သုံးရလွယ်ကူစေသည့် Link များ

မြို့ပြအင်္ဂါညီစေရေး ရန်ကုန်တိုင်းအစိုးရ ဆောင်ရွက်ဖို့ကတိပေး


(Credit: Phyo Min Thein's Facebook)

ရန်ကုန်မြို့ရဲ့ မြို့ပြစနစ်ဟာ နှစ်ပေါင်းများစွာကြာအောင် ယိုယွင်းပျက်စီးခဲ့တာမို့၊ ပြန်လည်ပြင်ဆင်ဖို့ရာ အချိန်ယူရမှာဖြစ်ပြီး အခက်အခဲတွေလည်း အများကြီးရှိတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ရန်ကုန်မြို့မှာ လျှပ်စစ်မီး မကြာခဏပျက်တာ၊ လမ်းတွေပေါ် ရေလျှံတာတွေနဲ့ ပတ်သတ်တဲ့ စိန်ခေါ်မှုတွေကို ရန်ကုန်တိုင်းအစိုးရက အကောင်းဆုံး ဖြေရှင်းနေသလို ပြည်သူတွေ ၀ိုင်းဝန်းပါဝင်ကြဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်းပါတယ်။ ဗွီအိုအေသတင်းထောက် ကိုစည်သူက သတင်းပေးပို့ထားပါတယ်။

ရာသီဥတုကိုလိုက်ပြီး ပူတဲ့အခါ မီးပျက်တာ၊ မိုးရွာတဲ့အခါ ရေလျှံတာတွေ အမြဲဖြစ်လေ့ရှိတဲ့ ရန်ကုန်မြို့ကို မြို့ပြအင်္ဂါရပ်နဲ့ညီဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကြိုးစားနေပါတယ်။ ဒါပေမဲ့လည်း ရန်ကုန်မြို့ရဲ့ မြို့ပြစနစ်ဟာ နှစ်ပေါင်းများစွာ တဖြည်းဖြည်းချင်း ပျက်စီးယိုယွင်းခဲ့တာကြောင့် ပြုပြင်မွမ်းမံရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ပြောပါတယ်။ ပြီးခဲ့တဲ့လပိုင်း မိုးမကျခင်အချိန်တွေမှာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်ခဲ့တာဟာ လျှပ်စစ်ဓာတ်အားထုတ်ပေးနိုင်မှုနဲ့ သုံးစွဲအား မမျှတတာအပြင် လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေရဲ့အားနည်းချက်၊ မြေအောက်ဓာတ်အားလိုင်းတွေရဲ့ ချို့ယွင်းမှုတွေကြောင့် ဖြစ်ခဲ့ရတယ်လို့ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းက ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပါတယ်။ ယိုယွင်းနေတဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ်ကို ပြုပြင်နိုင်ဖို့ ဒေသအစိုးရအနေနဲ့ အမြန်ဆုံး ကြိုးစားနေတယ်လို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ကတိပြုပါတယ်။

“ရန်ကုန်မြို့မှာရှိနေတဲ့ လျှပ်စစ်မီး ကြိုးလိုင်းတွေနဲ့ အခြေအနေတွေအားလုံးက အားလုံးပြင်ပြီး အခြေအနေဖြစ်ပါတယ်။ အားလုံး တွေ့ရပါလိမ့်မယ်။ အချိန်မရွေး ပြတ်ကျနိုင်ပါတယ်။ ဒီအခြေအနေကို ပြုပြင်နိုင်ဖို့အတွက် ဘီလီယံပေါင်းများစွာ ငွေကြေးလိုအပ်ပါတယ်။ ဒီအတွက် ကျနော်တို့ ရုန်းကန်ရမှာဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ ဒီအခြေအနေတွေအားလုံးဟာ ကျနော်တို့ ရထားတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဒီကနေစပြီး ကျနော်တို့ ရုန်းထွက်ရမှာဖြစ်ပါတယ်။ ရုန်းထွက်နိုင်ဖို့အတွက် ကျနော်တို့ ကြိုးပမ်းနေပါတယ်။”

ဒါ့အပြင် မိုးရွာလာတာနဲ့အမျှ လမ်းတွေပေါ် ရေကြီးရေလျှံတာတွေ မကြာခဏဖြစ်တာတွေဟာလည်း မြို့ပြစနစ်ရဲ့ ရေစီးမြောင်းတွေအတွင်း အမှိုက်သရိုက်တွေ ပိတ်ဆို့နေတာကြောင့် ရန်ကုန်မြို့နေ ပြည်သူတွေ စည်းကမ်းရှိကြဖို့ ၀ိုင်းဝန်းပါဝင်ကြဖို့ကိုလည်း ၀န်ကြီးချုပ်က တိုက်တွန်းပါတယ်။ ဒါ့အပြင် ရေနုတ်မြောင်းတည်ဆောက်မှုတွေနဲ့ မြို့ပြရေလွှဲစနစ်တွေကိုလည်း ပြုပြင်ရမယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြောင်းတူးတဲ့အုတ်တံတိုင်းပြိုကျပါတယ်။ အုတ်တံတိုင်းပြိုကျမှုအပေါ်မှာ မထင်မှတ်လောက်အောင် ဆောက်လုပ်ထားတယ်။ တော်တော်ထူးခြားပါတယ်။ သံတချောင်းမှ မပါဘူး။ ဒီအတွက် ဒီမြောင်းကို စနစ်တကျ ပြန်တည်ဆောက်ဖို့ ကျနော်တို့ လုပ်ပါမယ်။ ဒါ ကျနော် ပွင့်ပွင့်လင်းလင်း ပြောတာပါ။ ဒီမြောင်းတွေ အကုန်လုံးကို ပြန်တူးနိုင်ဖို့အတွက် အခု လမ်းမဘေးမှာ မြောင်းလေးတခုကို အမှိုက်ဆည်ဖို့ဆိုပြီး တားမြစ်ချက် ခဏတဖြုတ်တင်လိုက်၊ ပြီးရင် ထွက်သွားလိုက်၊ ကျနော်တို့ ပိုက်ဆံ ဘီလီယံနဲ့ချီပြီး ကုန်ဆုံးမှာ။ အခု ကျနော်တို့ ဒီပိုက်ဆံတွေကို ထိရောက်အောင် သုံးနိုင်ဖို့အတွက် မျက်မြင် ကျနော်တို့ တူးမယ်။ တူးဖို့ ကုန်ကျစရိတ်ကို ကျနော်တို့ ပေးမယ်။ ပြီးရင် စစ်ဆေးမယ်။ ဒီအခြေအနေမျိုး ကျနော်တို့လုပ်မယ်။”

ရန်ကုန်မြို့နေ ပြည်သူတဦးဖြစ်တဲ့ အငှားယာဉ်မောင်း ဦးမင်းအောင်ကတော့ မြို့ပြစနစ် ပြန်လည် တည်ဆောက်ရေးဟာ အချိန်ယူရလိမ့်ဦးမယ်လို့ သူ့အမြင်ကို ပြောပြပါတယ်။

“အပြောင်းအလဲက ချက်ခြင်းမလိုချင်ပါဘူး။ ဘာလို့လဲဆိုတော့ နှစ်ပေါင်း ၅၄ နှစ်လောက် ပျက်စီးသွားတဲ့ဟာ ဘယ်တော့မှ ဖေ့စ်ဘွခ်ထဲမှာ ကာတွန်းတွေ့တယ်။ အခုလင်ယူ အခု သားမွေးလို့ မရဘူးဆိုတဲ့ ရီစရာလေးပေါ့နော်။ အဲ့လိုပုံစံပဲ။ အဲတော့ ဒီ ၅ နှစ်နဲ့တောင်မှ ပြီးမယ်၊ မပြီးဘူးဆိုတာ ရက် ၁၀၀ တော့ မပြောနဲ့တော့ ၅ နှစ်နဲ့တော့ သိပ်ပြီးတော့ မလွယ်ကူဘူးလို့ မြင်ပါတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း လျှပ်စစ်မီး မကြာခဏ ပျက်ခဲ့တဲ့အပေါ် ကြိုတင်အကြောင်းမကြားတာ၊ တာဝန်ရှိသူက အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မပြောခဲ့တာတွေအပေါ် ရန်ကုန်မြို့ခံတွေက မကျေနပ်ခဲ့ကြပါဘူး။ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ နောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်တာ ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်တာတွေအတွက် ပြည်သူတွေကို အချိန်မီ ကြိုတင် အကြောင်းကြားသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

“သတင်းမီဒီယာတွေကို အခုမှသိတယ်။ နောင် ဖြစ်တာနဲ့ ချက်ခြင်း အသိပေးနိုင်အောင် ကျနော်တို့ လုပ်ပါမယ်။ ဘာကြောင့်လဲဆိုတော့ သိမှဖြစ်မှာပါ။ သိမှ ပြည်သူလူထုက အခု မီး ဘယ်နေရာတွေ ပျက်မယ်ဆိုတဲ့ အခြေအနေတွေကို ကျနော်တို့ အမြန်ဆုံး သိနိုင်အောင် ပြောပါမယ်။ ဘာကြောင့်လဲဆိုတော့ သိမှ ဒီအချိန်မှာ ထမင်းမချက်သင့်ဘူး။ ဒီအချိန်မှာ ရေမတင်သင့်ဘူး။ ဒီအချိန်မှာ ဘာမလုပ်သင့်ဘူးဆိုတာ သူ စီမံနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ ပေးထားချက်တွေနဲ့ ကျနော်တို့ လုပ်နိုင်တဲ့ အခွင့်အလမ်းတွေကို သိထားဖို့ လိုပါတယ်။”

ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းအနေနဲ့ နိုင်ငံတကာနဲ့ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီယူပြီး ရန်ကုန်မြို့မှာ ထပ်မံ လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားတွေ တိုးချဲ့ဖြန့်ဖြူးပေးနိုင်ဖို့ ကြိုးစားနေတာတယ်လို့ လျှပ်စစ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် လာမယ့် နွေရာသီမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ပြတ်တောက်မှု လျော့နည်းအောင် ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းတို့က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကတိပြု ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG