သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ မြန်မာအမျိုးသမီးတွေကို ကန်သံရုံးဂုဏ်ပြု


ရန်ကုန် အမေရိကန်သံရုံး Facebook စာမျက်နှာမှာ ဂုဏ်ပြုဖော်ပြထားတဲ့ မြန်မာအမျိုးသမီးခေါင်းဆောင်များ (မတ် ၈၊ ၂၀၂၃)
ရန်ကုန် အမေရိကန်သံရုံး Facebook စာမျက်နှာမှာ ဂုဏ်ပြုဖော်ပြထားတဲ့ မြန်မာအမျိုးသမီးခေါင်းဆောင်များ (မတ် ၈၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ တန်းတူညီမျှရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ဉီးဆောင်လှုပ်ရှားခဲ့တဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို ဂုဏ်ပြုတဲ့အကြောင်း ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ရန်ကုန် အမေရိကန် သံရုံးက Facebook စာမျက်နှာမှာ ထုတ်ပြန်ကြေညာထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ လူထုဒေါ်အမာ၊ ဒေါ်ဇင်မာအောင်၊ မသီတာ (စမ်းချောင်း)၊ ဒေါက်တာစင်သီယာမောင်တို့ရဲ့ ပုံတွေနဲ့အတူ ဒီမိုကရေစီရေးနဲ့ တန်းတူရေးအတွက် ဉီးဆောင်လှုပ်ရှားခဲ့သူတွေရဲ့ ပုံတွေကို အတူတွဲပြီး လူမှုကွန်ယက်မှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း Generation Z ဂျန်ဇီလို့ခေါ်တဲ့ မျိုးဆက်သစ် အမျိုးသမီးငယ်တွေရဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ရှေ့တန်းက အဓိက ပါဝင်ခဲ့တဲ့အကြောင်း အမေရိကန်ငြိမ်းချမ်းရေးဌာန USIP ရဲ့ အစီရင်ခံစာတွေမှာ ဖေါ်ပြထားပါတယ်။ ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေဟာ အန္တရာယ်ကို မကြောက်မရွံ့၊ အဖမ်းဆီးခံ၊ နှိပ်စက်ညှဉ်းပန်းခံရတဲ့အကြား ဒီမိုကရေစီရေးအတွက် ဆက်လက်လှုပ်ရှားခဲ့တာကို အသိအမှတ်ပြုရေးသားထားပါတယ်။ ဒါပေမဲ့လည်း အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ နေရာတိုင်းမှာ ရှိနေဆဲဖြစ်သလို အမျိုးသမီး အခွင့်အရေးလှုပ်ရှားမှုတွေလည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ တင်းတင်းကြပ်ကြပ် ပိုပြီး ဖိနှိပ်ကန့်သတ်ခံနေရပါတယ်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်း အကျဉ်းကျနေတဲ့ အမျိုးသမီး သတင်းထောက် ၇၃ ယောက်ကို ချက်ခြင်းလွှတ်ပေးဖို့ ဒီကနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ နယ်စီးမခြားသတင်းထောက်များအဖွဲ့ RSF က ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး မြန်မာနိင်ငံမှာ အမျိုးသမီးတွေအပေါ် အွန်လိုင်းကနေ နိုင်ငံရေးအရ တမင်ရည်ရွယ်တဲ့ တိုက်ခိုက်မှုတွေ ၅ ဆ ပိုများလာတဲ့အကြောင်း ကုလသမဂ္ဂရဲ့ အမျိုးသမီးရေးရာ အလုပ်အမှုဆောင် ဒါရိုက်တာ Sima Bahous က လုံခြုံရေးကောင်စီမှာ ကျင်းပတဲ့ အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။ NUG အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကလည်း ဒီနှစ် အမျိုးသမီးများနေ့ ဆောင်ပုဒ်ဖြစ်တဲ့ “ညီမျှခွင့်တူ ဖမ်းဆုပ်ယူ-Embrace Equity" ဆိုတဲ့အတိုင်း အမျိုးသမီးတွေရဲ့ တန်းတူညီမျှမှုနဲ့ ရပိုင်ခွင့်တွေကို ဖမ်းဆုပ်မြဲမြံနိုင်ဖို့၊ လှုပ်ရှားသွားဖို့ လိုအပ်တဲ့အကြောင်း ဆော်ဩထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG