သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာပြောင်းဥပဒေကြမ်းပေါ် တုံ့ပြန်မှုများကွဲပြား


ရန်ကုန်မြို့မှာ OIC ဆန့်ကျင် ဆန္ဒပြနေကြစဉ်။ (နိုဝင်ဘာ ၁၅၊ ၂၀၁၃)
ရန်ကုန်မြို့မှာ OIC ဆန့်ကျင် ဆန္ဒပြနေကြစဉ်။ (နိုဝင်ဘာ ၁၅၊ ၂၀၁၃)
သမ္မတခန့် ဥပဒေကြမ်း ရေးဆွဲရေးကော်မရှင်က ရေးဆွဲထားတဲ့ “ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ (မူကြမ်း)” ထွက်လာပြီဖြစ်ပြီး ဒီအပေါ်မှာ မတူကွဲပြားတဲ့ သဘောထားအမြင်တွေ ရှိနေပါတယ်။

ကိုးကွယ်ရာဘာသာ ကူးပြောင်းတာမှာ ဥပဒေလမ်းကြောင်းအတိုင်း စနစ်ကျစေဖို့အတွက် ရည်ရွယ်တယ်ဆိုတဲ့ ဒီဥပဒေမူကြမ်းအပေါ် အများပြည်သူ ရဟန်းရှင်လူတွေဆီက အကြံပြုချက်တွေကို ဥပဒေကြမ်း ရေးဆွဲရေးကော်မရှင်ကို ပေးပို့ကြဖို့လည်း ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေကနေ ဆန္ဒသဘောထား တောင်းခံထားပါတယ်။ ဥပဒေကြမ်းအပေါ် သဘောထားအမြင်တွေ ဘယ်လိုကွဲနေတာလဲ ဆိုတာကို စုံစမ်းမေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ဒီကနေ့ မေလ ၂၇ ရက်နေ့ ရက်စွဲနဲ့ နေ့စဉ်ထုတ် သတင်းစာတွေမှာ “ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ (မူကြမ်း)” အပြည့်အစုံကို ဖော်ပြပြီး အကြံပြုချက်တွေကို ဖိတ်ခေါ်လိုက်တာပါ။ ဒီလို မိမိတို့ယုံကြည်ရာ ကိုးကွယ်မှု ဘာသာတရား ရွေးချယ်ပိုင်ခွင့်နဲ့ ဘာသာတရား ကူးပြောင်းမှုကို ဥပဒေတရပ်နဲ့ ကန့်သတ်ရေးဆွဲမယ်ဆိုရင် ဥပဒေကို အမြင်ကောင်းအောင် အကြောင်းပြပြီး မလိုလားအပ်တဲ့ ကန့်သတ်ပိတ်ပင်မှုတွေ၊ အသုံးချတာတွေ ရှိလာမှာကို အစ္စလာမ်ရေးရာ ဘာသာရေးဋ္ဌာနချုပ် (Islamic Religious Affairs Council) အဖွဲ့ဝင် ဦးဝင်းထွန်းစိုးတို့လို လူပုဂ္ဂိုလ်တွေက စိုးရိမ်နေပါတယ်။

“ကျနော်မြင်တာတော့ အဲဒီမှာတော့ စကားလုံးတွေတော့ နားကြားကောင်းအောင်တော့ သေချာစီဖွဲ့ထားတာပေါ့။ လက်ရှိ သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ ကျနော်တို့ အစိုးရအဖွဲ့က နိုင်ငံရေးကစားကွက် တခုလို့ပဲ ကျနော်မြင်တယ်ဗျ။ ဒီဥပဒေကြီးကိုလေ။ Mis-use ပေါ့နော်၊ မလိုအပ်တဲ့နေရာတွေမှာ အသုံးချပြီးတော့၊ လိုတာထက် ပိုချဲ့ကားပြီးတော့ လုပ်မယ်ဆိုရင်တော့ ကျနော်တို့ ပိုနာတာပေါ့လေ။ ကျနော်ဆိုလိုတာက အဓိက မလိုလားတဲ့သူတွေက သက်သက် အစဆွဲထုတ်ပြီးတော့ ဒီဟာရဲ့ Reaction ကို ပြောင်းပြန်သက်ရောက်စေမယ် ဆိုလို့ရှိရင် ကျနော်တို့အတွက် နစ်နာစရာတွေ ရှိတာပေါ့လေ။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ မြန်မာပြည်မှာက ဥပဒေဆိုတာက အရင့်အရင် ရှိပြီးသား ဥပဒေတွေ၊ အရင့်အရင် ရှိပြီးသားဟာတွေတောင်မှ ခိုင်ခိုင်မာမာ၊ ကျစ်ကျစ်လျစ်လျစ် မတည်ဆောက်နိုင်သေးတဲ့ အချိန်မှာ အခုကျနော်တို့ နောက်ဥပဒေတခုကို အသားကျဖို့ ဆိုတာက တော်တော် မလွယ်တဲ့ကိစ္စပါ။ ကျနော်စိုးရိမ်မိတဲ့ အဓိကအကြောင်းအရာကတော့ တလွဲအသုံးချခြင်းခံရမှာကို စိုးရိမ်တာပါ။”

တဘက်မှာတော့ ဒီဥပဒေမူကြမ်း ထွက်လာတာကို ကြိုဆိုသူတွေရှိပြီး အဲဒီထဲမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် လည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အများပြည်သူကို ဗဟိုပြုပြီး ဥပဒေတရပ် ထွက်လာမှာဖြစ်သလို ဘာသာတရား ကူးပြောင်းခြင်းကို ဥပဒေနဲ့အညီ ဆောင်ရွက်လာနိုင်မှာဖြစ်လို့ အကောင်းဆုံး ဥပဒေတရပ် ဖြစ်လာမယ်လို့ ဦးဇော်အေးမောင် က ယုံကြည်မျှော်လင့်ပါတယ်။

“မြန်မာနိုင်ငံမှာ လူဦးရေသန်း ၆၀ ကျော် ရှိတယ်ဗျာ။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားတယ်ဆိုတော့ ဒီဥပဒေကို သန်း ၆၀ သော လူတွေထဲက အကြံဉာဏ်ပေးချင်တဲ့လူတွေ၊ အကြံဉာဏ်ပေးပြီးတော့ ရေးဆွဲတော့၊ ဒါဟာ ပြည်သူကို ဗဟိုပြုတဲ့ ဥပဒေတရပ် ဖြစ်လာမှာပေါ့။ ဟုတ်တယ်မို့လား၊ အဲဒါကြောင့် ကျနော်ကြိုဆိုပါတယ်။ ဥပဒေတရပ် ရေးဆွဲပြီးတော့ ပြည်ထောင်စုလွှတ်တော်မှာ ပြဌာန်းတော့မယ်ဆိုလို့ရှိရင် သက်ဆိုင်ရာ လွှတ်တော်တွေမှာ ပြည်သူတွေ ဆီကလည်း အကြံဉာဏ်တောင်းမယ်၊ သက်ဆိုင်ရာ လွှတ်တော်တွေမှာလည်း ဥပဒေကြမ်း ကော်မတီတွေ၊ ဥပဒေကော်မရှင်တွေရှိတယ်လေ။ အဲဒါတွေက Just and Equality ဖြစ်အောင် သာမာန်ညီမျှမှုရှိအောင် အားလုံး တိုင်တိုင်ပင်ပင်နဲ့ လုပ်ထားတဲ့အတွက် အကောင်းဆုံး ဥပဒေသတခု ဖြစ်လာလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။”

ကိုးကွယ်ရာ ဘာသာတရား ကူးပြောင်းလိုတဲ့သူကို သွေးဆောင်၊ ဖြားယောင်း၊ ခြိမ်းခြောက်ခြင်းနဲ့ မလျော်သြဇာ လွှမ်းမိုးခြင်း ကင်းဝေးအောင် မှတ်ပုံတင်ရေးအဖွဲ့က တွေ့ဆုံမေးမြန်းမယ်ဆိုတဲ့ အချက်နဲ့ ကူးပြောင်းလိုတဲ့ ဘာသာကို လေ့လာပြီးမှ သက်သေခံလက်မှတ် ထုတ်ပေးမယ်ဆိုတဲ့အချက်က မြန်မာနိုင်ငံတွင်း လူနည်းစု ကိုးကွယ်တဲ့ ဘာသာတရားအပေါ် နှိပ်ကွပ်တဲ့သဘော ဖြစ်နေတယ်လို့ ဦးဝင်းထွန်းစိုး က သုံးသပ်ပါတယ်။ နိုင်ငံတကာ စံနှုန်းတွေအရ၊ လူ့အခွင့်အရေး ရှုထောင့်အရ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ကို ကန့်သတ်ချုပ်ချယ် တားမြစ်တဲ့ဥပဒေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

“ရှင်းရှင်းပြောရရင် ဘာသာတရားဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းက ကြိုက်တဲ့ဘာသာကို ကြိုက်တဲ့အချိန်မှာ လွတ်လွတ်လပ်လပ် ကူးပြောင်းပိုင်ခွင့်လည်းရှိသလို၊ ကိုးကွယ်ပိုင်ခွင့်လည်းရှိပါတယ်။ ဒါက လူတဦးချင်းစီမှာ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးလေ။ နောက်တခါ လူနည်းစုတွေဖြစ်တဲ့ ကျနော်တို့ ဘာသာခြားတွေအပေါ်မှာ registration ကဒ် လုပ်ရမယ်ဆိုတဲ့ကိစ္စက ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပေါ့နော်။ တဘက်ကနေပြီးတော့ နိုင်ငံတကာ ဒီမိုကရေစီ စံချိန်စံညွှန်းမီအောင် သွားနေတယ်။ ဒါပေမဲ့ တဘက်အုပ်စုတွေကလည်း ဟို နောက်ပြန်ဆွဲပြီးတော့ တလွဲအသုံးချမယ်ဆိုတဲ့ ပုံစံမျိုးပေါ်မှာ မြင်နေရတယ်ပေါ့။ အဲ့ဒီအပေါ်မှာတော့ စိုးရိမ်ရတယ်ခင်ဗျ။ အဲ့ဒီအပေါ်မှာကိုတော့ ကျနော်လည်း သဘောမတူပါဘူးခင်ဗျ။”

အခု ဥပဒေမူကြမ်းဟာ တကယ်တမ်း ဥပဒေအဖြစ် ရောက်မလာသေးတဲ့အတွက် မှတ်ချက်ပေးဖို့ စောပါသေးတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် က ပြောပါတယ်။

“ဒီဥပဒေထွက်လာဖို့ကိုပဲ အဆင့်က အများကြီး ကျနော်တို့က ကျော်ဖြတ်ရဦးမယ်ဆိုတော့ ဒီဥစ္စာ ဥပဒေအဖြစ် ရောက်မရောက် ဆိုတဲ့ဟာကလည်း စဉ်းစားဖို့ရှိပါတယ်။ ဒါကြောင့် အခုကတော့ တော်တော်လေး ပြောဖို့ စောနေပါသေးတယ်။ အကျိုးသက်ရောက်မှုကတော့ ပြောဖို့ တော်တော်လေး စောနေပါသေးတယ်လို့ ကျနော် ထင်ပါတယ်။ ဥပဒေကို မရောက်သေးတော့လေ ဥပဒေအဖြစ် သတ်မှတ်တာကို ဝေဖန်ချက်ပေးဖို့လည်း နည်းနည်းတော့ စောနေဦးမယ်ခင်ဗျ။”

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဥပဒေနဲ့အတူ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ နောက် တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဆိုပြီး ဥပဒေမူကြမ်း လေးရပ်ကို ရေးဆွဲပြဋ္ဌာန်းပေးဖို့ သမ္မတက ပြည်ထောင်စုလွှတ်တော်ဆီ သဝဏ်လွှာ အရင် ပေးပို့ခဲ့တာပါ။ သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းတွေက ဥပဒေမူကြမ်းတွေကို ရေးဆွဲပြီး လွှတ်တော်ဆီ တင်သွင်းဖို့နဲ့ လွှတ်တော်အနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွား အမှန်တကယ် ရဖို့အတွက် အလေးထား စဉ်းစားသုံးသပ်ပြီး ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက က အကြောင်းပြန်ခဲ့ပြီးတဲ့နောက်ပိုင်း အခုဥပဒေမူကြမ်း ပထမဆုံး ထွက်လာတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG