သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးဆိုင်ရာ ဝေဖန်မှု ဦးဝဏ္ဏမောင်လွင် ချေပ


"Reform and Democratization" ဆွေးနွေးပွဲ။
"Reform and Democratization" ဆွေးနွေးပွဲ။

ပြည်ပနိုင်ငံတွေက လူတွေ တရားမဝင်ပြောင်းရွှေ့ ဝင်ရောက် လာတဲ့ပြဿနာ၊ ဒုက္ခသည် ပြဿနာ တွေ ဟာ မြန်မာနိုင်ငံမှာ သာဖြစ်နေတဲ့ပြဿနာမဟုတ်ပဲ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားမှာ လောလောဆယ် ကြုံနေရတဲ့ ပြဿနာဖြစ်နေတယ် လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးက ပြောကြား လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့မှာ နိုင်ငံခြား ဆက်ဆံရေးကောင်စီ ကပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဦးဝဏ္ဏမောင်လွင် က အဲဒီလိုပြောကြား သွားတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို အင်တာနက်အွန်လိုင်းကနေ တိုက်ရိုက်စောင့်ကြည့်နေခဲ့တဲ့ ဦးကျော်ဇံသာက အခုလို သတင်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံ "Reform and Democratization" ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး ဆွေးနွေးပွဲလို့ ခေါင်းစဉ် တပ်ထားတဲ့ ဒီအမေး အဖြေ ပြုလုပ်ခန်းမှာ ရွေးကောက်ပွဲ ကိစ္စ၊ အာဏာ လွှဲပြောင်းရေး ကိစ္စ ၊ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ၊ မြန်မာ-တရုတ် ဆက်ဆံရေး စတဲ့ အရေးကိစ္စ အတော်များများကို မေးမြန်းခဲ့ကြတာ တွေ့ရပါတယ်။

ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ရှိအောင် ဖွဲ့စည်းပုံပြင်ဆင်နိုင်မယ့် အလားအလာ ဘယ်လိုရှိသလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဦးဝဏ္ဏမောင်လွင်က အခုလိုဖြေကြားသွားပါတယ်။

"အခိုက်အတန့်အားဖြင့် ကျနော်တို့ဟာ တည်ဆဲဥပဒေအတိုင်း လိုက်နာကြရမှာဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံဟာ ဒေါ်အောင်ဆန်းစုကြည်ကို သာမက သမ္မတဖြစ်နိုင်ခွင့်အတွက် သတ်မှတ်ခြင်းနဲ့ ကိုက်ညီခြင်း မရှိတဲ့ ဘယ်သူ့ကိုမဆို တားမြစ်ထားတာဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးရင် ရလဒ် ဘယ်လိုဖြစ်လာမယ်ဆိုတာ ကျနော် မသိပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲပြီးရင် အစိုးရသစ် တရပ်ကို ဒီဖွဲ့စည်းပုံနဲ့ အညီ ဖွဲ့စည်းမှာပဲ ဖြစ်ပါတယ်။"

ဒီလိုဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရပေမဲ့ အဲ့ဒီ့အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ဟာ သမ္မတ ဖြစ်လာနိုင်မယ့် အလားအလာ မရှိဘူးဆိုတဲ့ သဘောလားလို့ မေးတဲ့အခါမှာတော့-ဦးဝဏ္ဏမောင်လွင်က နောက်လူတွေက စဉ်းစားပါလိမ့်မယ်လို့ပြောပါတယ်။

"ရွေးကောက်ပွဲ ရလဒ်ကိုတော့ ကျနော် မသိပါဘူး။ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲဖြစ်စဉ် ကိစ္စတွေကို ဘယ်လို ဆက်လုပ်မလဲ ဆိုတာ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့သူတွေ ဆုံးဖြတ်ကြပါလိမ့်မယ်။ "

နောက်တခါ လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို မျိုးသုန်း သတ်ဖြတ်နေတယ်။ အိမ်နီးချင်း နိုင်ငံတွေကို သောင်းနဲ့ချီ ထွက်ပြေးနေကြရတယ်လို့ စွပ်စွဲကြတယ်။ ဒါဟာ နိုင်ငံတကာ ဆက်ဆံရေး ပြသနာတရပ်ဖြစ်နေပါတယ်။ ဒီပြသနာအတွက် မြန်မာအစိုးရက ဘယ်လိုမူဝါဒမျိုး ချမှတ်ထားသလဲ ဆိုတဲ့ မေးခွန်း ကိုတော့-ဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ရိုဟင်ဂျာဆိုတဲ့ အမည်ကို အသိအမှတ် မပြုကြောင်း ပထမဦးစွာ ပယ်ချပြီးတော့ ဒီလူတွေ ဝင်ရောက်လာပုံကို သမိုင်းကြောင်းနဲ့တကွ ဆက်လက်ရှင်းပြပါတယ်။ အဲ့ဒီ့နောက် အခုလက်ရှိဆောင်ရွက်နေတဲ့အခြေအနေကို အခုလို ဖြေကြားသွားပါတယ်။

"အခုလက်ရှိမှာလဲ ကျနော်တို့က နိုင်ငံသားစိစစ်ရေးလုပ်တော့ တရားမဝင် လာရောက်သူအချို့ ထွက်သွားကြပါတယ်။ တချို့လည်း ရေကြည်ရာ မြက်နုရာ ရှာရင်း လူမှောင်ခိုတွေလက်ထဲ ဆက်သွယ်ထွက်ခွာကြတာရှိပါတယ်။ ဒေသတွင်း အလုပ်အကိုင်ရှာရင်း သွားကြတာပါ။ မကြာခင်က ကပ္ပလီ ပင်လယ်ထဲက လှေစီးပြေးတွေ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့ကို ရောက်သွားတဲ့ သူတွေဟာ ဒီလို အလုပ်ရှာဖို့ ဘင်္ဂလားဒေ့ရှ်က လူမှောင်ခိုတွေနဲ့ ခိုးထွက်လာကြသူတွေပါ။ ဒီပြသနာကို ကျနော်တို့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆွေးနွေးပြီး ဒီနှစ် မေလနဲ့ ဇွန်လ အတွင်းကပဲ ကျနော်တို့ ရေပိုင်နက်ထဲက လှေတချို့ ကို မြန်မာရေတပ်က ကယ်တင်ခဲ့ပါတယ်။ ကိုးရာလောက်ရှိပါတယ်။ သူတို့ကို ယာယီနေစရာပေးထားပါတယ်။ သေသေချာချာ စုံစမ်းစစ်ဆေးပြီး ၈၀%လောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်နေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ညှိနှိုင်းပြီး ပြန်ပို့ခဲ့ပါတယ်။ ဒီပြသနာဟာ မြန်မာနိုင်ငံမှာ သာမက နိုင်ငံတကာ မှာ ဖြစ်နေ တဲ့ ပြသနာပါ။ အခုလောလောဆယ် ဥရောပကို ကြည့်ပါ။ ရွှွေ့ပြောင်း ဝင်ရောက်လာသူတွေ အများကြီးပါ။ အမေရိကား မှာ လည်း မက္ကဆီကို နယ်စပ်မှာ ဒီလိုပြသနာမျိုး ရှိနေတာပါပဲ။"

ဆက်လက်ပြီး မျိုးစောင့်ဥပဒေလို့ခေါ်တဲ့ ဥပဒေတွေနဲ့ပတ်သက်လို့လည်း ဒါတွေဟာ မူဆလင်တွေကို ခွဲခြားနှိမ့်ချထားခြင်း မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီဥပဒေကြမ်းလေးခု ကို လူထုရဲ့တောင်းဆိုချက်အရ အစိုးရက ရေးဆွဲပြီး လွှတ်တော်က အတည်ပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ ယာယီအသိအမှတ်ပြု ကိုင်ဆောင်ထားတဲ့သူတွေ မဲပေးခွင့်မရဘူးဆိုတဲ့ မေးခွန်းကို ဖြေကြားရင်း အမေရိကန်ပြည်ထောင်စုမှာရော Green Card ကိုင်ဆောင်ထားတဲ့သူတွေ မဲပေးခွင့်ရပါသလားလို့ ဦးဝဏ္ဏမောင်လွင် က ပြန်လည်မေးခွန်းထုတ်သွားပါတယ်။

XS
SM
MD
LG