သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ မြန်မာ လျှောက်လဲချက် ဂမ်ဘီယာ တောင်းဆိုချက်ပေါ် မချေဖျက်နိုင်ဟု ကန်ပါမောက္ခ သုံးသပ်


ICJ နိုင်ငံတကာတရားရုံးမှာ မနေ့ ဗုဒ္ဓဟူးနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှောက်လဲှချက်တွေဟာ ICJ တရားသူကြီးတွေ လက်ခံစဉ်းစား ဆုံးဖြတ်မယ့် ရိုဟင်ဂျာတွေကို အကာအကွယ်ပေးရေး အရေးပေါ် ကြားဖြတ်စီမံဆောင်ရွက်များ ချမှတ်ပေးဖို့ ဆိုတဲ့ ဂမ်ဘီယာရဲ့ တောင်းဆိုချက်ကို ခုခံချေပနိုင်ခြင်း မရှိခဲ့ကြောင်း အမေရိကန်ပါမောက္ခတဦးက သုံးသပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘက်က တရားရုံးမှာ ခုခံလျှောက်လဲ ခဲ့တဲ့ အချက်တွေနဲ့ ပတ်သက်လို့ အမှုကို လေ့လာစောင့်ကြည့်နေတဲ့ George Washington တက္ကသိုလ်က မြန်မာ့အရေးလေ့လာသူ နိုင်ငံတကာရေးရာ ပါမောက္ခ Christina Fink ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

Christina Fink ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိက ခုခံချေပတဲ့အချက်တွေက ဖြစ်နိုင်ချေ ရှိခဲ့တဲ့ စစ်ရာဇဝတ်ကျူးလွန်မှုကို တပ်မတော်ရော အရပ်သားအစိုးရပါ စုံစမ်းစစ်ဆေးဖို့ အားထုတ်ကြိုးပမ်းခဲ့တာ အပြင် နိုင်ငံထဲမှာရှိနေတဲ့ ရိုဟင်ဂျာတွေကို အကူအညီတွေပေးနေပြီး တဖက်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ရှိနေသူတွေကို နေရပ်ပြန်နိုင်ရေး ခွင့်ပြုထားကြောင်း စတာတွေဖြစ်ပါတယ်။

ဒါကြောင့် တကယ်လို့များ လူမျိုးတုန်းသတ်ဖြတ်မှုတွေရှိခဲ့ရင် တပ်မတော်နဲ့ အရပ်သားအစိုးရ အနေနဲ့ ဒီလို လုပ်ရပ်မျိုးတွေကို ပြုလုပ်မှာ မဟုတ်ဘူးလို့ တုန့်ပြန် ချေပခဲ့တာဖြစ်ပါတယ်။ ဒါပေမယ်လို့ ကျမမြင်တာက စစ်ရာဇဝတ်ကျူးလွန်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်တွေ၊ မြန်မာနိုင်ငံထဲမှာ ကျန်ရှိနေသေးတဲ့ ရိုဟင်ဂျာတွေရဲ့ ဆိုးရွားလှတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ တပ်မတော်နဲ့ အရပ်သား အစိုးရဘက်က စီမံဆောင်ရွက်မှု အနည်းငယ် စတင်နေတာကို လက်ခံနိုင်တယ် ဆိုပေမဲ့ ရိုဟင်ဂျာ အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ ကြီးမာပြင်းထန်လှတဲ့ နှိပ်စက်ညှဉ်းပမ်းမှု အတိုင်းအတာ ပမာဏကို ဖြေရှင်းဖို့ အတွက် လုံလောက်မှုမရှိပါဘူး။

ဥပမာ- အိမ်ထဲမှာ ကလေးတွေကို ပိတ်လှောင်ပြီး မီးရှိုခဲ့တဲ့ ဖြစ်ရပ်တွေအတွက် တရားမျှတမှုဆိုတာ ဘာလဲ။ ဒါအပြင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ အသိုင်းအဝိုင်းအတွက် လူမဆန်တဲ့ဖြစ်ရပ်တွေ ရင်ဆိုင်နေရတဲ့အခြေအနေကို ဒေါ်အောင်ဆန်းစုကြည် တိတိကျကျ ရှင်းရှင်းလင်းလင်း ဖြေရှင်းပြောဆိုခြင်း မရှိခဲ့ပါဘူး။ နှစ်ပေါင်း ခုနှစ်နှစ် ကြာမြင့်ပြီး အချိန်မှာတောင် သံဆူးကြိုးတွေနဲ့ ဝိုင်းရံထားတဲ့ ပြည်တွင်းက အတင်းအဓမ္မ နေရပ်ရွှေ့ပြောင်းသူတွေနေထိုင်တဲ့ စခန်းတွေမှာ လူပေါင်းများစွာ ပိတ်လှောင်ထားပြီး အသက်မွေးဝမ်းကျောင်းခွင့် မပေးတာ၊ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောင့်မှုတွေ ဘာကြောင့် မပေးတာလဲ။

အင်ကြင်းနိုင်။ ။ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲချက်ထဲမှာ- ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ ကိုင်တွယ်မှုတွေနဲ့ ပတ်သက်လို့ သူ့ဘက်က တိုက်ရိုက် စစ်တပ်က တာဝန်ရှိသူတွေနဲ့ ပြောဆိုမှု တချို့ရှိခဲ့တာ၊ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ အရပ်သားအစိုးရက အပြစ်ပေး အရေးယူလို့မရဘဲ စစ်ဘက်ဆိုင်ရာဘက်ကပဲ တရားစီရင်ပိုင်ခွင့်ရှိတာတွေကို ပြောသွားတဲ့နေရာမှာ စစ်တပ်က လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ရင် သူ့ဘက်က အကန့်အသတ်တချို့ ရှိနေတယ်ဆိုတဲ့ သဘောမျိုး ပြောသွားတာပါ။ ဒါပေမယ့် မြန်မာစစ်တပ်ရဲ့ ပြောခွင့်ရက မနေ့က ဗွီအိုအေကို ပြောတဲ့အထဲမှာတော့- ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ရင် အစိုးရရဲ့ ညွန်ကြားမှုအောက်မှာ သူတို့ဆောင်ရွက်ခဲ့တာသာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအပေါ်မှာ ပါမောက္ခFink ရဲ့ အမြင်ဘယ်လိုရှိလဲ။

Christina Fink ။ ။ ARSA ရဲ့တိုက်ခိုင်မှုကို နှိမ်နင်းဖို့ စစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည်က ခွင့်ပြုမိန့် ပေးခဲ့တယ်ဆိုပေမဲ့ အရပ်သားတွေအပေါ် စစ်တပ်ဖက်က စစ်ရာဇဝတ်ကျူးလွန်ဖို့ထိ သူ့အနေနဲ့ ပြောခဲ့တာ မဟုတ်ပါဘူး။ ဒါကြောင့် စစ်တပ်ရဲ့ တာဝန်က- ပဋိပက္ခမှာ အဓိကပါနေတဲ့သူတွေက ဘယ်သူတွေလဲ၊ ဥပဒေနဲ့အညီ ဘယ်လိုဖြေရှင်းနိုင်မလဲ စတဲ့ ကျယ်ကျယ်ပြန့်ပြန့် အများက လက်ခံထားတဲ့ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ အဲတော့ မနေ့က မြန်မာဘက်က ခုခံ ချေပလျှောက်လဲချက်ပြီးသွားတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထိထိရောက်ရောက် ပြန်ပြီး ချေပနိုင်ခဲ့တယ်လို့ မြင်ပါလား။

Christina Fink ။ ။ မြန်မာဘက်က ကြိုးစားပြီး ခုခံချေပနေတာက သူ့တို့အခြေအနေကို နားလည်ပေးဖို့၊ အလွန်ကြီးမားလှတဲ့ ပြစ်မှုကျူးလွန်မှုတွေကို တိုက်ရိုက်ထိပ်တိုက် ကိုင်တွယ်တာထက် နိုင်ငံတွင်းမှာပဲ ကိုယ့်ဘာသာ ကိုယ်ဖြေရှင်းခွင့်ပေးဖို့ စတာတွေပဲဖြစ်ပါတယ်။ ဒါကြောင့် အခု တရားရုံးက စစ်ဆေးကြားနာတဲ့ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲချက်က တဖက်က တင်ပြလျှောက်လဲချက် နဲ့ ကွဲလွဲနေပါတယ်။ ဂမ်ဘီယာကဘက် ပြောတာက လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောနေတာက ကိုယ့်ဘာသာကိုယ် ကိုင်တွယ်ဖြေရှင်းခွင့်ပြုဖို့ တုန့်ပြန်ပြောဆိုခဲ့တယ်။ ဒါပေမယ့် အခုကြားနာပွဲမှာ ပြောနေတာက လူမျိုးတုန်းသတ်ဖြတ်မှု ဟုတ်မဟုတ်ဆိုတဲ့ အချက်မဟုတ်ပါဘူး။ ရိုဟင်ဂျာ အသိုင်းအဝိုင်းကို အကာအကွယ်ပေးဖို့ မြန်မာအပေါ် အသေအချာ ဘယ်လို စီရင်ကိုင်တွယ်မလဲ၊ အနာဂတ် တရားစီရင်မှုအတွက် အထောက်အထားတွေကို ခိုင်မာအောင် ဘယ်လိုစုဆောင်းနိုင်မလဲ စတာတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှောက်လဲချက်ထဲမှာ မြန်မာအစိုးရအနေနဲ့ ဒီအချက်တွေကို လက်ခံခြင်း ရှိမရှိဆိုတာကို တုန့်ပြန်ပြောဆိုခြင်း မရှိခဲ့ပါဘူး။

ကြာသပတေးနေ့ မှာတော့ ICJ တရားရုံးမှာ ဂမ်ဘီယာနဲ့ မြန်မာ နှစ်ဘက်အပြန်အလှန် အပြီးသတ်လျှောက်လဲချက်တွေကို နှုတ်နဲ့ တင်သွင်းကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


(Unicode)










XS
SM
MD
LG