သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဒုတိယအကြိမ် ရုံးထုတ်တဲ့ တရားခွင်ဆီကို နိုင်ငံတကာသံတမန်တော်တော်များများလာရောက် ခဲ့ကြပါတယ်။ သတင်းထောက် ၂ ယောက်အနေနဲ့ မျှတတဲ့တရားစီရင်မှုရရဲ့လားဆိုတာကို လာရောက်လေ့လာတာဖြစ်ပြီး ဒီအမှုကို မြန်မြန်ဆန်ဆန်စစ်ဆေးနိုင်မယ်လို့ မျှော်လင့်ကြောင်း EU ဥရောပသမဂ္ဂသံတမန်က ပြောပါတယ်။ နိုင်ငံတကာဥပဒေရေးရာ ကျွမ်းကျင်သူတယောက်ကလည်း ဒီအမှုကြောင့် ရှိလာနိုင်တဲ့ ရိုက်ခတ်မှုတွေကို အစိုးရမြင်ကြည့်နိုင်မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။ အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင်တရားရုံးမှာ ကိုယ်တိုင်သတင်းသွားယူတဲ့ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါတယ်။
အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ယောက်ကို အင်းစိန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ ဒုတိယအကြိမ်ရုံးထုတ်တာမှာ နိုင်ငံခြားသံတမန်တော်တော်များများ လာရောက် လေ့လာတာကို တွေ့ရပါတယ်။ ကြားနာစစ်ဆေးတဲ့ တရားခွင်မှာ သတင်းထောက်တွေရဲ့ မိသားစုဝင်တချို့ကလွဲရင် နိုင်ငံတကာသံတမန်တွေ။ နိုင်ငံတကာ သတင်းထောက်တွေနဲ့ပြည့်နေခဲ့ပါတယ်။ ကြားနာစစ်ဆေးမှုနဲ့ ပါတ်သတ်လို့ တရားခွင်ထဲမှာ ဓါတ်ပုံ ဗီဒီယိုရိုက်ကူး မှတ်တမ်းတင်ခွင့်တော့ မရပါဘူး။ လာရောက်လေ့လာတဲ့ သံတမန်တွေထဲမှာ အမေရိကန်။ ဗြိတိန်။ EU ဥရောပသမဂ္ဂ။ ကုလသမဂ္ဂ။ ကနေဒါ။ Australia၊ Sweden သံရုံးတွေက သံတမန်တွေကို တွေ့ရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက သံတမန်Andreas Magnusson ဘာကြောင့် ဒီကနေ့ တရားခွင်ကိုလာရသလဲဆိုတာကို VOA မြန်မာပိုင်းကို ခုလိုပြောပါတယ်။
"ဥရောပသမဂ္ဂအနေနဲ့ သတင်းလွတ်လပ်ခွင့်ကို အင်မတန်အလေးထားဆောင်ရွက်နေပါတယ်။ ဒါကြောင့် Reuters သတင်းထောက် ၂ ယောက်အဖမ်းခံရတဲ့ အမှုကို EU ကစိတ်ဝင်စားပါတယ်။ ဒီအမှုနဲ့ပါတ်သက်လို့ ဘာတွေဆောင်ရွက်နေသလဲဆိုတာ သိရဖို့လာကြည့်တာပါ။ ဒီသတင်းထောက် ၂ ယောက်အနေနဲ့ မျှတတဲ့ တရားစီရင်မှုရမယ်လို့ မျှော်လင့်ပါတယ်။ စည်းကမ်းဥပဒေတွေနဲ့အညီ အမြန်ဆုံး စစ်ဆေးကြားနာနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။"
နိုင်ငံတကာလူ့အခွင့်အရေးအခြေအနေမြှင့်တင်ရေးဆောင်ရွက်နေတဲ့ International Commission of Jurists အဖွဲ့က နိုင်ငံတကာဥပဒေအကြံပေး Sean Bain ကလည်း မျှတတဲ့ တရားစီရင်မှုရှိရဲ့လားဆိုတာကို လာလေ့လာတာလို့ ပြောပါတယ်။
"တရားခွင်မှာ တရားစီရင်ပုံကို လေ့လာဖို့ကျွန်တော်တို့ လာခဲ့တာပါ။ ဖမ်းခံထားရသူတွေရဲ့ အခြေအနေကို မြင်ရဖို့နဲ့ တရားရုံးဆောင်ရွက်ပုံတွေကို သိရအောင်ဖြစ်ပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံရဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနဲ့ညီရဲ့လား။ မျှတတဲ့တရားစီရင်ခွင့်ဆိုင်ရာ ဥပဒေပြဌာန်းချက်တွေ။ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီရဲ့လားဆိုတာကို လာလေ့လာတာဖြစ်ပါတယ်။"
ဒီကနေ့ ကြားနာပွဲမှာ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး။ ဒုတိယရဲမှူးကြီးယုနိုင်ကတရားလိုလုပ်ပြီး သတင်းထောက် ၂ ယောက်ကို အစိုးရလှို့ဝှက်ဥပဒေ ပုဒ်မ ၃ ၁ (ဂ) နဲ့ အမှုတင်ပါတယ်။ ဒါပေမဲ့ အကျိုးဆောင်တွေကတဆင့် အမှုတင်တာဖြစ်ပြီး တရားလိုကိုယ်တိုင်ကတော့ တရားခွင်ကို မလာပါဘူး။ တရားသူကြီးက သတင်းထောက် ၂ ယောက်ကို မေးမြန်းတာ။ အမှုတင်တဲ့ တရားလိုရှေ့နေ၊ အယူခံတင်တဲ့ တရားခံရှေ့နေတွေနဲ့ အပြန်အလှန် အမေးအဖြေလုပ်တာက ၁၀ မိနစ်လောက်သာ ကြာပါတယ်။ ဇန်နဝါရီ ၂၃ ရက်နေ့ကို နောက်ထပ်ရုံးချိန်းအဖြစ်ထပ်ချိန်းပါတယ်။ နိုင်ငံတကာဥပဒေအကြံပေး Sean Bain ကတော့ သတင်းထောက်တွေကို ချက်ချင်းလွှတ်ပေးသင့်တယ်လို့ပြောပါတယ်။
"ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ဖွဲ့ထားတဲ့ အဖွဲ့အစည်းအနေနဲ့ ဥပဒေရှုဒေါင့်က ပြောရမယ်ဆိုရင် ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံးလွှတ်ပေးသင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေထဲက မျှတတဲ့တရားစီရင်ခံရပိုင်ခွင့်ကို သူတို့ ချိုးဖောက်ခံထားရပါတယ်။ သူတို့အနေနဲ့ ပထမဆုံး တရားရုံးမထုတ်ခင် ရှေ့နေနဲ့ကြိုတင်တွေ့ပြီး အမှုကိုခုခံဖို့ အတွက် ကြိုတင်ပြင်ဆင်ခွင့်မရခဲ့ပါဘူး။ ဒါကြောင့် သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်ပါတယ်။"
ရဲတပ်ဖွဲ့ဖက်က Reuters သတင်းထောက် ၂ ယောက်ကို အမှုတင်တဲ့အပေါ် အင်မတန်စိတ်ပျက်တယ်လို့ Reuters သတင်းဌာနကလည်း ဒီကနေ့ ရုံးချိန်းအပြီးမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်အစိုးရအပါအဝင် နိုင်ငံတကာအစိုးရတွေကလည်း သတင်းထောက်တွေကို လွှတ်ပေးဖို့ တောင်းဆိုနေကြတာပါ။ Reuters သတင်းထောက်တွေကို ဖမ်းဆီးထားတဲ့လုပ်ရပ်ဟာ သတင်းထောက်တွေအတွက် စိုးရိမ်စရာ အနှောင့်အယှက်ပေးမှုဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီးက နိုင်ငံတော်အတိုင်ပင်ခံထံ စာရေးသားပြီး သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ EU အနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို မပြတ်လေ့လာနေတယ်လို့ သံတမန် Andreas Magnusson ကပြောပါတယ်။
"ဥရောပသမဂ္ဂအနေနဲ့ မြန်မာအစိုးရနဲ့ မပြတ်ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ သတင်းလွတ်လပ်ခွင့် အခြေခံမူတွေကို လေးစားဖို့လည်း အမြဲမပြတ်တိုက်တွန်းနေပါတယ်။ မျှမျှတတတရားစီရင်ရေးဆိုတာကို လေးစားလိုက်နာဖို့လည်း အမြဲတိုက်တွန်းနေပါတယ်။ ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေဖြစ်တာနဲ့အတူ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲကို ထောက်ခံနေပါတယ်။ တချိန်ထဲမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကိုလည်း မပြတ်လေ့လာနေပါတယ်။ အနာဂါတ်မှာတော့ သတင်းလွတ်လပ်ခွင့်အခြေအနေ တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"
Reuters သတင်းထောက်တွေကို ဖမ်းဆီးထားတဲ့ အမှုကနေ ပြည်သူတွေအတွက် အရေးကြီးတဲ့သတင်းမျိုးတွေကို လွတ်လွတ်လပ်လပ် သတင်းယူနိုင်ခွင့်ပိုင်းမှာ ဂယက်ရိုက်ခတ်မှုတွေရှိလာနိုင်တယ်ဆိုတာ အစိုးရအနေနဲ့မြင်သင့်တယ်လို့ နိုင်ငံတကာဥပဒေအကြံပေးက ထောက်ပြပါတယ်။
" ဒီအမှုရဲ့ လေးနက်မှုကို အစိုးရအနေနဲ့ အသေအချာကြည့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအမှုကြောင့် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်နဲ့ စုံစမ်းဖော်ထုတ်ရတဲ့ သတင်းမျိုးတွေ။ မြန်မာပြည်သူတွေအတွက် အရေးကြီးတဲ့သတင်းမျိုးတွေကို သတင်းမီဒီယာတွေဖက်က လွတ်လွတ်လပ်လပ် သတင်းရယူနိုင်ခွင့်အပေါ် ဂယက်ရိုက်ခတ်မှုတွေရှိလာနိုင်တယ်ဆိုတာအပြင်။ နိုင်ငံတကာအသိုင်းအဝိုင်းမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍအပေါ်လည်း ဂယက်ရိုက်မှုတွေရှိနိင်တယ်ဆိုတာကို အစိုးရ မြင်ကြည့်နိုင်မယ်လို့ မျှော်လင့်ပါတယ်။"
သတင်းထောက် ၂ ယောက်ကို နိုင်ငံတော်လှို့ဝှက်ချက်ဥပဒေနဲ့ တရားဆက်စွဲဖို့ ဒီကနေ့တရားရုံးမှာတင်လိုက်တဲ့အပေါ် စိတ်ပျက်မိကြောင်း အမေရိကန်သံရုံးကလည်း ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒီမိုကရေစီစနစ်ထွန်းကားဖို့အတွက် သတင်းထောက်တွေအနေနဲ့ သတင်းစုံစမ်းခွင့်ရှိရမယ်လို့ ပြောထားပြီး သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သံရုံးရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။