သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုဟာမက်အလီအပေါ် ကျော်ကြားသူတို့အမြင်


ကွယ်လွန်သွားပြီဖြစ်တဲ့ ကမ္ဘာ့နာမည်ကြီး လက်ဝှေ့ချန်ပီယံ Muhammad Ali နဲ့ ပတ်သက်ပြီး စနေနေ့မှာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့က ဦးဆောင်ပြီး အမှတ်ရဖွယ်တွေကို ပြောကြားခဲ့ကြပါတယ်။

လက်ဝှေ့အကျော်အမော် တဦးလည်းဖြစ် လူ့သားချင်းစာနာမှုနဲ့ အရပ်ဘက် လူ့အခွင့်အရေးလှုပ်ရှားသူ တဦးလည်းဖြစ်တဲ့ မိုဟာမက် အလီဟာ အသက် ၇၄ နှစ်ရှိပြီဖြစ်ပြီး သောကြာနေ့က အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ ဆေးရုံမှာ ကွယ်လွန်ခဲ့တာပါ။

သမ္မတအိုဘားမားက ရဲရဲတောက် အလီကို Nelson Mandela တို့ Martin Luther King, Jr. တို့နဲ့ ခိုင်းနှိုင်းပြီး အလီဟာ ကမ္ဘာကို ကိုင်လှုပ်ခဲ့သလို သူ့လုပ်ရပ်က ကမ္ဘာကြီးကို ပိုကောင်းမွန်လာစေတယ်လို့ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ ဒါ့အပြင် ၁၉၆၅ ခုနှစ် ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဗိုလ်လုပွဲ ကြိုးဝိုင်းထဲမှာ ပြိုင်ဘက် ဆန်နီလစ်စတန်ကို အလဲထိုးပြီးချိန် အပေါ်က မိုးပြီးရပ်နေတဲ့ မိုလဟာမက်အလီရဲ့ ဓါတ်ပုံအောက်မှာ သူထိုင်နေတဲ့ ပုံကိုပါ တင်ခဲ့တာပါ။

တွစ်တာကနေလည်း - “ချန်ပီယံကြီး ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ” လို့ သမ္မတ အိုဘားမားက ဆုတောင်းပေးခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကတော့ လူသားချင်းနားလည်စာနာဖို့ ပြီးခဲ့တဲ့ရာစုနှစ်ရဲ့ အကြီးကျယ်ဆုံး လူသားချင်းစာနာမှုတွေ ပညာပေးမှုတွေ လုပ်ခဲ့သူတဦးရဲ့ လုပ်ရပ်ကြောင့် ကုလသမဂ္ဂမှာ ဘယ်လောက် ကောင်းကျိုးရခဲ့တယ်ဆိုတာကို ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

မိုဟာမက် အလီကို ၂၀၀၁ ခုနှစ်အတွက် သမ္မတရဲ့ အရပ်ဘက်ထူးချွန်ဆု ချီးမြှင့်ခဲ့သူ အမေရိကန် သမ္မတဟောင်း Bill Clinton ကလည်း “ကြီးကျယ်မြင့်မြတ်တဲ့ မင်းကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်လိုက်ပါတယ် သူငယ်ချင်း” လို့ တွစ်တာကနေ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် မစ္စစ် ကလင်တန်နဲ့ အတူတွဲပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ ယှဉ်ပြိုင်နေတဲ့ မစ္စစ် ကလင်တန် ဟာ အလီရဲ့ တုနှိုင်းမရတဲ့ လျှင်မြန် ဖြတ်လတ်မှုကို အမီလိုက်ဖို့ ကြိုးစားနေသလို၊ ၁၉၆၀ အိုလံပစ်ရွှေတံဆိပ် ဆွတ်ခူးခဲ့ချိန်ကစပြီး သူ့လိုလူ နောက်တယောက် ထပ်မပေါ်နိုင်ဘူးဆိုတာ တကမ္ဘာလုံးက သိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရီပတ်ဘလစ်ကင်ပါတီရဲ့ သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နေတဲ့ Donald Trump ကလည်း တွစ်တာကနေ မိုဟာမက်အလီကို ဂုဏ်ပြုခဲ့ပြီး တကယ် ကြီးကျယ်မြင့်မြတ်တဲ့ ချန်ပီယံတယောက်ဖြစ်တဲ့ အလီကို အားလုံးက အောက်မေ့သတိရနေမှာ ဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။ ဘရာဇီးက နာမည်ကြီး ဘောလုံးသမား ပီလီကလည်း အားကစားလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတရပ်မို့ ဝမ်းနည်း ကြေကွဲနေကြကြောင်း ပြောပါတယ်။

မိုဟာမက်အလီအပေါ် ကျော်ကြားသူတို့အမြင်
please wait

No media source currently available

0:00 0:01:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG