အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို Bay ဧရိယာမှာရှိတဲ့ Rangoon Ruby မြန်မာစားသောက်ဆိုင် ဝန်ထမ်း တွေကို သူတို့ရသင့်တဲ့လစာ မပေးခဲ့တဲ့အတွက် လျော်ကြေးငွေ ဒေါ်လာ ၄ သန်း ပေးလျော်ရတဲ့ဖြစ်ရပ်ဟာ ဥပဒေစိုးမိုးမှုရှိတဲ့ အမေရိကန်နိုင်ငံ မှာ မြန်မာလုပ်ငန်းရှင်တွေအတွက် သင်ခန်းစာယူစရာတခု ဖြစ်လာစေတယ်လို့ လုပ်ငန်းရှင်တချို့နဲ့ မြန်မာမီဒီယာတချို့က သုံးသပ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ဆန်ဖရန်စစ္စကို ဘေးဧရိယာအခြေစိုက် Rangoon Ruby မြန်မာစားသောက်ဆိုင်ဟာ ဆိုင်ခွဲပေါင်း ၆ ဆိုင်ရှိပြီး အဲဒီမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်း ၃၀၀ ဝန်းကျင် ရသင့်တဲ့ လစာကို မရရှိခဲ့တာကြောင့် ကာလီဖိုးနီးယား အလုပ်သမားကော်မရှင်နာ ဥပဒေရေးရာဗျုရိုကို တိုင်ကြား ခဲ့ပြီးနောက်မှာ လျော်ကြေး အမေရိကန်ဒေါ်လာ ၄ သန်းပေးဆောင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဆုံးဖြတ်ခဲ့ကြောင်း အလုပ်သမားတွေရဲ့ အကျိုးဆောင်ရှေ့နေအဖွဲ့ ALC က ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ တရားဥပဒေစိုးမိုးမှုရှိတဲ့ အမေရိကန်နိုင်ငံမှာ မြန်မာလုပ်ငန်းရှင်တွေအတွက် သင်ခန်းစာယူစရာတခု ဖြစ်လာစေတယ်လို့ ကယ်လီဖိုးနီးယားမှာ ထုတ်ဝေနေတဲ့ မြန်မာဂဇက် သတင်းစာရဲ့အယ်ဒီတာ ဒေါ်ညိုခက်ကျော်က သုံးသပ်ပါတယ်။
" Rangoon Ruby စားသောက်ဆိုင်ကို ကျမ သွားစားခဲ့ဖူးပါတယ်။ အစားအသောက်တွေကလည်း ကောင်းပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်ကလည်း လှတယ်။ သူ့ Service လည်း ကျမ ကြိုက်တယ်။ ဒီလို အဖြစ်အပျက်မျိုး ဖြစ်ပျက်သွားတာကို အဲဒီအတွက် စိတ်မကောင်းပါဘူး။ ကျမတို့ ဒီ အမေရိကမှာလေ အလုပ်သမား အလုပ်ရှင်နဲ့ ဆက်ဆံရတဲ့ လုပ်ငန်းကို ထူထောင်မယ် ဆိုရင် ဒီ အလုပ်ရှင်တွေ ဘက်ကနေ အလုပ်သမားဘက်ကို လစာပေးဖို့ လစ်ဟာချက်တွေ၊ အလုပ်သမား ခံစားခွင့်ပေးဖို့ လစ်ဟာချက်တွေ၊ ဒီအချက်တွေကို သတိပြုမိဖို့။ ဘာကြောင့်လည်း ဆိုလို့ ရှိရင် ဥပဒေခိုင်မာတဲ့ အမေရိက နိုင်ငံမှာ ဆိုလို့ရှိရင် တရားဥပဒေနဲ့ အညီ ပြန်ပြီးတော့ တရားစွဲနိုင်တယ်။ အဲဒီအတွက်ကို ကိုယ်က ပြန်ပြီး ပေးဆပ်ရတယ်ဆိုတာကို သတိမူနိုင်ဖို့ အတွက် သင်ခန်းစာ ယူနိုင်ဖို့ အတွက် အဖြစ်အပျက် တခုလို့ ကျမ မြင်ပါတယ်ရှင်။ "
Rangoon Rubyဆိုင်မှာ သွားစားဖူးတဲ့ ဆန်ဖရန်စစ္စကိုမြို့နေ ဦးသန်းဌေးကတော့ ဆိုင်ရှင်တွေ ဆက်ဆံရေးဖေါ်ရွေပေမယ့် တရားဝင် အလုပ်သမားတွေပေါ်မှာရော တရားမဝင် အလုပ်လုပ်နေသူတွေအပေါ်မှာပါ ပေးထားတဲ့ ကယ်လီဖိုးနီးယားရဲ့ အလုပ်သမားကာကွယ်ပေးရေး ဥပဒေကြောင့် အခုလို ပြဿနာပေါ်လာတာလို့ မှတ်ချက်ပေးပါတယ်။
" ဆန်ဖရန်စစ္စကို City Hall နားက ဆိုင်မှာ စားဖူးတယ်။ Stanford က ဆိုင်လည်း ၂ ခေါက်ရောက်ဖူးတယ်။ အကုန်လုံးက ဖော်ဖော်ရွေရွေ ပါဘဲ။ အဲတော့ နောက်ပိုင်းက အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ ဒီမှာ တော်တော်များများကတော့ ဆိုင်တွေ ဆိုင်တွေမှာ ဥပမာ မက္ကဆီကန် အလုပ်သမားတွေ၊ အသက်ကြီးကြီး အဖွားကြီးတွေ၊ ဒီမှာ ဗမာပြန်တွေပေါ့နော် အဲဒါ လုပ်ကြတာတော့ ကျနော် တွေ့တာပေါ့နော်။ ဥပဒေ အရ ရှိပေမယ့် သူတို့ နားလည်မှုနဲ့ ခိုင်းတဲ့ဟာတွေကတော့ အများကြီးပါ။ တချို့တွေလည်း တရားဝင် အလုပ်လုပ်ခွင့် ကဒ်တွေ ဘာတွေ မရှိဘူး။ ဒါပေမယ့် အဲဒီလို ဆိုင်တွေမှာ လုပ်ကြတာပေါ့နော်။ အဲတော့ အခုကတော့ ဥပဒေကတော့ Legal ရော Illegal ရော အကာအကွယ် ပေးထားတယ်ဆိုတော့ တခုချိုးဖောက်တာ သေချာသွားပြီဆိုရင် အရေးယူကြရမှာပေါ့။ "
Rangoon Ruby မြန်မာစားသောက်ဆိုင်ပိုင်ရှင်နဲ့ အလုပ်သမားတွေကြား လုပ်ခလစာနဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ်ဖြစ်ရပ်ဟာ အခြားမြန်မာ လုပ်ငန်းရှင်တွေကိုပါ ရိုက်ခိုက်မှု ဖြစ်လာစေလိမ့်မယ်လို့ ဆန်ဖရန်စစ္စကိုအခြေစိုက် မြန်မာပဲပြုတ် လုပ်ငန်းရှင် ဦးမောင်မောင်သိန်းက မြင်ပါတယ်။
" ဒေါ်လာ ၄ သန်း လျော်ကြေး ပေးရမယ်ဆိုတော့ လန့်သွားတာပေါ့ဗျာ။ တော်တော် စိတ်မကောင်းတာက ကိုယ့်မြန်မာ အသိုင်းအဝိုင်းက ပိုင်ရှင်ဖြစ်တယ်။ နောက် နစ်နာတဲ့ သူတွေကလည်း ကိုယ့်မြန်မာ အသိုင်းအဝိုင်းက အလုပ်သမားတွေ ဖြစ်တယ်ဆိုတော့ တော်တော်လေး စိတ်မကောင်းဘူး။ ဒါက ကျနော်တို့ အတွက် သင်ခန်းစာ ယူရမယ့် အလုပ်ဘဲ။ စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်နေတဲ့ စားသောက်ဆိုင် လုပ်ငန်းရှင်တွေ၊ နောက်တခါ ဆူရှီ လုပ်ငန်းရှင်တွေ၊ လုပ်ငန်းရှင်တွေ ဘက်ကလည်း သတိထားရမလို ဒီဘက်ရောက်လာပြီး အလုပ်လုပ်နေတဲ့ မြန်မာ လုပ်သားတွေ အတွက်လည်း သတိထားမယ့် ဥစ္စာတွေ တွေ့လာ ရတယ်ဗျ။ အဲဒီတော့ အလုပ်ချိန်က ပိုခိုင်းတာလို့ဘဲ ပြောရမှာ ပေါ့ဗျ။ အမေရိကန် နိုင်ငံမှာ သတ်မှတ်ထားတဲ့ အလုပ်ချိန်ကတော့ ၈ နာရီ သတ်မှတ်ထားတာပေါ့။ အဲဒါကိုလည်း အထူး သတိထားရမယ်။ ဆူရှီ လုပ်ငန်းဆိုလည်း တရက် တရက်ကို ၁၀ နာရီ ပုံမှန် အနည်းဆုံး လုပ်နေရတာလေ။ အဲတော့ ၂ နာရီ ဖိုးကို ဘယ်ဆူရှီ လုပ်ငန်းမှ အချိန်ပို လုပ်အားခ မပေးပါဘူး။ "
ကာလီဖိုနီးယားပြည်နယ်ဥပဒေအရ လုပ်ခကို တလချင်းရှင်းပေးရတဲ့အပြင် အချိန်ပို အလုပ်ချိန်အတွက် အခကြေးငွေထပ်ပြီး ပေးရမယ်လို့ သတ်မှတ်ထားပါတယ်။ Rangoon Ruby စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေဟာ နာမကျန်းဖြစ်လို့ ဆရာဝန်နဲ့ ပြဖို့လိုအပ် ရင်တောင် ပိုင်ရှင်က ခွင့်ရက်မပေးဘူးလို့ အကျိုးဆောင်ရှေ့နေအဖွဲ့က ပြောပါတယ်။ ပြည်နယ်ဥပဒေအရ အလုပ်သမားတွေဟာ အလုပ်ချိန် နာရီ ၃၀ လုပ်ပြီးတိုင်း တနာရီ နေထိုင်မကောင်းတဲ့ခွင့်အဖြစ် ခွင့်ပြုရမယ် ဆိုထားတာကြောင့် Rangoon Ruby ပိုင်ရှင်တွေဟာ ဥပဒေကို ချိုးဖောက်တာ ထင်ရှားတယ်လို့ ရှေ့နေတွေက ဆိုပါတယ်။