သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးအစီရင်ခံစာ နိုင်ငံတကာ တုံ့ပြန်ချက်များ


နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ Yanghee Lee က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အစီရင်ခံစာ တင်သွင်းတာကို နိုင်ငံတကာ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေက ဘယ်လိုတုံ့ပြန်သွားကြပါသလဲ။ မအေးသန္တာကျော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Yanghee Lee ရဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ ကိုယ်စားလှယ်တွေက ကြိုဆိုကြပြီးတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြု ပြောသွားခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တိုးတက်မှုတွေ တွေ့နေရတဲ့အချိန်မှာပဲ တဘက်မှာလည်း စိုးရိမ်ပူပန်မှုတွေ ရှိနေသေးတဲ့ အခြေအနေကို ထောက်ပြပြောဆိုသွားကြပါတယ်။

ဥရောပသမဂ္ဂရဲ့ ကိုယ်စားလှယ်ကတော့ အခုလိုမျိုး မစ္စ Yanghee Lee ကို မြန်မာနိုင်ငံ ဒေသအနှံ့အပြား သွားခွင့်ပြုတဲ့ မြန်မာအစိုးရကို ကျေးဇူးတင်ကြောင်း ပြောသွားပြီးတော့ သူတို့ စိုးရိမ်ပူပန်မှုတွေ ရှိတဲ့ကိစ္စရပ်တွေကို အခုလို ပြောသွားပါတယ်။

“အဲဒီထဲမှာတော့ ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုတွေရဲ့ အခြေအနေတွေလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေ တိုးတက်အောင် ဆောင်ရွက်ဖို့မှာ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရကို ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ ကုလသမဂ္ဂ ကိုယ်စားလှယ်ကို မေးချင်ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကလည်း ကျင်းပဖို့ရှိတာမို့ လာမယ့် ၁၂ လတာ ကာလအတွင်း အဓိက ဘယ်လိုနေရာမျိုးတွေမှာ နိုင်ငံတကာက ကူညီနိုင်ပါမလဲ။”

အမေရိကန်ပြည်ထောင်စုကလည်း ရခိုင်ပြည်နယ်က အခြေအနေကို အထူး စိုးရိမ်မိဆဲဖြစ်ကြောင်း ပြောသွားတာပါ။ ဒါ့အပြင် -

“မြန်မာနိုင်ငံမှာ အခုတလောအတွင်းပဲ သတင်းထောက်တွေ၊ လူမှုအခြေပြုအဖွဲ့ဝင်တွေကို ဖမ်းဆီးခံခဲ့ရတဲ့ကိစ္စကို စိုးရိမ်မိပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိဖို့ မြန်မာအစိုးရအနေနဲ့ ဘာတွေ လုပ်ဆောင်သင့်သေးလဲဆိုတာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Yanghee Lee က အကြံပြုပေးစေချင်ပါတယ်။ မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေ အများကြီး လွှတ်ပေးခဲ့တာကို အမေရိကန် ပြည်ထောင်စုက အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေရဲ့ အမှုကို ၂၀၁၄ ခုနှစ်မှာ ပြန်သုံးသပ်ပြီးတော့ တစုံတရာ မလုပ်ဆောင်ပေးတာကိုတော့ စိုးရိမ်မိပါတယ်။ ဒီနိုင်ငံရေးအကျဉ်းသားကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စ Yanghee Lee ဘယ်လို အကြံပြုပေးပါမလဲ။ နိုင်ငံတကာကရော ဘယ်လို ထောက်ပံ့ပေးနိုင်မလဲ ဆိုတာကိုပါ။”

ဒေသတွင်း အာရှနိုင်ငံတွေကတော့ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို ကြိုဆိုချီးကျူးပြီးတော့ အာဆီယံဥက္ကဌအဖြစ်နဲ့ တာဝန်ယူ ဆောင်ရွက်ပေးတာကိုလည်း အသိအမှတ်ပြု ပြောသွားခဲ့ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံကတော့ ပြုပြင်ပြောင်းလဲရေးကာလမှာ မြန်မာကို နိုင်ငံတကာက ဆက်ပြီးတော့ ထောက်ပံ့ အားပေးကူညီဖို့ လိုကြောင်း တိုက်တွန်းသွားပါတယ်။

သူတို့အင်ဒိုနီးရှားနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ သင်ခန်းစာကို နမူနာယူပြီးတော့ မြန်မာနိုင်ငံမှာ သည်းခံစိတ်နဲ့ လူ့အသိုင်းအဝိုင်းကြား သဟဇာတဖြစ်ဖြစ် နေထိုင်ကျင့်ကြံဖို့ တိုက်တွန်းသွားခဲ့ပါတယ်။ မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေဟာ အားရစရာပါပဲလို့ ပြောသွားတဲ့ စင်္ကာပူနိုင်ငံကတော့ တိုင်းပြည်တခုကို စနစ်တကျ ထူထောင်ရာမှာ အလောသုံးဆယ် လုပ်လို့မရဘူးလို့ ပြောသွားပါတယ်။

“ရခိုင်ပြည်နယ်က အခြေအနေဟာ ရှုတ်ထွေးမှုရှိပြီး သတိနဲ့ လိမ်လိမ်မာမာ ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စရပ်မျိုးပါ။ သက်ဆိုင်ရာ ရပ်ရွာအသိုင်းအဝိုင်းတွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ လုပ်ကိုင်ဆောင်ရွက်ချက်တွေမှာ မြန်မာအစိုးရက ကုလသမဂ္ဂနဲ့ရော တခြားအဖွဲ့အစည်းတွေနဲ့ပါ ဆက်လက်ပြီးတော့ လက်တွဲလုပ်ကိုင်နေပါတယ်။ နိုင်ငံတကာရဲ့ ထောက်ပံ့မှုနဲ့ဆိုရင် အခြေအနေက တိုးတက်လာပါလိမ့်မယ်။ နိုင်ငံရေး၊ စီးပွားရေးပိုင်းမှာ တိုးတက်မှုတွေ ရှိလိမ့်မယ်လို့ စင်္ကာပူက မျှော်လင့်ပါတယ်။ ဥရောပသမဂ္ဂအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် တင်သွင်းမယ့်ကိစ္စ ပြန်လည် သုံးသပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီဆုံးဖြတ်ချက်မှုမျိုးက သွေးကွဲစေပြီး အခြေအနေကိုလည်း ပိုပြီးတော့ ကောင်းအောင်လုပ်ရာ မရောက်ပါဘူး။ လူ့အခွင့်အရေးရှိစေဖို့ ကြိုးစားရာမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်မှန်တဲ့ ပြောဆိုဆွေးနွေးမှုကို အခြေခံရပါမယ်။”

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Yanghee Lee ကုလသမဂ္ဂမှာ အစီရင်ခံစာ တင်သွင်းတော့ စင်္ကာပူကိုယ်စားလှယ်က တုံ့ပြန်ပြောဆိုသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG