သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Reuters သတင်းထောက်အမှု ဖမ်းဆီးမှတ်တမ်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း တရားလိုရဲအရာရှိထွက်ဆို


နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေဖောက်ဖျက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ Reuters သတင်းထောက် ၂ ဦးရဲ့ အမှုနဲ့ ပတ်သက်လို့ ဒီကနေ့ ဆက်လက်စစ်ဆေးရာမှာ တရားလိုပြသက်သေ ရဲအရာရှိက ဖမ်းဆီးချိန်တုန်းက မှတ်တမ်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထွက်ဆိုသွားပါတယ်။ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ဒီကနေ့ တရားခွင်မှာ ရဲအရာရှိရဲ့ ထွက်ဆိုချက်ဟာ ကွဲလွဲချက်တွေလည်း ရှိခဲ့ကြောင်း အကျိုးဆောင်ရှေ့နေ ဦးသန်းဇော်အောင် ကပြောပါတယ်။

"ဒီကနေ့ ကျနေ်ာတို့ သတင်းထောက်တွေကို ရှာဖွေတဲ့နေရာမှာ ပါတဲ့ ဒုရဲအုပ် တင်ထွေးဦးကို ကျနေ်ာတို့ စစ်တယ် အဲဒီမှာပါတဲ့ အရေးကြီးတဲ့ အချက် ၂ ချက် ကျနော်တို့တွေ့တယ်။ တွေ့တာက ဘာလဲဆိုတော့ ဒီသတင်းထောက်တွေကို ဖမ်းဖမ်းပြီးခြင်း သူ့ရဲ့ ရဲမှတ်တမ်း ပေါ့နော် ဘာတွေဘာတွေလုပ်တယ်ဆိုတဲ့ ရဲမှတ်တမ်းစာရွက်ကို သူကိုယ်တိုင်မီးရှို့လိုက်တယ်။ အဲဒါ အရေးကြီးတဲ့ တချက်ပါ။ နောက်တချက်ကတော့ ဘာလဲဆိုတော့ ဒီရုံးမှာ သက်သေ သူလာမထွက်ခင် ပြောဆိုရမယ့် အကြောင်းအရာတွေကို Diary ကို ကြည့်ပြီးတော့ ထွက်ဆိုသွားတယ်။ အဲဒီအကြောင်းအရာတွေကလည်း မနေ့ည သို့မဟုတ် ဒီနေ့မှ ရေးကူးလာတဲ့ အကြောင်းအရာတွေဖြစ်တယ်။ အဲဒီတော့ တစုံတယောက်က ဒီလိုပြောပါ ဒီလိုထွက်ပါ ဆိုပြီးတော့ ပြောဆိုလို့ သူတရားရုံးမှာ ဒီလိုထွက် ရတဲ့ ပုံစံဖြစ်နေတယ်။ တကယ်တော့ သတင်းထောက်တွေကို ဖမ်းဆီးတဲ့ ပုံစံနဲ့ သူထွက်ဆိုသွားတဲ့ ပုံစံနဲ့ ကွဲလွဲမှုတွေ ရှိနေတယ်။"

Reuters သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကိုတော့ ပြီးခဲ့တဲလ ဒီဇင်ဘာ ၁၂ ရက်နေ့မှာပဲ မြန်မာအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ မြန်မာနိုင်ငံက မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်က လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ အပါအဝင် အစိုးရရဲ့ လျို့ဝှက်သတင်းအချက်အလက်တွေကို ဥပဒေနဲ့ ဆန့်ကျင်ပြီး ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာပိုင်တွေက အရေးယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သတင်းထောက် ၂ ဦးဟာ ရဲတာဝန်ရှိသူတွေနဲ့ ညစာစားရင်း တွေ့ဆုံဖို့ ဖိတ်ကြားခံရပြီးနောက် အဲဒီချိန်းဆိုထားတဲ့ညမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့အတွက် တမင် အကွက်ချ ဖမ်းဆီးတာဖြစ်တယ်လို့ ပြောဆိုထားပြီး ဖမ်းဆီးခံထားရချိန်မှာလည်း အမှုနဲ့ပတ်သက်လို့ ခြိမ်းခြောက် ဝန်ခံခိုင်းတာတွေ ရှိတယ်လို့ ပြောဆိုထားပါတယ်။ ဒီကနေ့ တရားရုံးထုတ် စစ်ဆေးမှုတွေကို နိုင်ငံတကာက သံတမန်တွေလည်း လာရောက် လေ့လာ စောင့်ကြည့်ခဲ့ကြ ပါတယ်။ နောက်တကြိမ် ရုံးချိန်းကိုတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ထပ်မံချိန်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG