သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည်ရ သက်သေတင်သွင်းမှု တရားရုံးပယ်ချ


တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်
တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်

အစိုးရလျှို့ဝှက်ချက် ဥပဒေ ဖောက်ဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ Reuters သတင်းထောက် ၂ ဦးအမှု မှာ တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည် ရသော သက်သေတဦး အဖြစ် အစိုးရ ရှေ့နေဘက်က တင်ပြထားတာကို မြောက်ပိုင်းခရိုင်တရားရုံးက ဒီကနေ့ တရားရုံးကြားနာမှုအတွင်း ပယ်ချလိုက်ပါတယ်။ အခုလိုဆုံးဖြတ်လိုက်တာကြောင့် တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ယခင်ထွက် ဆိုချက်တွေဟာ အမှုစစ်ဆေးရာမှာ ဆက်လက်အကျုံးဝင်နေမှာဖြစ်ပါတယ်။ ဒီသတင်းကိုကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက်မေခကပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ရုံးချိန်းက တရားလို ရှေ့နေအဖြစ် ဆောင်ရွက်နေတဲ့ ဥပဒေအကျိုးဆောင်က တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည်ရသော သက်သေ အဖြစ် တင်သွင်း လျောက်လဲခဲ့သလို Reuters ရှေ့နေတွေ ဘက်ကလည်း ပြန်လည် ခုခံချေပခဲ့ကြတဲ့အပေဓ တရားသူကြီးဘက်က အခုလိုဆုံးဖြတ် ချက်ချလိုက်တာဖြစ်ပါတယ်။ အခုလိုဆုံးဖြတ်လိုက်တာကြောင့် တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်ရဲ့ အရင် ထွက်ဆိုချက်တွေဟာ အမှုစစ်ဆေးရာမှာ ဆက်လက်အကျုံးဝင်နေမှာဖြစ်ပါတယ်။

ဒုရဲမှုးမိုးရန်နိုင်က ဖမ်းဆီခံထားရတဲ့ Reuters သတင်းထောက် ၂ ဦးဟာ အထက်အမိန့်အရ ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ရကြောင်း ဧပြီလ ၂၀ ရက်နေ့ တရားရုံးချိန်းမှာထွက်ဆိုထားတာဖြစ်ပါတယ်။ ဒီလိုထွက်ဆိုတာမှာ သူရဲ့ရဲအရေးယူခံရချိန်ထွက်ဆိုချက်နဲ့ တရားရုံးထွက်ဆိုချက် ကွဲလွဲတယ် ဆိုပြီး တရားလို ရှေ့နေအဖြစ် ဆောင်ရွက်နေတဲ့ ဥပဒေအကျိုးဆောင်က မယုံကြည်ရတဲ့ သက်သေ အဖြစ်တင်သွင်းလာခဲ့တာဖြစ်ပါတယ်။

အမှုနဲ့ပတ်သတ်ပြီး ရိုက်တာရှေ့နေတဦး ဖြစ်တဲ့ ဦးခင်မောင်ဇော်ကတော့ ဒီကနေ့တရားရုံးဆုံးဖြတ်ချက်က အမှုအတွက် အကောင်းဆုံးပံ့ပိုးမှုတွေ ရလာတယ်လို့ ဆိုလိုက်ပါတယ်။

"မယုံကြည်လောက်တဲ့ သက်သေမဟုတ်ဘဲနဲ့ ထည့်သွင်းစဉ်းစားမှာဆိုတော့ သူ့ထွက်ချက်တွေက တော်တော်လေးအရေးကြီးလာပြီပေါ့နော်။ ကျနော်တို့အတွက်ကောင်းတဲ့ မေ ျှာ်လင့်ချက်အကျိုးသက်ရောက်မှုတွေရှိလာပါလိမ့်မယ်။ ခုတိုင်းဆိုရှာဖွေလေ တွေ့ရှိလေ အဆင့်တော့ရောက် သွားပြီပေါ့။ ထပ်စစ်လေကောင်းတဲ့ အချက်တွေပေါ်လာလေ ဖြစ်သွားနိုင်တယ်ဗျ။ ဒုရဲမှုးမိုးရန်နိုင်အနေနဲ့လဲ သူအနစ်နာခံရကျိုးနပ်တယ်ပေါ့ဗျာ။"

ဒုရဲမှူး မိုးရန်နိုင်ဟာ ရခိုင်ပဋိပက္ခအတွင်း အမှတ်(၈) လုံခြုံရေး ရဲတပ်ရင်း ကို တာဝန်ယူခဲ့ရသူတဦး ဖြစ်ပါတယ်။ရိုက်တာသတင်းထောက် ကိုဝလုံးတို့ နှစ်ယောက်ဟာ သူတို့ အဖမ်းမခံရခင် အချိန်က ရဲမှူး မိုးရန်နိုင်အပါအဝင် ရဲဝန်ထမ်း (၆) ယောက်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီတွေ့ဆုံမှု အပြီး တွေ့ဆုံခဲ့တဲ့ (၆) ယောက်လုံး ယာယီ ထိမ်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ နောက်တော့ (၄) ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး ဒုရဲမှူးမိုးရန်နိုင်နဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ နှစ်ယောက်ကို ဆက်ပြီး ချုပ်နှောင်ထားခံခဲ့တာပါ။ မကြာသေးခင်က ဒုရဲမှုးမိုးရန်နိုင်ကို ရဲစည်း ကမ်းထိန်းသိမ်းရေးဥပဒေအရ ထောင် ၁နှစ်ချမှတ်လိုက်တာမို့ အခု အင်းစိန်ထောင်မှာ ထောင်ဒဏ်ကျခံနေရသူတဦးဖြစ်ပါတယ်။ အခု အချိန်ထိ တပ်ကြပ်ကြီး ခင်မောင်လင်းနဲ့ပတ်သက်တဲ့ သတင်းတခုခုကိုတော့ မသိရသေးသလို ဒါနဲ့ပတ်သတ်လို့ အစိုးရဘက်က သတင်း အမှောင်ချထားဆဲပါ။

ဒီကနေ့ဆုံးဖြတ်လိုက်တဲ့ အပေါ် ရိုက်တာ သတင်းထောက်ကိုဝလုံးက

" ဒီဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီး ကျနော်အရမ်းဝမ်းသာပါတယ်။ ဘာလို့ဆို မကြာခင် ကျနော်တို့ကိုလုပ်ခဲ့တဲ့ မတရားမှုတွေပေါ်လာတော့မယ်။ အမှန်တရားပေါ်လာ ပါတော့မယ်။ ဒုရဲမှုးမိုးရန်နိုင်ကို ကျနော်တို့သတင်းသမား တယောက်အနေနဲ့ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလိုထောင်ချခံရတဲ့ အပေါ်အ များကြီးစိတ်မကောင်းပါဘူး။ ဒီကိစ္စကနောက်ထပ်သတင်းသမားတွေ ရဲတွေကိုဆက်သွယ်လို့မရဘူးဆိုတဲ့ မက်စေ့ပေးချင်တာလို့ ကျနော်နား လည်ပါတယ်"

လာမယ့် မေ ၉ ရက်နေ့မှာ တရားရုံးချိန်းထပ်မံခေါ်ဆိုထားပြီး အဲဒီနေ့မှာ ဒုရဲမှုးမိုးရန်နိုင်ကို စစ်မေးဖို့ တရားရုံးက ဆင့်ခေါ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG