သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရှမ်းလက်နက်ကိုင်အဖွဲ့တွေ ပြည်သူကိုငဲ့ညှာဖို့ ပြည်ပရှမ်းတွေ တောင်းဆို


ရှမ်းဒုက္ခသည်များ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်စဲနိုင်ဖို့ ရှမ်းလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ၂ဦး တွေ့ဆုံဆွေးနွေးရေးဟာ အရေးကြီးကြောင်း ပြည်ပရောက် ရှမ်းတိုင်းရင်းသားအရေး လှုပ်ရှားသူတွေက တိုက်တွန်းလိုက် ပါတယ်။ ရှမ်းအမျိုးသားအချင်းချင်း ဖြစ်နေတဲ့ တိုက်ပွဲကြောင့် အပြစ်မဲ့ ဒေသခံပြည်သူတွေကိုသာ ပိုပြီး ထိခိုက်နစ်နာစေတယ်လို့ ထောက်ပြ ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

ရှမ်းပြည်နယ်က အဓိက ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တွေဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA တို့ရဲ့ခေါင်းဆောင် ၂ ဦးတွေ့ဆုံကြဖို့ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က နိုဝင်ဘာ ၂၆ ရက် တနင်္လာနေ့က စာရေးသားတိုက်တွန်းခဲ့တာပါ။

နိုဝင်ဘာလဆန်းပိုင်းကစလို့ ရှမ်းပြည်မြောက်ပိုင်း သီပေါ နမ္မတူဒေသတွေမှာ ရှမ်းမြောက်ပိုင်းတပ် SSPP/SSA (ရှမ်းပြည်တိုးတက်ရေးပါတီ)နဲ့ TNLA တအောင်းပလောင်တပ်တွေက တဖက်၊ ရှမ်းတောင်ပိုင်းတပ် RCSS/SSA (ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ)က တဖက် တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အပြစ်မဲ့ ဒေသခံတွေ သေဆုံးရသလို၊ စစ်ဘေးရှောင်တွေအဖြစ် ထွက်ပြေးနေရပါတယ်။ ဒီရက်ပိုင်းအတွင်း သီပေါ မြို့နယ်နားမှာ စစ်ဘေးရှောင်(၃၀၀)လောက် အိမ်မပြန်နိုင်သေးပဲ ဆက်ရှိနေပြီး ရှမ်းတိုက်ပွဲတွေအတွင်း ကလေးငယ်တဦးအပါအဝင် ရွာသား အနည်းဆုံး (၃)ဦးသေဆုံးခဲ့ရတာကြောင့် ဒါတွေကို အဆုံးသတ်နိုင်ဖို့ ကိုယ့်အချင်းချင်း ပြေလည်အောင် ညှိနှိုင်းနိုင်ဖို့က အရေးကြီးတယ်လို့ SNLD ပါတီက တိုက်တွန်းထားတာပါ။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားအခြေစိုက် ရှမ်းစာပေနဲ့ယဉ်ကျေးမှုအသင်းဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်ကတော့ တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲဖို့ဆိုရင် နှစ်ဘက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ RCSS လည်း ရှမ်းတပ်မတော်ပဲ SSPP လည်း ရှမ်းတပ်မတော်ပဲ ။ ဆိုတော့ ရှမ်းတပ်မတော် ၂ ခုက အခုမြောက်ပိုင်းမှာ အဲလို ပစ်ခတ်တိုက်ခိုက်ကြတာက ရှမ်းလူမျိုး တမျိုးသားလုံးအတွက် ဘာမှ အကျိုးမရှိဘူး။ လုံခြုံရေးက ဘာမှ တိုးတက်လာမှာမဟုတ်ဘူး။ အခုဆိုရင် ရှမ်းပြည်သူလူထုက ရွာသားတွေက အကုန်လုံးထွက်ပြေးရတယ်။ တချို့လည်း အဲဒီမှာ ကျည်ထိပြီးတော့ သေဆုံးသွားတယ်။ ဆိုတော့ ရှမ်းတပ်မတော်အချင်းချင်းဒီလို ပစ်ခတ်တိုက်ခိုက်တာကတော့ ကျနော်တို့ ရှမ်းလူမျိုးတွေ အနေနဲ့ကတော့ လုံးဝ မလိုလားပါဘူး။ အခုဆိုရင် ရှမ်းအဖွဲ့ ၂ ဖွဲ့ဟာ တွေ့ဆုံပြီးတော့ တကယ်ပဲ အပစ်အခတ်လုံးဝ ရပ်စဲသွားဖို့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးဖို့ လုပ်ဖို့သင့်တယ်။"

၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ SNLD ပါတီအမတ်ဖြစ်သူ စိုင်းဝင်းဖေဟာ အရီဇိုးနားပြည်နယ်မှာ နေထိုင်သူဖြစ်ပြီး၊ တိုက်ပွဲ တွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေ သေဆုံး ထွက်ပြေးနေရတာက မဖြစ်သင့်တော့တာကြောင့် နှစ်ဘက်ခေါင်းဆောင်တွေ တွေ့ဆုံ ညှိနှိုင်းဖို့ လိုပြီလို့ တိုက်တွန်းလိုက်ပါတယ်။

"ထိခိုက်တာကတော့ အရပ်သား ၊ ရွာသူရွာသားတွေကြီးပဲ SSPP/SSA နောက်ပြီးတော့ RCSS/SSA တို့ ဘာလို့ ညှိမရကြမှာလည်း ဆိုပြီးတော့ ကျနော်လည်းကြားတယ် စိတ်လည်းမကောင်းဘူး စိတ်လည်းပျက်တယ်။ ဘာပဲ ဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ် ၊ ရှမ်း ဖြစ်ဖြစ်၊ ပလောင် ဖြစ်ဖြစ်၊ အဲဒါကတော့ မဖြစ်သင့်တဲ့ကိစ္စ လေ။ ဦးခွန်ထွန်းဦးတို့ပေးတဲ့ အကြံဌာဏ် သူတို့ ခေါင်း ၂ ဦးချင်းတွေ့ကြပါဆိုတာက တော်တော်ကောင်းတဲ့ အကြံပြုချက်ပဲ သူတို့အချင်းချင်းတွေ့နိုင်ရင် အများကြီးပြေလည်သွားစရာရှိတယ်ပေါ့နော်။ နောက်ပြီးတော့ ကိုယ့်အချင်းချင်းကြားမှာ နားလည်မှုရဖို့က ခေါင်အချင်းချင်းတွေ့လိုက်ရင် နောက်အောက်ပိုင်းတွေက သူ့ဟာသူ ပြေလည်သွားနိုင်တဲ့သဘောရှိပါတယ်။"

RCSS နဲ့ SSPP တပ်တွေဟာ ဟိုအရင်တုန်းကလည်း အချင်းချင်း တိုက်ပွဲတွေဖြစ်ခဲ့ပြီး၊ တွေ့ဆုံ ညှိနှိုင်းနိုင်ခဲ့တဲ့ သာဓကတွေရှိတာကြောင့် အခုတကြိမ် တွေ့ဆုံဆွေးနွေးနိုင်မယ်ဆိုရင် မြေပြင်က ပြဿနာတွေ ပြေလည်သွားနိုင်တယ်လို့ ဒေါက်တာ စိုင်းထွေးမောင်က သုံးသပ်ပါတယ်။

"ကျနော််တို့ အတွေ့အကြုံအရဆိုရင် အခုဖြစ်နေတဲ့ ရှမ်းတပ်မတော် ၂ ဖွဲ့ RCSS နဲ့ SSPP ဆိုရင်လည်း အရင်တုန်းကလည်း တိုက်ခိုက်ခဲ့ဖူးတယ်။ နောက်ပြီးတော့ သူတို့ဒီလိုပဲ အချင်းချင်းနားလည်မှု ယူပြီးတော့ မတိုက်ပဲနေခဲ့တာလည်း ၁၀ နှစ်ကျော်လောက်ရှိခဲ့ပါပြီ။ ဆိုတော့ ကျနော်ထင်တာက သူတို့ နားလည်မှု ကွဲလွဲလို့ ဖြစ်တာပဲလို့ထင်တယ်။ တကယ်လို့ သူတို့ ၂ ဖွဲ့က သေချာ ဆွေးနွေးညှိနှိုင်းလုပ်မယ်ဆိုရင် အပေးအယူတော့လုပ်စရာမလိုပါဘူး။ နားလည်မှု ရသွားပြီဆိုရင် ပြေလည်သွားပါလိမ့်မယ်လို့ထင်တယ်။"

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC ရဲ့ကြားဝင်စေ့စပ်ပေးမှုနဲ့ SSPP တပ်နဲ့ RCSS တပ် တာဝန်ရှိသူတွေ တောင်ကြီးမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ပြေလည်မှု တစုံတရာ မရခဲ့ပဲ စစ်ရေးတင်းမာမှုတွေသာ ဆက်ပြီးဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ရှမ်းပြည်တောင်ပိုင်းတပ် RCSS က ရှမ်းမြောက်ပိုင်းကို လာရောက်လှုပ်ရှားရာက ဒါဟာနယ်မြေချဲ့ထွင်တာဆိုပြီး မြောက်ပိုင်းမှာရှိတဲ့ SSPP နဲ့ TNLA တပ်တွေက စွပ်စွဲကာ တိုင်းရင်းသားအချင်းချင်းကြား ၂၀၁၅ လောက်စလို့ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။ RCSS တပ်ဖွဲ့ကတော့ အစိုးရရဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA မှာလက်မှတ်ရေးထိုးထားပေမယ့် SSPP နဲ့ TNLA တပ်တွေကတော့ NCA စာချုပ်မှာ လက်မှတ် မထိုးရသေးတဲ့အဖွဲ့တွေဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG