကြတယ်နော်။ အနီးနားမှာရှိတဲ့ ရွာတလျှောက်လုံးကို လမ်းတလျှောက်လုံးကို ဖေါက်ပြီးသွားနေကြတာ။ အဲဒီ (၁၄) ရက်နေ့က ပစ်တာက ည (၂) နာရီလောက်ကတည်းက ဖြစ်တယ်။ ကျနော်ထင်တာက လူကို တိုက်၊ ရိုက်ပစ်တယ်။ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ သူတို့က ဖေါက်နေကျအတိုင်းပစ်ရင်းနဲ့ မတော်တဆထိသွား တဲ့ပုံစံမျိုးပါ။ သေသွားတဲ့ လူနဲ့ဒဏ်ရာရတဲ့ လူကကျတော့ (၁) နာရီလောက်မှာထိတာ ကျည်က။ သေသွားတဲ့သူက တခါပဲ အော်နိုင်ခဲ့တယ် သူက။ အော်ပြီးတာနဲ့ သေရော။ နောက်တယောက်ကျတော့ သူကတညလုံး အော်နေတာ။ သွေးအိုင်ထဲမှာပေါ့။ အော်လည်း ဘယ်သူမှ လာမကြည့်ကြဘူး။ ဘာလို့လဲဆိုရင် သေနတ်သံတွေက တရွာလုံး ညံနေတာပေါ့။ မနက်မိုးလင်းမှပဲ သွေးလှူရှင်များအသင်း ကားနဲ့သွားနေပြီးမှ ဆေးရဲူ ရောက်ပါတယ်။ အဲဒီမှာ သူသတိ မေ့တာပေါ့နော်။”

ဒီပစ်ခတ်မှုအတွင်း ဘောင်းဒွတ်ကျေးရွာသား ဦးမောင်ကျော်စိန် သေဆုံးခဲ့ပြီး လက္ကာကျေးရွာက စစ်ပြေးရှောင်နေသူ ဦးကျော်သိန်း ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါတယ်။

ဒီလိုပစ်ခတ်မှု ဖြစ်ပွါးအပြီး ဘောင်းဒွတ်ကျေးရွာသား (၅၀၀) ကျော်ဟာလည်း ဒိုင်းကျီရပ်ကွက်ထဲ စစ်ဘေး တိမ်းရှောင်လာနေရတယ်လို့ ကိုအောင်ထွန်းက ပြောပါတယ်။

ဘောင်းဒွတ်ရွာအတွင်း ပစ်ခတ်မှုဟာ တပ်မတော်က ပစ်ခတ်တယ်လို့ ဒေသခံရွာသားတွေက ပြောဆိုနေပေမဲ့ တပ်မတော် သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ မဟုတ်မှန်ကြောင်း အခုလို ပြောဆိုပါတယ်။

“ညဘက်မှာ အဲဒီဘက်မှာရှိတဲ့ တပ်ရဲ့ အနောက်ဘက်ပေါ့။ အဲဒီမှာ လူကပ်သံကြားလို့ ကျနော်တို့ ပစ်လိုက်တယ်။ အချက် (၂၀) လောက် ပစ်တယ်။ ပစ်ပြီးနောက်ပိုင်းမှာ ကျနော်တို့ပစ်တဲ့ ပစ်လမ်းကြောင်းနဲ့ ပစ်လမ်းကြောင်းက တခြား။ ဘောင်ဒွတ်ကျေးရွာက တခြားပါဗျ။ နောက်တခုအဲဒီ ဘောင်းဒွတ်ကျေးရွာထဲမှာ ကျနော်တို့ပစ်ပြီးတော့မှ သေနတ်သံ (၆) ချက်ကြားတယ်။ ကြားပြီးတဲ့နောက်ပိုင်းမှာ ရွာလူကြီးက ကျနော်တို့ဆီကို အုပ်ချုပ်ရေးမှူးက တပ်ကို ဖုန်းဆက်တယ်လို့ ပြောတယ်။ တယောက်ဒဏ်ရာရတယ်၊ တယောက်သေတယ်၊ ဖုန်းဆက်တယ်ပြောတယ်။ ဖုန်းဆက်တယ်... ပြောပြီးနောက်ပိုင်းမှာ ကျနော်တို့တပ်ကနေ သွားရောက်စစ်ဆေးတယ်။ စစ်ဆေးတဲ့အခါ ရွာလူကြီးလည်း မတွေ့တော့ဘူး။ ရွာအုပ်ချုပ်ရေးမှူးလည်း မတွေ့တော့ဘူး။”

ဘောင်းဒွတ်ကျေးရွာအတွင်း ပစ်ခတ်သေဆုံးမှုအတွက် တပ်မတော်ကနေ ကျေးရွာအုပ်ချုပ်ရေးမှူးကို အမှုဖွင့်ထားတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်ပြောပါတယ်။

“ကျနော်တို့ အမှုဖွင့်ထားတယ်ဆိုတာက အဲဒီရွာလူကြီးနဲ့ မတွေ့တဲ့ကြောင့်မို့လို့ ဒီရွာလူကြီးနဲ့ ပက်သက်ပြီးလည်း အုပ်ချုပ်ရေးမှူးနဲ့ ပက်သက်ပြီးလည်း ကျနော်တို့ အမှုဖွင့်ထားတယ်ပေါ့။”

ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာနေဆဲ အခြေအနေကြောင့် စစ်တွေ မြောက်ဦး၊ ကျောက်တော်စတဲ့ မြို့နယ်တော်တော်များများမှာ သင်္ကြန်ရေကစားကြတဲ့ မဏ္ဍပ်ပျော်ပွဲတွေ မရှိတော့ဘဲ ဘုရားရေသပ္ပာယ်ပွဲကိုသာ ကျင်းပခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေ ရက်ဆက်ဆိုသလို ဖြစ်ပွါးနေပြီး တိုက်ပွဲတွေအတွင်း အရပ်သားတွေအပေါ် ထိခိုက်မှုတွေ များပြားနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၁၀)ရက်နေ့က မြောက်ဦးမြို့က ရဲတပ်ရင်း တိုက်ခိုက်ခံရအပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုအတွင်း လက္ကာရွာသား (၂၇)ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့ပါတယ်။ ဒီအဖမ်းဆီးခံ ရွာသားတွေတွေရဲ့ နောက်ဆုံးအခြေအနေကို မကြားသိရသေးဘူးလို့ လက်ကာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းမြင့်က ပြော ပါတယ်။

“သတင်းမကြားဘူး ခင်ဗျာ။ သူတို့ဘယ်မှာရှိတယ်၊ ဘယ်မှာချတယ်ဆို သတင်းမကြားရဘူး။ လိုင်းထဲမှာကြားတယ်။ ဒါပေမဲ့ တိတိကျကျတော့ မတွေ့ရသေးဘူး ခင်ဗျာ။”

တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဖမ်းဆီးထားတဲ့သူတွေ ကို စစ်ဆေးနေဆဲလို့ ပြောပါတယ်။

“သူတို့ကိုတော့ ကျနော်တို့ စစ်ဆေးတုန်းပဲ ရှိသေးတယ်။ တချို့ဆက်စပ် သတင်းတွေလည်း ကျနော်တို့ပြန်ပြီး ဖေါ်ထုတ်ရပါမယ်။ သူတို့ဆီက သတင်းအပြည့်စုံကို ကျနော်တို့ မထုတ်ပြန်နိုင်သေးဘူး။

လက်ရှိလက်ကာရွာသား (၁၀၀၀) ကျော်ဟာ အနီးနားဝန်းကျင်ဖြစ်တဲ့ တင်းထိန်ကန် ဝက်လှအစရှိတဲ့ ရွာတွေမှာ စစ်ဘေး တိမ်းရှောင်နေရပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA တို့ဖြစ်ပွါးတဲ့ တိုက်ပွဲစဉ်တွေအတွင်း အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေများလာနေလို့ ဒေသခံတွေ စိုးရိမ်စိတ်တွေ တိုးပွါးနေပါတယ်။

ဒီလိုစစ်ရေး တင်းမာနေမှုကြောင့် တိုက်ပွဲဖြစ်ပွါးရာ ဒေသက ရွာသား (၃၀၀၀၀) ခန့် စစ်ဘေးတိမ်းရှောင်နေရသလို အကူညီ ပေးဆောင်ရေးမှာလည်း ကန့်သတ် တားမြစ်ခံနေရတဲ့အတွက် နေထိုင်စားသောက်ရေးမှာ အခက်တွေ့နေတယ်လို့ စစ်ရှောင် အကူညီပေး အဖွဲ့တွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG