သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၃ ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်စာရင်းမှာ မြန်မာပါ


မြန်မာနိုင်ငံထဲက ဘာသာရေးအကြမ်းဖက်မှုတွေကြောင့် ဘာသာရေးလွတ်လပ်ခွင့်အရ ကမ္ဘာမှာ အထူးစိုးရိမ်ရတဲ့နိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုရဲ့ အစီရင်ခံစာသစ်မှာ ထည့်သွင်း သတ်မှတ်လိုက်ပါတယ်။ နှစ်စဉ် ထုတ်ပြန်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရရဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာထဲမှာ တရုတ်၊ မြောက်ကိုရီယား၊ အီရန်၊ ဆူဒန်၊ ဆော်ဒီအာရေဗီးယားနိုင်ငံတွေနဲ့အတူပဲ မြန်မာနိုင်ငံကိုလည်း Tier 1 အထူး စိုးရိမ်စရာကောင်းတဲ့ နိုင်ငံထဲမှာ ထည့်သွင်းဖော်ပြလိုက်တာဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

နိုင်ငံရေးအယူအဆအရ ဘာသာတရားကို အားမပေးတဲ့နိုင်ငံတွေ၊ ဘာသာရေးကို နိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ပြဌာန်းကြတဲ့ နိုင်ငံတွေနဲ့အတူ မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့်အရ အထူးစိုးရိမ်စရာကောင်းတဲ့အဆင့်ထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒီနှစ် အစီရင်ခံစာထဲမှာတော့ ဘာသာရေးအကြမ်းဖက်မှုပြဿနာတွေကို အလေးပေး ဖော်ညွှန်းထားသလို၊ ဒီအကြောင်းရပ်နဲ့တဆက်တည်း မြန်မာနိုင်ငံကို ဥပမာအဖြစ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဒီ အစီရင်ခံစာထုတ်ပြန်တဲ့ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“မိသားစုတွေ အိုးအိမ်စွန့်ခွာထွက်ပြေးရပြီး လူမှုအသိုင်းအဝိုင်းတွေ ပြိုပျက်ရတဲ့ ဘာသာရေးအကြမ်းဖက်မှုတွေ ဘယ်လို ဆက်ဖြစ်နေသလဲဆိုတာကို အခုနှစ် အစီရင်ခံစာထဲမှာ ပြဿနာတရပ်အနေနဲ့ ထည့်သွင်းဖော်ပြထားပါတယ်။ ဘာသာရေးအကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံမှာဆိုရင် ထောင်ဂဏန်းရှိတဲ့ ရိုဟင်ဂျာမူဆလင်တွေ အိုးအိမ်စွန့်ခွာပြေးကြရပါတယ်၊ နောက်ထပ် လူဦးရည် သောင်းဂဏန်းဟာလည်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်ကုသမှုမရှိတဲ့၊ ညစ်ပေစုတ်ပြတ်တဲ့ စခန်းတွေထဲမှာ နေထိုင်နေကြရပါတယ်။”

ဘာသာရေးလွတ်လပ်ခွင့် ထိပါးသူတွေဟာ တဖက်က သူတို့မလိုလားတဲ့ဘာသာခြားတွေကို ခြိမ်းခြောက်နေရုံတင်မဟုတ်ဘဲ သူတို့ ကိုယ်တိုင်ရဲ့ တည်ငြိမ်လုံခြုံမှုကိုပါ နှောက်ယှက်ဖျက်ဆီးသူတွေဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီက ပြောပါတယ်။

မြန်မာနိုင်ငံတွင်း မကြာခင်နှစ်တွေကဖြစ်ခဲ့တဲ့ ဘာသာရေးအဓိကရုဏ်းတွေနဲ့ အကြမ်းဖက်မှုတွေကို ဖော်ညွှန်းပြီး မြန်မာနိုင်ငံတွင်း ဘာသာရေးအရ ခွဲခြားဆက်ဆံတဲ့ အလေ့အထတွေနဲ့ စနစ်တွေကို ဒီ အစီရင်ခံစာထဲမှာထောက်ပြ ရေးသားထားပါတယ်။ ဥပမာဆိုရင် ဘာသာစုံရှိတဲ့ မြန်မာနိုင်ငံမှာ သာသာနာရေးဝန်ကြီးဌာနဆိုတဲ့ အစိုးရအဖွဲ့ထားပြီးတော့ အစိုးရကနေ ဗုဒ္ဓဘာသာအရေးပါ ပါဝင်ဆောင်ရွက်တာ ဗုဒ္ဓဘာသာတက္ကသိုလ်တွေကို ထောက်ပံ့ကူညီတာတွေ ထောက်ပြထားပါတယ်။

မိတ္တီလာမှာဖြစ်ခဲ့တဲ့ မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေကြောင့် ၂၀၁၃ ခုနှစ် အစောပိုင်းမှာ တင်မှာပဲ လူ ၁ ရာကျော်သေဆုံးပြီး လူ တသောင်းနှစ်ထောင်လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒီ အစီရင်ခံစာမှာဖော်ပြပါတယ်။ ဒါကိုကြည့်ရင် မူဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှုဟာ မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်မှာတင်မဟုတ်တော့ဘဲ တနိုင်ငံလုံးအထိ ပြန်နှံလာတဲ့ သဘောလို့ ဆိုထားပါတယ်။ မူဆလင်ဆန့်ကျင်ရေးနဲပ အစွန်းရောက်အမျိုးသားရေးလှုပ်ရှားမှုဖြစ်တဲ့ ၉၆၉ လှုပ်ရှားမှု အခြေအနေတွေကိုလည်း ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါတွေဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုတွေကို အနှောက်အယှက်ပေးတဲ့အခြေအနေဖြစ်တယ်လို့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေးတိုးတက်မှုတွေဖြစ်လာမှာကို စိုးရိမ်တာဖြစ်စေ တိုးတက်မှုတွေမလိုလားလို့ဖြစ်စေ လူတွေကို ဒီမိုကရေစီကိုဆန့်ကျင်ဖို့ ဆိုပြီး စည်းရုံးပြောဆိုဖို့ဆိုတာ လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဘာသာကူးပြောင်းတာတို့ ဘာသာခြားနဲ့လက်ထပ်တဲ့ကိစ္စတို့လိုမျိုး အကြောင်းပြပြီး၊ ဘာသာရေး လူမျိုးရေးခွဲခြားပြီး စည်းရုံးပြောဆိုမယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း ထင်ရှားတဲ့ အမျိုးသားရေး ဘုန်းတော်ကြီးတွေက ထောက်ခံမှုပေးထားတဲ့ ၉၆၉ လှုပ်ရှားမှုတွေဖြစ်လာတာပါ။ မတူကွဲပြားတဲ့လူမှုအသိုင်းအဝိုင်းတွေ နှစ်ပေါင်းကြာရှည် အတူတကွ စုစည်းနေလာခဲ့တဲ့အစဉ်အလာရှိတဲ့ ဒီတိုင်းပြည်မှာ၊ အဲဒီကတဆင့် မူဆလင်ဆန့်ကျင်ရေးနဲ့ အကြမ်းဖက်မှုတွေ လောင်မြိုက်လာပါတယ်။”

ဒီ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံတွင်း ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ မူဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကိုပဲ ထောက်ပြထားတော့ မဟုတ်ပါဘူး၊ ခရစ်ယာန်ဘာသာအပေါ် အချို့နေရာတွေမှာ ဖိနှိပ်ကန့်သတ်မှုအခြေအနေတွေကိုပါ ထည့်သွင်းထားပါတယ်။ ပဋိပက္ခဖြစ်နေတဲ ကချင်ပြည်နယ်ဒေသမျိုး၊ အစွန်အဖျား ချင်းပြည်နယ်ဒေသမျိုးတွေဟာ အများစုဖြစ်တဲ့ ခရစ်ယာန်ဘာသာဝင်တွေအပေါ် ကန့်သတ်ဖိနှိပ်မှုတွေကို ဖော်ပြထားပါတယ်။ ဗုဒ္ဓဘာသာထဲမှာဆိုရင် နိုင်ငံတော်အသိအမှတ်ပြုတဲ့ ဂိုဏ်းကြီး ၉ ဂိုဏ်းကလွဲပြီး၊ ကျန် ယူအဆရှိသူတွေကို နှိပ်ကွပ်တဲ့အခြေအနေတွေကိုလည်း ထောက်ပြထားပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ အမြင်အယူအဆအချို့မတူတဲ့ မိုးပြာကိုယ်တော်ဆိုပြီး ထင်ရှားသူ အရှင်ဉာဏကို ၂၀၁၀ ခုနှစ်မှာ ဖမ်းဆီးပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်အပြစ်ပေးထားတာကိုလည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာအချို့မှာ အခြေအနေ တိုးတက်မှုတွေ ဖော်ပြခံခဲ့ရပေမယ့် အခု ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာတော့ ဟိုးအရင်ကတည်းက သတ်မှတ်ခံရပြီးသား အထူးစိုးရိမ်ရတဲ့နိုင်ငံ အဆင့်ထဲမှာပဲ ရှိနေတုန်းလို့ ပြောရမှာပါ။

XS
SM
MD
LG