သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ကိုယ်စားလှယ် တိုက်ခိုက်ခံရမှု နိုင်ငံရေးပါတီများ ရှုတ်ချ


ဓားခုတ်အတိုက်ခိုက်ခံလိုက်ရတဲ့ NLD လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း ဆေးရုံတက် ကုသခံယူနေစဉ်။
ဓားခုတ်အတိုက်ခိုက်ခံလိုက်ရတဲ့ NLD လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း ဆေးရုံတက် ကုသခံယူနေစဉ်။

NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မှာ မဲဆွယ်စည်းရုံးစဉ် ဓားခုတ်ခံရတာနဲ့ ပတ်သက်ပြီး နိုင်ငံရေး ပါတီ နဲ့ နိုင်ငံရေးလှုပ်ရှားသူတွေက ရှုတ်ချလိုက်ပြီး အခုလိုဖြစ်ပျက်တာဟာ တရားဥပဒေ စိုးမိုးရေးကို ပိုမိုဆောင်ရွက်သင့်တယ်လို့ ရှုမြင်ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ကိုယ်စားပြုပြီး သာကေတမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးချယ်ခံမယ့် ဦးနိုင်ငံလင်းနဲ့ အခြား ပါတီဝင်၂ဦးဟာ ကြာသာပတေးနေ့ည ၉နာရီလောက်က သာကေတမြို့နယ် အတွင်း မဲဆွယ် စည်းရုံးနေစဉ်မှာ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ လက်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်တဲ့ ဦးနိုင်ငံလင်းဟာ ဦးခေါင်းမှာ ရရှိတဲ့ ဓားဒဏ်ရာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ကုသခံယူနေရပါတယ်။

ဒီတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ပြောရေးဆိုခွင့် ရှိသူ ဦးဟန်ရွှေက အခုလို ပြောဆိုပါတယ်။

"ဒီဥစ္စာက အင်မတန် အရုပ်ဆိုးတဲ့ကိစ္စလို့ ကျနော်တို့ ထင်ပါတယ်။ မဲဆွယ် စည်းရုံးတယ်ဆိုတာ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေအနေနဲ့ လုပ်ရမယ့် လုပ်ငန်းတာဝန်ပါပဲခင်ဗျ။ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဖြစ်စဉ် Process မှာ ဒီ Voters Education ဆိုတာလည်း တခုပါတဲ့အခါကျတော့ ကျနော်တို့ နိုင်ငံရေး ပါတီတွေ အနေနဲ့လည်း ပြည်သူတွေ၊ မဲဆန္ဒရှင်တွေကို Voters Education ပိုပြီးတော့ လုပ်ရမယ်ဆိုတာကိုလည်း ကျနော်တို့ပါတီအနေနဲ့ အလေးအနက် ခံယူမိပါတယ်။ "

ဒီအဖြစ်မျိုးကနေ အုပ်စုလိုက် အဓိကရုဏ်းတွေအထိ ဖြစ်လာနိုင်တာကြောင့် တရားဥပဒေ စိုးမိုးရေးဟာ ပိုအရေးကြီးလာတယ်လို့လည်း ဦးဟန်ရွှေက သုံးသပ်ပါတယ်။

"ဒီလိုဟာကနေ လူအုပ်စုလို သဘောမျိုးကို သူ့ထောက်ခံတဲ့သူ၊ ကိုယ့်ထောက်ခံတဲ့သူ ပေါင်းလာရင် ပိုပြီးတော့ ဆိုးတဲ့ အခြေအနေဖြစ်လာနိုင်ပါတယ်။"

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF က လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

"ဒီသတင်းကြားလိုက်ရတဲ့အခါမှာ ထိတ်လန့်သွားတယ်။ လူကို ထိခိုက်လောက်တဲ့ အထိဖြစ်သွားတာကိုတော့ ကျနော်တို့အနေနဲ့ ဒီလိုလုပ်ရပ်မျိုးကို လုပ်ခဲ့တာကိုတော့ ရှုတ်ချပါတယ်။ "

ဓားခုတ်မှုကျူးလွန်သူဟာ NLD ပါတီ မဲမဆွယ်ဖို့ သူ့နေအိမ်မှာ စာကပ်ထားတယ်လို့ သိရတဲ့ အပေါ်မှာတော့ ဦးခိုင်မောင်ရည်က ဆက်ပြောပါတယ်။

ပဏ္ဍိတဖောင်ဒေးရှင်းက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးတာဝန်ခံ ကိုဖြိုးတင့်ဦးကတော့ အခုလို သုံးသပ်ပြောဆိုပါတယ်။

" အဓိကကတော့ဗျာ အခု မဲဆွယ်စည်းရုံးရေးလုပ်နေတဲ့ အမတ်လောင်းတွေအတွက် လုံခြုံရေးပေါ့ဗျာ။ ဒီလုံခြုံရေးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တိတိကျကျ ပေးသင့်တယ်ပေါ့။ ကျနော်တို့ ဒီဥပဒေအရ မဲဆွယ်မယ် ဆိုရင် ကော်မရှင် ကိုကြိုပြောရတယ်။ သင့်တင့်တဲ့ လုံခြုံရေး အစီအမံကို ပြည်ထဲရေးကနေ ပြန်ပြီး ပေးရတယ်ဆိုတာ ကျနော်တို့ သိတယ်ပေါ့နော်။ အဲ့ဒီ့တော့ စာတင်ထားပါရက်နဲ့ လုံခြုံရေး မပေးတာလား။ ဒါမှမဟုတ် စာမတင်ပဲနဲ့ ဒီအတိုင်း သွားလိုက်လို့ လုံခြုံရေးမရှိတာလား အဲ့ဒီ့ဟာတော့ ကျနော်တို့ ပြန်ကြည့်ရမယ့် ပုံစံမှာ ရှိတယ်ခင်ဗျ။ အမှန်ကတော့ ဒီလိုရွေးကောက်ပွဲကာလဆိုတာ ထိလွယ် ရှလွယ်တဲ့ ကာလဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အကူအညီ တောင်းသည်ဖြစ်စေ မတောင်းသည်ဖြစ်စေ သက်ဆိုင်ရာ မြို့နယ်တွေမှာ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ချထားသင့်တယ်။"

အထူးသဖြင့် အသွင်ကူးပြောင်းစနိုင်ငံတွေမှာ ရွေးကောက်ပွဲ အကြမ်းဖက် တိုက်ခိုက်တာတွေ အများဆုံးဖြစ်တတ်တာကြောင့် လုံခြုံရေးအစီအမံကို ပိုမိုတင်းတင်းကျပ်ကျပ် ချမှတ်သင့်တယ်လို့လည်း ထောက်ပြပြောဆိုပါတယ်။

ဦးနိုင်ငံလင်းကို ကုသပေးတဲ့ ခွဲစိတ်ပါရဂူ ဒေါက်တာတင်မျိုးဝင်းကတော့ ဦးနိုင်ငံလင်းရဲ့ အခြေအနေက စိုးရိမ်စရာမရှိကြောင်း အခုလို ပြောပါတယ်။

"ကျနော်ပြောနိုင်တာကတော့ မနေ့ညက ဆရာဝန်ကြီးတွေရော၊ လက် ခွဲစိတ် ဆရာဝန်ကြီးတွေရော မျက်နှာနဲ့ ပလက်စတစ် ဆာဂျင်၊ မေ့ဆေး ဆရာဝန်ကြီးတွေရော အကုန်လုံး ဆရာဝန်တွေ ဝိုင်းဝန်းပြီးတော့ပဲ ခွဲစိတ်ပေးကြပါတယ်။ အခြေအနေက ကောင်းတယ်။ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူး။ ဒီလောက် ဆရာပြောလို့ရပါတယ်။"

ဒီနေ့နေ့ခင်းပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရန်ကုန်ဆေးရုံကြီးကို သွားရောက်ကြည့်ရှု့ခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လူမှုကွန်ယက် စာမျက်နှာမှာတော့ ဒီအခင်းဖြစ်ပွားမှုဟာ NLD ပါတီဝင်တဦး ကွမ်းယာဝယ်ယူရာကနေ စကားများခဲ့ရာက ဓားခုတ်မှုဖြစ်ပွားခဲ့ တာဖြစ်ကြောင်းနဲ့ ကျူးလွန်သူ ၃ဦးဟာ မည်သည့်ပါတီဝင်မှ မဟုတ်ကြောင်းနဲ့ လောလောဆယ် ရဲက ဖမ်းဆီးထားကြောင်း ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၁၉ရက်နေ့ကလည်း မင်္ဂလာဒုံမြို့နယ်အတွင်း မဲဆွယ်စည်းရုံးတာနဲ့ ပတ်သက်ပြီး NLD ပါတီဝင် ၂ဦး တိုက်ခိုက်ခံခဲ့ရတာကြောင့် ဆေးရုံတင်ခဲ့ရပါတယ်။ ဒီတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက လုံလောက်တဲ့ အရေးယူဆောင်ရွက်မှု မရှိဘူးလို့လည်း NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း နော်လှလှစိုး က အောက်တိုဘာလ ၃ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG