သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး USIP ငြိမ်းချမ်းရေးစင်တာမှာ ဆွေးနွေး


"Rescuing Democracy in Myanmar" event at USIP Washington DC. (24 MAR, 2023 Friday)
"Rescuing Democracy in Myanmar" event at USIP Washington DC. (24 MAR, 2023 Friday)

=== [[ ZAWGYI ]] ===

မြန်မာ့အရေး USIP ငြိမ်းချမ်းရေးစင်တာမှာ ဆွေးနွေး

တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို အမေရိကန်-တရုတ် အားပြိုင်မှုအဖြစ် ရှုမြင်လာနေတာကို စိုးရိမ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Scot Marciel စကော့မာစီရယ်က ဝါရှင်တန်အခြေစိုက် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျူ USIP ရဲ့ သောကြာနေ့ မြန်မာ့ဒီမိုကရေစီရေး ဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက် ဒီမိုကရေစီလှုပ်ရှားမှုရဲ့ သက်ရောက်မှုတွေအကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် မြန်မာ့အရေး ဆောင်ရွက်နေသူတွေ ပါဝင်ဆွေးနွေးကြတဲ့ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကိုငြိမ်းချမ်းအေးက စုစည်း ပြောပြပါမယ်။


မြန်မာ့ ဒီမိုကရေစီအရေးအတွက် အမေရိကန် အပါအဝင် နိုင်ငံတကာရဲ့ရပ်တည်ချက်တွေ၊ သူတို့ရဲ့ ပံ့ပိုးကူညီမှုတွေရဲ့ လက်တွေ့သက်ရောက်မှုနဲ့ လိုအပ်ချက် အားနည်းချက်တွေကို ဆွေးနွေးပွဲ တက်ရောက်လာသူတွေက အလေးပေး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာပြည်က စစ်အာဏာသိမ်း ပြဿနာအပေါ် အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ သဘောထားကို ဆွေးနွေးကြရာမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း စကော့မာစီရယ်က တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့ဟာ မြန်မာ စစ်တပ်နဲ့ ပေါ်ပေါ်ထင်ထင် လက်တွဲနေတာ တွေ့ရပြီး ဒါဟာ မြန်မာပြည်သူတွေရဲ့ အကျိုးကို မလိုလားတဲ့ သဘောလို့ မြင်ပါတယ်။ ဒါ့အပြင် မြန်မာ့အရေးကို တရုတ်က အမေရိကန်နဲ့ တရုတ်ကြား အားပြိုင်မှုတခုအဖြစ် မြင်နေတာဟာ စိုးရိမ်စရာ ကောင်းတယ်လို့ စကော့မာစီရယ်က ပြောပါတယ်။

Scot Marciel, former US ambassador to Myanmar discussing on "Rescuing Democracy in Myanmar" event at USIP (24 MAR, 2023 Friday)
Scot Marciel, former US ambassador to Myanmar discussing on "Rescuing Democracy in Myanmar" event at USIP (24 MAR, 2023 Friday)

“မြန်မာလူထုရဲ့ သဘောထားကို တရုတ်အစိုးရက ဂရုမစိုက်ပါဘူး။ အင်အား တောင့်တင်းပြီး အောင်မြင်တဲ့ မြန်မာနိုင်ငံဖြစ်ဖို့ သူတို့ မလိုလားပါဘူး။ အားနည်းပြီး အကွဲအကွဲအပြားပြား ဖြစ်နေတာကို သူတို့ ပိုလိုချင်နေပါတယ်။ တိုင်းပြည်က အလုပ်ဖြစ်ရုံ တည်ငြိမ်နေရုံလောက် သူတို့လိုချင်တာပါ။ ကျွန်တော် ပိုပြီး စိုးရိမ်လာတာက တရုတ်အစိုးရအနေနဲ့ မြန်မာအရေးကို ကြည့်တာမှာ အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုလို သဘောထားမျိုး ဖြစ်လာနေတာပါ။ အမေရိကန်ရဲ့ သြဇာအောက် မြန်မာ ရောက်သွားမလားဆိုပြီး တရုတ်က စိုးရိမ်လာနေတာက တကယ့်ကို ကံဆိုးတာပါပဲ။ ဒါဟာ အမေရိကန်-တရုတ် ပြဿနာ မဟုတ်ပါဘူး။ ဖြစ်စရာ အကြောင်းလည်း မရှိပါဘူး။ ဒါဟာ မြန်မာ ပြဿနာပါ။”

ရှေ့အနာဂတ်မှာ ပေါ်ထွန်းလာမယ့် မြန်မာအစိုးရတွေဟာ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး လိုအပ်ကြောင်းနဲ့ အမေရိကန် အတွက်တော့ ဒါဟာ စိုးရိမ်စရာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

အိန္ဒိယကတော့ မြန်မာအပေါ် တရုတ်ရဲ့ လွှမ်းမိုးမှုကို တန်ပြန်နိုင်ဖို့နဲ့ လက်နက်ကိုင်တပ်ဖွဲ့တချို့ ရှိနေတဲ့ သူ့နယ်စပ် တည်ငြိမ်ရေးအတွက်လို့ ယူဆနိုင်စရာရှိတဲ့ အချက် ၂ ချက်အတွက် မြန်မာစစ်အုပ်စုကို ဆက်ဆံနေတာ တွေ့ရပြီး ဒါဟာ ရေရှည် မကြည့်တဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ မစ္စတာ မာစီရယ်က သတ်မှတ်ပါတယ်။

ဒါ့အပြင် အာဆီယံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီးတွေကို နားချလို့ ရမယ်လို့ ယူဆနေတာနဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ တစုံတရာ အလျှော့-အတင်း၊ အပေး-အယူလုပ်ပြီး တွေ့ဆုံဆွေးနွေးနိုင်မယ်လို့ မျှော်လင့်နေကြတာကလည်း လက်တွေ့ မကျဘူးလို့ ဝေဖန်ပါတယ်။

တွေ့ဆုံဆွေးနွေးရေး ဖြစ်လာနိုင်ခြေနဲ့ ပတ်သက်လို့ ပြောကြရာမှာ ပါဝင်ဆွေးနွေးသူ တဦးဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက နိုင်ငံရေးမှာ စစ်တပ် လွှမ်းမိုးမှုနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလို အခြေခံမူတွေက အပေး-အယူ လုပ်လို့ မရဘူးလို့ ပြောပါတယ်။ ဒီလို အရင်းခံ ပြဿနာကို မကြည့်ဘဲ တွေ့ဆုံဆွေးနွေးရေးအကြောင်း ပြောနေတာက မြန်မာ့အကျပ်အတည်းကို မဖြေရှင်းနိုင်ရုံမကပဲ အဆိုးဘက် ပို ဦးတည်သွားစေနိုင်တယ်လို့ သတိပေးပါတယ်။

“တွေ့ဆုံဆွေးနွေးရေး ပြောရမယ့် အချိန် မဟုတ်ပါဘူး။ စစ်တပ်ရဲ့ သဘောထားကို ကောင်းကောင်းကြီး သိခဲ့ပြီးသားပါ။ သူတို့က တွေ့ဆုံဆွေးနွေးရေးကို သူတို့ရဲ့ နိုင်ငံရေး အကျိုးအမြတ်အတွက်ပဲ အမြဲ အသုံးချခဲ့တာပါ။ ဒါမျိုးနည်းလမ်းကို သမိုင်းမှာ အကြိမ်ကြိမ် သုံးခဲ့ပြီးပါပြီ။ သူ့တို့အကျိုးအတွက် ဒါမျိုး လှည့်ဖြားနေကျပါ။ ဆွေးနွေးရေး အကြောင်းပြောရင် တိုင်းပြည်ပြဿနာရဲ့ အရင်းခံအကြောင်းတွေ အရင် ဖြေရှင်းရပါမယ်။”

Moe Zaw Oo, Deputy FM of NUG discussing on "Rescuing Democracy in Myanmar" event at USIP Washington DC. (24 MAR, 2023 Friday)
Moe Zaw Oo, Deputy FM of NUG discussing on "Rescuing Democracy in Myanmar" event at USIP Washington DC. (24 MAR, 2023 Friday)

မြန်မာ့အရေး အနီးကပ် လေ့လာစောင့်ကြည့်နေတဲ့ သံအမတ်ကြီးဟောင်း စကော့မာစီရယ် ကတော့ အရှေ့တောင်အာရှ ခေတ်သစ်သမိုင်းမှာ အမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကမ္ဘောဒီးယားရဲ့ ခမာနီ ခေတ်နောက်ပိုင်းမှာ လက်ရှိ မြန်မာ စစ်ခေါင်းဆောင်တွေက အဆိုးရွားဆုံး ဖြစ်တယ်လို့ ပြောပါတယ်။ သူတို့ဟာ တိုင်းပြည်ကို မအုပ်ချုပ်နိုင်သလို လူထုကလည်း လုံးလုံး ဆန့်ကျင်နေတာ တွေ့ရတဲ့အတွက် တော်လှန်ရေး အင်အားစုတွေကသာ မြန်မာနိုင်ငံရဲ့ တခုတည်းသော မျှော်လင့်ချက်လို့ ပြောကြားခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝန်းက သူတို့နဲ့အတူ ရပ်တည်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ဒုဝန်ကြီး ဦးမိုးဇော်ဦးကလည်း လူထုဟာ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ သန္နိဋ္ဌာန်ချထားပြီး ဆက်လက် တိုက်ပွဲဝင်နေမှာဖြစ်လို့ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံအစိုးရတွေက အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် လူမျိုးစု တိုင်းရင်းသားအားလုံးရဲ့ တော်လှန်ရေးကို ထိထိရောက်ရောက် ပံ့ပိုးပေးဖို့ ပြောပါတယ်။ ဒါ့အပြင် စစ်တပ်အပေါ် လုံလောက်တဲ့ ဖိအား မပေးရင် သူတို့ဟာ အာဏာကို ပြည်သူ့လက်ထဲ ပြန်ပေးဖို့ မရှိပဲ သူတို့ကြေညာထားတဲ့ ဟန်ပြ တရားမဝင် ရွေးကောက်ပွဲကနေ ပြဿနာကို ပိုကြီးထွားစေမှာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတဦး ဖြစ်တဲ့ လက်ထောက် အတွင်းဝန် အဲရင် ဘာကလေ(Erin Barclay) ကတော့ အမေရိကန်က အာဆီယံ အပါအဝင် အိမ်းနီးချင်းနိုင်ငံတွေ အားလုံးနဲ့ သံတမန်ရေးလမ်းကြောင်းတွေသုံးပြီး တိုက်တွန်းနေတယ်လို့ ဒီဆေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။

ဒါ့အပြင် လက်ရှိအခြေနေမျိုးနဲ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် စစ်အုပ်စု အာဏာ ဆက်လက်တည်မြဲရေးကို ပံ့ပိုးတာဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို လက်မခံကြဖို့ တိုက်တွန်းပါတယ်။ ဒါ့အပြင် “ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်စနစ်ဆိုတာ မတည်ငြိမ်မှုတွေကိုပဲ ဦးတည်စေမယ်” လို့ လည်း အမေရိကန် လက်ထောက် အတွင်းဝန်က သတိပေးခဲ့ပါတယ်။


=== {{ UNICODE }} ===




တိုက်ရိုက် လင့်ခ်









"Rescuing Democracy in Myanmar" event at USIP Washington DC. (24 MAR, 2023 Friday)
"Rescuing Democracy in Myanmar" event at USIP Washington DC. (24 MAR, 2023 Friday)






XS
SM
MD
LG