သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားဥပဒေစိုးမိုးမှုရှိအောင်လုပ်မယ်လို့ ပြည်ထဲရေးဝန်ကြီးသစ် ကတိပြု


ပြည်ထောင်စု လွှတ်တော် နာယက ရှေ့တွင် ကတိသစ္စာပြုနေသော ပြည်ထဲရေးဝန်ကြီးသစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် (သတင်းဓာတ်ပုံ-Pyidaungsu Hluttaw)
ပြည်ထောင်စု လွှတ်တော် နာယက ရှေ့တွင် ကတိသစ္စာပြုနေသော ပြည်ထဲရေးဝန်ကြီးသစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် (သတင်းဓာတ်ပုံ-Pyidaungsu Hluttaw)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိအောင် လုပ်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးသစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောပါတယ်။ တရားဥပဒေစိုးမိုးရေးဟာ အရေးကြီးတဲ့အတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့လည်း သူက တိုက်တွန်းပါတယ်။ လေ့လာသူတွေကတော့ တရားဥပဒေစိုးမိုးရေး တာဝန်ယူမယ့်သူတွေဟာ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရလက်အောက်မှာ ရှိဖို့လိုတယ်လို့ ထောက်ပြကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်း ပေးပို့ထားပါတယ်။

ပြည်ထဲရေးဝန်ကြီးသစ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထောင်စုလွှတ်တော်က ဒီလ ၁၀ရက်နေ့က အတည်ပြုပြီး ၁၃ရက်နေ့မှာ ဝန်ကြီးအဖြစ် ကတိသစ္စာပြုခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးအဖြစ် ကတိသစ္စာပြုပြီးနောက်မှာ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တရားဥပဒေစိုးမိုးရေးကို အဓိက ဆောင်ရွက်မှာဖြစ်ကြောင်း သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

“တရားဥပဒေစိုးမိုးရေးကတော့ကွာ ဒါ အဓိက စိန်ခေါ်မှုပေါ့နော်။ အဲဒါကို ကိုယ်တို့က သေချာလုပ်ရမှာပေါ့။ ကိုယ်တို့နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုက အဓိက အရေးကြီးတယ်။ ရအောင်ကိုယ်တို့ဆောင်ရွက်ပေးရမှာပေါ့။”

ဒါ့အပြင် တရားဥပဒေစိုးမိုးရေးကို ရဲတပ်ဖွဲ့တစ်ခုတည်းက မဆောင်ရွက်နိုင်ဘဲ ပြည်သူတွေရဲ့ ပူးပေါင်းမှုပါဝင်ဖို့ လိုအပ်ကြောင်းလည်း ထောက်ပြခဲ့ပါတယ်။

“အမှုဆိုတာတော့ ရှိမှာပဲလေ။ အမှုရှိတာကို ကိုယ်တို့က ရအောင်ဖော်ထုတ်ရမှာပေါ့။ ဟိုနေ့ကဆိုရင် ရန်ကုန်မှာဖြစ်သွားတဲ့ ဘဏ်အမှုဆိုရင် ဒါ ဖော်ထုတ်နိုင်တာပေါ့။ ရဲရဲ့ စွမ်းဆောင်နိုင်မှုပါပဲ။ ရဲစွမ်းဆောင်နိုင်သလိုပါပဲ ဒါအမှုတခုဖြစ်လာတယ်ဆိုရင် ရဲတယောက်တည်းလုပ်လို့ ရတာမဟုတ်ဘူး။ ရဲတဖွဲ့တည်းလုပ်လို့ ရတာမဟုတ်ဘူး။ ပြည်သူလူထုပါ ဝိုင်းဝန်းကူညီဆောင်ရွက်မှ ရတာ။ အမှုတစ်ခုဖြစ်တိုင်း၊ အမှုတခုဖြစ်တိုင်း ရဲမှာပဲ တာဝန်ရှိတယ်။ လုံခြုံရေးလုပ်တဲ့သူမှာသာ တာဝန်ရှိတာ မဟုတ်ဘူး။ ပြည်သူလူထုအားလုံးက ဝိုင်းဝန်ကူညီဆောင်ရွက်မှ ဖော်ထုတ်လို့ ရတာ။”

ဥပမာ အဖြစ် - ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် CB ဘဏ် ဓါးပြတိုက်မှုမှာ ဘဏ်ဝန်ထမ်းတွေ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖော်ထုတ်နိုင်ခဲ့တာလို့လည်း ပြောဆိုပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ဆိုရင် ပြည်သူတွေရဲ့ ယုံကြည်မှုကို ရရှိဖို့လိုအပ်ပြီး တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်ယူရမယ့် သူတွေဟာ အရွေးချယ်ခံ သမ္မတ လက်အောက်မှာ ရှိဖို့ လိုတယ်လို့ ပြောပါတယ်။

“ရဲတပ်ဖွဲ့ကြီးကို ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ရဲတပ်ဖွဲ့ကြီးဖြစ်အောင်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို ပြင်ရမယ်။ ခုနက ပြည်ထဲရေး၊ ကာကွယ်ရေးဝန်ကြီးတွေက ရွေးချယ်ခံ သမ္မတရဲ့လက်အောက်မှာ ရှိရမယ်။ သူတို့တွေက အရပ်ဘက်က လူတွေ ဖြစ်ရမယ်။ ပြီးတော့ ရဲတပ်ဖွဲ့ကြီးကိုလည်း စစ်တပ်က လူတွေချည်းပဲခေါ်ပြီး ရာထူးကြီးတွေ ပေးနေမယ့်အစား အောက်ခြေရဲတွေကနေပြီးတော့ လေ့ကျင့်သင်တန်းပေးထားတဲ့ ရဲပညာတွေ လေ့ကျင့်သင်ကြားပေးထားတဲ့ ရဲတွေကပဲ ရဲတပ်ဖွဲ့ကြီးကို ထူထောင်မှ ဖြစ်မယ်။ အဲလိုမှ မလုပ်နိုင်ရင်ကတော့ဗျာ ဘာမှထူးမယ် မထင်ပါဘူးဗျာ။”

မန္တလေးမြို့မှာ လုယက်မှုတွေ ပေါများခဲ့တဲ့ အချိန်တုန်းက ရပ်ကွက်လုံခြုံရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်၊ ရဲတပ်ဖွဲ့တွေနဲ့ အတူပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ကိုဖြိုးသန့်ဇင်ကတော့ လက်ရှိ အသစ်ခန့်အပ်လိုက်တဲ့ ပြည်ထဲရေးဝန်ကြီးသစ်အနေနဲ့ ရာဇဝတ်မှု အများအပြားရဲ့ အရင်းမြစ်ဖြစ်တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးကို ဦးစားပေးဆောင်ရွက်စေချင်ကြောင်း ပြောပါတယ်။

“ပြောရရင် ခေတ်အဆက်ဆက်ကတော့ တရားဥပဒေစိုးမိုးရေးကတော့ ကောင်းခဲ့တာတော့ မဟုတ်ဘူးပေါ့ဗျာနော။ လူငယ်တွေကတော့ အဓိကကတော့ မူးယစ်ဆေးကြောင့်လည်း ဖြစ်နေတာ များတယ်။ မူးယစ်ဆေးအန္တရာယ်ကို အဓိက တိုက်ဖျက်ပြီးတော့မှ တရားဥပဒေစိုးမိုးရေးကို အရင်ကထက် ပိုပြီးတော့ လုပ်ဆောင်နိုင်ရင်တော့ ပိုကောင်းတာပေ့ါဗျာ။”

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးတွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရွေးခြယ်ပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ သမ္မတက ခန့်အပ် ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ကာလမှာ ရာဇဝတ်တရားခံတွေလွတ်မြောက်နေတာ၊ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ပိုင်ရှင်မဲ့ ဖြစ်နေတာတွေ နေပြည်တော်က ဗစ်တိုးရီးယားအမှုမှာ တရားခံမဖော်ထုတ်နိုင်သေးတာတွေ စတာတွေကြောင့် ရဲတပ်ဖွဲ့အပေါ်မှာ ဝေဖန်တာတွေ ရှိနေခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG