သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“အမှန်တရားပြောမယ့် ရဲတပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်တာ” ဒုရဲမှူးဟောင်းမိုးရန်နိုင်


ရိုက်တာအမှုမှာ အမှုရင်ဆိုင်နေတဲ့ ဒုရဲမှူးဟောင်းကို ရဲစည်းကမ်းထိန်းသိမ်းရေး အက်ဥပဒေနဲ့ ထောင်တနှစ် ချခဲ့တာဟာ အမှန်တရားကိုဖြေဆိုမယ့် ရဲဝန်ထမ်းတွေ အတွက် နှုတ်ပိတ်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုပြီးဒုရဲမှူးဟောင်း မိုးရန်နိုင်က ကနေ့ ရုံးထွက်မှာ ပြောသွားပါတယ်။ သူ့ကိုထောင်ချတာကိုလည်း ဘယ်တရားရုံး ဘယ်တရားသူကြီးက အမိန့်ချတယ်ဆိုတာ မသိလိုက်ရပဲ၊ အကြောင်းကြားစာပဲ လက်ခံရရခဲ့တာလို့ တရားရုံးထွက်ချက်မှာ ပြောသွားပါတယ်။ တရားခွင်မှာ သတင်းသွားယူခဲ့တဲ့ မမေခ သတင်းပေးပို့ထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်တွေအမှုကို ဒီကနေ့ ရုံးထုတ်ရာမှာတော့ ဒုရဲမှူးဟောင်းမိုးရန်နိုင်ကို အရင်လို ရဲယူနီဖောင်းနဲ့မဟုတ်တော့ပဲ၊ ထောင်ဝတ်စုံနဲ့ ရုံးထုတ်လာတာ တွေ့ရပါတယ်။ သူ့ကို ဧပြီလ ၂၅ ရက်နေ့က ရဲစည်းကမ်းထိန်းသိမ်းရေး အက် ဥပဒေနဲ့ ထောင် တနှစ်ချခဲ့တယ်ဆိုတာကို ဧပြီလ ၂၇ ရက်နေ့ကျမှ အကြောင်းကြားစာ ရရှိပြီး သိရှိခဲ့တာလို့ ဒုရဲမှုးဟောင်း မိုးရန်နိုင်က တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ သတင်းထောက်တွေမေးတာကို ခွင့်ပြုချက်မယူပဲ ဖြေဆိုခဲ့တာကြောင့် အရေးယူ ခံရတာလို့လည်း ထွက်ဆိုပါတယ်။ ဒုရဲမှူးဟောင်း မိုးရန်နိုင် ဟာ အစိုးရလျှို့ဝှက်ချက် ဥပဒေ ဖောက်ဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ Reuters သတင်းထောက် ၂ ဦးအမှု မှာ အစိုးရ သက်သေတဦး အဖြစ် အစစ်ခံနေရတာပါ။ သူ့ကို ရဲစည်းကမ်း ဥပဒေနဲ့ ထောင်ဒဏ်တနှစ်ချလိုက်တဲ့ လုပ်ရပ်ဟာ အမှန်တရားကို ထွက်ဆိုမယ့် ရဲဝန်ထမ်းတွေကို နှုတ်ပိတ်တာဖြစ်တယ်လို့ တရားရုံးအထွက် သတင်းထောက်တွေကို ပြောသွားပါတယ်။

"အဲလိုထောင်ချလိုက်တာက အမှန်တရားကိုဖော်ထုတ်မယ့် ရဲတပ်ဖွဲ့ဝင်တွေကို ခြိမ်း ခြောက်လိုက်တာလို့ ကျနော်မြင်ပါတယ်"

ဖမ်းဆီးခံ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အထက်အမိန့်အရ ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဧပြီလ ၂၀ ရက်နေ့ တရားခွင်မှာ ဒုရဲမှူးမိုးရန်နို်င်က ထွက်ဆိုခဲ့ပြီး အဲဒီအထက်အမိန့်ဆိုတာကို ရဲမှူးချုပ်တင်ကိုကိုက ညွှန်ကြားခဲ့တာလို့လည်း ထွက်ဆိုထားခဲ့သူ ဖြစ်ပါတယ်။ ဒီလိုထွက်ဆို အပြီး ရဲစည်းကမ်းထိန်းသိမ်းရေးအရ ထောင်ဒဏ် ၁နှစ် အရေးယူခံလိုက်ရတာပါ။

ဒုရဲမှူး မိုးရန်နိုင်ဟာ ရခိုင်ပဋိပက္ခအတွင်း အမှတ်(၈) လုံခြုံရေး ရဲတပ်ရင်း ကို တာဝန်ယူခဲ့ရသူတဦး ဖြစ်ပါတယ်။ရိုက်တာသတင်းထောက် ကိုဝလုံးတို့ နှစ်ယောက်ဟာ သူတို့ အဖမ်းမခံရခင် အချိန်က ရဲမှူး မိုးရန်နိုင်အပါအဝင် ရဲဝန်ထမ်း (၆) ယောက်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီတွေ့ဆုံမှု အပြီး တွေ့ဆုံခဲ့တဲ့ (၆) ယောက်လုံး ယာယီ ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ နောက်တော့ (၄) ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး ဒုရဲမှူးမိုးရန်နိုင်နဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ နှစ်ယောက်ကို ဆက်ပြီး ချုပ်နှောင်ထားခံခဲ့တာပါ။ အခု အချိန်ထိ တပ်ကြပ်ကြီး ခင်မောင်လင်းနဲ့ပတ်သက်တဲ့ သတင်းတခုခုကိုတော့ အခုချိန်ထိ မသိရသေးသလို ဒါနဲ့ပတ်သတ်လို့ အာဏာပိုင်တွေဖက်က သတင်း အမှောင်ချထားဆဲပါ။

ဒီကနေ့ ရိုက်တာသတင်းထောက်တွေရဲ့ အမှုတရားခွင်မှာတော့ ဒုရဲမှူးမိုးရန်နိုင်ကိုပဲ အဓိက စစ်မေးခဲ့တာပါ။ ဒီကနေ့ တရားခွင်ကြားနာမှုတွေအပေါ်မှာ အားရမိတယ်လို့ ရိုက်တာသတင်းထောက်တွေရဲ့ရှေ့နေ ကိုသန်းဇော်အောင်က ပြောပါတယ်။

" အဓိကက စာရွက်တွေပေးဖို့စီစဉ်ခိုင်းတဲ့ ရဲမှူးချုပ်တင်ကိုကိုကော ဒုတပ်ကြပ်နိုင်လင်း ကကော အရေးယူခံရတာမရှိတာကို သက်သေကထွက်ဆိုသွားတယ်။ တကယ်စာရွက် ပေးတဲ့သူတောင်မှ အရေးယူခံရတာမရှိရင် ဘုမသိဘမသိနဲ့ စာရွက်ယူထားပြီး စာရွက်နဲ့ တွေ့ပါတယ်ဆိုတဲ့ သတင်းထောက်တွေက ပိုပြီးတော့လွတ်နိုင်ချေများပါတယ်။ အဓိက ကသတင်းမီဒီယာ ဥပဒေအတိုင်းလုပ်ကြောင်း တရားလိုကိုယ်တိုင်လဲထွက်ဆိုခဲ့တယ်။ ဒုရဲမှူးမိုးရန်နိုင်ဆိုလဲ သတင်းမီဒီယာသမားနဲ့တွေ့လို့ ရဲစည်းကမ်းထိန်းသိမ်း ရေးအရ ညှိုတယ် ဆိုပြီးစွပ်စွဲခံ ထောင်ချခံရတယ်။ အဲတော့ ဒီထဲမှာ စွပ်စွဲထားသလိုမျိုး လျို့ဝှက် စာရွက်စာတမ်းပေးခဲ့ပါတယ်ဆိုတဲ့ သူတွေက အရေးယူမခံရဘူး။ ဒါကအမှုထူးခြားချက် ပါ"

ရိုက်တာသတင်းထောက်တွေရဲ့ အမှုကို လာမယ့် မေ ၁၆ ရက်နေ့မှာ တရားရုံးချိန်းထပ်မံခေါ်ဆိုထားပါတယ်။ ရခိုင်မြောက်ပိုင်းပဋိပက္ခနဲ့ ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သတင်းရယူနေစဉ်မှာပဲ ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ ဒါဟာ ရဲဖက်က သူတို့ကို သတင်းပေးမယ်ဆိုပြီး ထောင်ဖမ်းခဲ့တာလို့ စွတ်စွဲခံရသူတွေဖက်က တရားရုံးမှာ ထွက်ဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG