သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း ကျောက်တန်းကျေးရွာသား သုံးရာကျော် စစ်ဆေးမေးမြန်းခံရ


ရခိုင် ဒုက္ခသည်များ (photo-Rakhine Ethnics Congress)
ရခိုင် ဒုက္ခသည်များ (photo-Rakhine Ethnics Congress)

စစ်ရေးပဋိပက္ခတွေ ရှိနေတဲ့ ရခိုင်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ကျေက်တန်းကျေးရွာက ရွာသား ၃၀၀ လောက်ကို မြန်မာစစ်တပ်က စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာစစ်တပ်ကနေရွာကို ပိတ်ဆို့ပြီး ရွာသားတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်နေတာကြောင့် အခြေအနေအပေါ်မှာ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း စိုးရိမ်နေပါတယ်။ ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိမ်က စုံစမ်းမေးမြန်းသတင်းပေး ပို့ထားပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသား (၂၇၀)ခန့်ကို မြန်မာစစ်တပ် တပ်မ (၂၂) တပ်ဖွဲ့ကနေ ခေါ်ယူပြီး AA ရခိုင်လက်နက်ကိုင် အဖွဲ့နဲ့ ပက်သက်မှုရှိမရှိ စစ်ဆေးနေတယ်လို့ ကျောက်တန်းကျေးရွာသား တဦးကအခုလိုပြော ပါတယ်။

“ကျနော်တို့ ရွာက (၂၇၀) ရွာသားတွေကိုလေ။ တယောက်မှ ပြန်မလွှတ်သေးဘူး။ ထမင်းလည်း မကျွေးဘူး။ အဲဒီအတွင်းမှာ။ ရွာသားတွေကို စာသင်ကျောင်း အခန်းထဲ လှောင်ထားပါတယ်။ သူတို့ကတော့ အခေါက်ခေါက်အခါခါ စစ်ဆေးနေတယ်။ AA တွေ ရောက်လား။ AA ဆက်ကြေးကောက်လား။ နောက်ပြီး ခင်ဗျားတို့ AA ထောက်ခံနေလား။ ခင်ဗျားတို့ ဗမာ့တပ်မတော်ကို မထောက်ခံဘူးလား။ အဲဒီလို အတင်းအဓမ္မ မေးနေတယ်။ အကုန်လုံးစစ်တပ်ကပဲ။ ယူနီဖေါင်းသူတို့မှာ ၂ စုံပါတယ်။ စစ်တပ်ယူနီဖေါင်းဆွဲပြီး ရဲယူနီဖေါင်းနဲ့စစ်တယ်။”

မနေ့ညနေပိုင်းကနေ ဒီကနေ့အထိ စာသင်ကျောင်းဝင်းထဲမှာ စစ်ဆေးနေဆဲဖြစ်ပြီး အသက်(၁၂)အောက် ကလေးတွေနဲ့ (၅၀) အထက်လူကြီးတွေကိုတော့ ပြန်လွှတ်ပေးတယ်လို့ အဆိုပါရွာသားက ပြောပါတယ်။

ကျောက်တန်းကျေးရွာအတွင်း ရွာသားတွေကို သွားရောက်တွေ့ဆုံတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းနဲ့ အဖွဲ့ကိုလည်း ရွာထဲ ဝင်ခွင့်မပြုဘူးလို့ အဖွဲ့နဲ့အတူပါလာတဲ့ ရသေ့တောင် ကယ်ဆယ်ရေးအဖွဲ့ဝင် ကိုဘက္ကာက ပြောပါတယ်။

“ကျတော်တို့နဲ့ လွှတ်တော်ကိုယ်စားလှယ် တယောက်ပါတယ်။ နောက်ပြီးတော့ မြို့ခံတွေပါတယ်ပေါ့။ ကျတော်တို့ ပရဟိတသမားတွေ။ ကျောက်တန်းကျေးရွာ အဝင်ဝကို တံတားနားကို ရောက်တဲ့အချိန်မှာ စစ်တပ်ကပေါ့။ ကျတော်တို့ အရှေ့ကတားပြီးတော့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြောကြတယ်။ သူတို့ကရွာထဲမှာ စစ်ဆေးနေတယ်တဲ့။ အဲတာကြောင့် ရွာအထွက်အဝင်ကို ပိတ်ထားတယ်ပေါ့။ ကျနော်တို့ ပေးဝင်လို့ မရဘူးပေါ့။ အဲဒီလိုမျိုးပြောတယ် သူတို့ကလေ။ ကျနော်တို့နဲ့ ပါလာတဲ့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါသေးတယ်။ အကုန်လုံး မဟုတ်သည့်တိုင်အောင် သူတယောက်ထဲ အခြေအနေဝင်ပြီးတော့ ကြည့်ချင်တယ်ပေါ့။ သူတို့က အထက်အမိန့်နဲ့တဲ့ ဘယ်လိုမှ ပေးဝင်လို့မရဘူးတဲ့ အဲဒီလိုမျိုးပြောတယ်။”

ခေါ်ယူစစ်ဆေးခံနေရတဲ့ ရွာသားတွေကို AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်နေတယ်ဆိုပြီး ခေါင်းစဉ်တပ်အရေးယူခံရမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသားတွေကို ဖမ်းဆီးစစ်ဆေးနေမှုနဲ့ ပက်သက်လို့ တပ်မတော်သတင်းထုတ် ပြန်ရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်း ဆက်သွယ်မေးမြန်းရာမှာတော့

“အဲတာတော့ ကျနော် မသိသေးဘူးဗျ။ စီစစ်မှုပြုလုပ်နေတာဆိုတာကလည်း ကျနော်တို့အောက်က တပ်တွေကတော့ သိနိုင်လိမ့်မယ်။”

အလားတူ ဘူးသီးတောင်မြို့နယ် စေတီတောင် စစ်ရှောင်စခန်းအတွင်းကိုလည်း မြန်မာစစ်တပ်က ဝင်ရောက်စစ်ဆေး နေပြီး လက်ကိုင်ဖုန်းတွေ သိမ်းဆည်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီလိုရွာသားတွေကို စစ်ဆေးနေမှုနဲ့စပ်လျှင်းပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အခုလိုပြော ပါတယ်။

“ကျမတို့အနေနဲ့ တခုပြောချင်တာကတော့ တကယ်လို့ ဒီလိုစစ်ဆေးချက်တွေကို တိတိကျကျ ဖေါ်ပြနိုင်တယ်ဆိုရင်တော့ ဥပဒေရှိပါတယ်။ ဥပဒေအတိုင်း လုပ်စေချင်ပါတယ်။ အခုတော့ဘာမှမဆိုင်တဲ့ လူတွေကို အကုန်လုံးကို ခေါ်ပြီးတော့ပေါ့နော်။ သူတို့အနေနဲ့ ညစာထမင်းတောင် မစားရဘူး ဆိုတာကိုလည်း သိရပါတယ်။ ဒါတော့မဖြစ်သင့်ဘူးလို့ ကျမအနေနဲ့ ပြည်သူ့လွှတ်တော်တဦးအနေနဲ့ ကိုယ့်ပြည်သူတွေအတွက်တော့ ကျမပြောချင်ပါတယ်။ တရားဥပဒေဘောင်အတွင်းကပဲ ဥပဒေအတိုင်းလုပ်ကြပါလို့ပဲ ကျမအကြံပေးတိုက်တွန်းလိုပါတယ်။”

ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ညက မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်ကို AA ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့အပြီး မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရင်း လက်ကာရွာသား (၂၇) ဦးကိုဖမ်းဆီးခဲ့ပါတယ်။ အဲဒီမှာတော့ စစ်ဆေးနေစဉ်အတွင်းမှာပဲ အဖမ်းခံရသူ (၃)ဦး သေဆုံးသွားခဲ့ပါတယ်။ တပ်မတော်ဘက်ကတော့ ရောဂါအခံနဲ့ ကိုယ့် ကိုယ်ကိုသေကြောင်း ကြံစည်တယ်လို့ သတင်းထုတ်ပြန်ထားသလို မိသားစုဝင်တွေကတော့ ဒါကိုငြင်းဆိုထားပါတယ်။

ဒီရက်ပိုင်းမှာ NRPC မြန်မာငြိမ်းချမ်းရေးကော်မရှင်နဲ့ ရခိုင့်တပ်တော် AA ခေါင်းဆောင်တို့ ရှမ်းပြည်နယ် မူဆယ်မြို့အတွင်း တွေ့ဆုံဆွေးနွေးခဲ့ရာမှာ အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တဖွဲ့ချင်းစီနဲ့ ဆွေးနွေးသွားဖို့ သဘောတူခဲ့ကြပြီး တိုက်ပွဲလျော့ချရေး သဘောတူတာမျိုး မရှိသေးပါဘူး။

တဖက်မှာလည်း တိုင်းစစ်ဌာနချုပ်နယ်မြေ (၅) ခုမှာ အပစ်အခတ် ရပ်စဲရေးကာလ (၂)လ ထပ်မံတိုးမြင့်ခဲ့ပေမဲ့ ရခိုင်ပြည်နယ် အနောက်ပိုင်း စစ်ဌာနချုပ်နယ်မြေကို ထပ်မံချန်လှပ်ထားခဲ့တာကြောင့် ရခိုင်ဒေသမှာ စစ်ရေးပဋိပက္ခထပ်မံ ကျယ်ပြန့်လာမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။

လက်ရှိစစ်ရေးတင်းမာနေမှုကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ရှောင်ဦးရေ (၃၄၀၀၀) ကျော်ရှိနေပြီး စားသောက်နေထိုင်ရေး မှာအခက်ခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG