သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးဆွေးနွေးပွဲကနေ ဖွဲ့စည်းပုံပြင်ဖို့ မျှော်လင့်


လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာမူကြမ်း မဲခွဲ ဆုံးဖြတ် ( ဇွန် ၂၅၊ ၂၀၁၅)
လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာမူကြမ်း မဲခွဲ ဆုံးဖြတ် ( ဇွန် ၂၅၊ ၂၀၁၅)

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ပြီး မအောင်မမြြင်ဖစ်ခဲရ့တဲ့နောက် ဖွဲ့စည်းပံ ုအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်ဆိုရင် လွှတ်တော်ပြင်ပနည်းနဲ့ ကြိုးပမ်းဖို့ ဖြစ်လာပြီး လောလောဆယ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ အတူ ဖြစ်ပေါ်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေက တဆင့် ဆောင်ရွက်ရမယ့် အခြေအနေ ဖြစ်လာနေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက သုံးသပ်ပါတယ်။ နိုင်ငံရေးလေ့လာသူ တဦးကတော့ လာမယ့် နိုင်ငံရေး အပြောင်းအလဲတွေ အားလုံးဟာ စစ်တပ်က ပြောင်းစေချင်တဲ့ အတိုင်းအတာတခုအထိပဲ ဖြစ်နိုင်မယ်လို့ ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အမြင်သဘောထားတွေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။

ဟဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အရေးပါတဲ့ ပုဒ်မ ၄၃၆ကို ပြင်ဆင်ဖို့ အတွက်ပြည်ထောင်စု လွှတ်တော်မှာ ၂၅ရက်နေ့က မဲခွဲဆုံးဖြတ်ရာမှာ လုံလောက်တဲ့ ထောက်ခံမှုမရတာကြောင့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပေဒပါ ပုဒ်မတွေကို ပြင်ဆင်မယ်ဆိုရင် ပြည်ထောင်စု လွှတ်တေ်ာကိုယ်စားလှယ်အားလုံးရဲ့ ၇၅ရာခိုင်နှုန်းကျော် ရဲ့ ထောက်ခံမဲရမှသာ ပြင်ဆင်နိုင်မယ်ဆိုတဲ့ မူလအချက်အတိုင်း ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။

လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းပါဝင်တာကြောင့် တပ်မတော်ရဲ့ ထောက်ခံမှုမရသ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အခြေအနေ အတိုင်းဆက်လက် တည်ရှိနေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် လွှတ်တော်ပြင်ပနည်းကို ကြိုးပမ်းဖို့ ဖြစ်လာပြီး ဒီအတွက် လူထုကလည်း စဉ်းစားဖို့ လိုအပ်လာပြီလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ NCCT ခေါ် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့က အဖွဲ့ဝင်တဦးဖြစ်တဲ့ ဗိုလ်မှုးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်အတွင်းကနေ အခွင့်အလမ်းမရှိဘူး။ မဖြစ်နိုင်ဘူးလို့ကျနော်တို့ ပြောနေကျပဲလေ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့အတွက် လွှတ်တော်ပြင်ပကသာလျှင် ပြင်လို့ဖြစ်နိုင်တယ် ဆိုတာကို ထောက်ပြတာပေါ့။ ဒါကြောင့် ကျနော်တို့ ဒီနိုင်ငံရေးဆွေးနွေးပွဲတွေ ကနေတဆင့် ကျနော်တို့ လွှတ်တော် ပြင်ပကနေတဆင့် ဖွဲ့စည်းပုံပြင်ရေးကိုပဲ ကျနော်တို့က ကြိုးပမ်းရမှာပေါ့။ အဲ့ဒီ့အခြေအနေတော့ ဖြစ်လာတယ်။ လူထုအနေနဲ့လည်း တခြားနည်းလမ်းတွေကို စဉ်းစားဖို့ လိုလာပြီပေါ့ဗျာ ကျနော်ကြည့်တာက။”

NCCT ဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုဖို့ အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီး စာချုပ်အတည်ပြု လက်မှတ်ရေးထိုးပြီး ရင် နိုင်ငံရေးဆွေးနွေး ပွဲကြီးတရပ်ကျင်းပဖို့ သဘောတူညီချက် ရထားတာဖြစ်ပါတယ်။ ဒီနိုင်ငံရေးဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထည့်သွင်းဆွေးနွေးသွားဖို့ ရှိနေတာဖြစ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးစောသန်းမြင့်က လည်း နိုင်ငံရေးဆွေးနွေးပွဲ က တဆင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကို ဆောင်ရွက်နိုင်မယ် လို့ ယုံကြည်ကြောင်း ပြောပါတယ်။

“ငြိမ်းချမ်းရေးကနေ သွားတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှသာလျှင် အဖွဲ့အစည်း အားလုံး သဘော တူညီတဲ့ ရလဒ်ကို ရရှိမယ်။ အဲ့ဒီ့ရလဒ်အပေါ် မူတည်ပြီး အခြေခံဥပဒေ ကို ကျနော်တို့ကပြုပြင် သွားမယ်။ ဖြည့်စွက်သွားမယ်။ ပယ်ဖျက် သွားမယ်။ ရရှိလာတဲ့ ရလဒ်သာလျှင် ကျနော်တို့ နိုင်ငံရဲ့ရှေ့ရေးအတွက် ရလဒ်ဖြစ်တယ်လို့ ကျနော်တို့ခံယူတယ်။”

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ပေါ်ထွက်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲက ဖြစ်ပေါ်နိုင်တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး အတွက် တိုင်းရင်းသားနိုင်ငံရေး ပါတီတွေက ကြိုးစားဆောင်ရွက်နေကြကြောင်း ဆက်ပြောပါတယ်။

နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ အရ ရွေးကောက်ပွဲပြီးချိန်မှာ အပြောင်းအလဲတချို့ရှိနိုင်ပေမဲ့ ဒီအပြောင်းအလဲတွေ ဟာ စစ်တပ်က လက်ခံတဲ့ အတိုင်းအတာလောက် သာဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

“ဒီလာမယ့် ရွေးကောက်ပွဲမှာ ဦးသိန်းစိန်အစိုးရ အပြောင်းအလဲဖြစ်နိုင် တယ်။ နောက်တခုက ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ စစ်တပ်က လွှမ်းမိုးနေတဲ့ လွှတ်တော်ရဲ့ အနေအထား အချိုးအစား တစုံတရာ အပြောင်းအလဲရှိနိုင် တယ်။ နောက်တခု ကတော့ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ Power Sharing and Economic Sharing ဆိုတဲ့ ဦးသိန်းစိန်ရဲ့စကားကို သူတို့ ပုံဖော်ဖို့အတွက် ပြည်နယ် ဝန်ကြီးချုပ်တွေ၊ ဒေသဆိုင်ရာ ဝန်ကြီးချုပ်တွေကို သူ့သက်ဆိုင်ရာ လွှတ်တော်က ခန့်အပ်ခွင့် ရရှိလာနိုင်တယ်။ နောက်ပြီးတော့ အခြေခံဥပဒေမှာပါတဲ့ ဇယား (၁) နဲ့ ဇယား(၂)ကို ပြုပြင်ပြောင်းလဲမှု လုပ်နိုင်တယ်။ အဲ့ဒီ့တော့ အပြောင်းအလဲရှိတယ်။ ဒါပေမဲ့ စစ်တပ်က ပြောင်းလဲစေချင်တဲ့ အတိုင်းအတာ တခုအတွင်းပဲ အပြောင်းအလဲရှိမယ်လို့ ကျနော်ပြောချင်ပါတယ်ခင်ဗျ။”

၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းတွေကို စတင် ဆောင်ရွက်လာခဲ့ရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အတွက် ကြိုဆိုခဲ့ကြပါတယ်။ လောလောဆယ် ဒီမိုကရေစီနည်း မကျဘူးလို့ ဝေဖန်ထောက်ပြထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မတွေ ကို မပြင်ဆင်နိုင်တဲ့အပေါ်မှာတော့ ၂၀၁၅ရွေးကောက်ပွဲအပေါ်မှာပါ သံသယတွေ ပွားလာခဲ့ကြပါတယ်။

XS
SM
MD
LG