သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Reuters သတင်းထောက်နှစ်ဦး အမှု ပြန်ရုပ်သိမ်းပေးဖို့ CPJ နဲ့ AHRC တောင်းဆို


အဖမ်းဆီးခံ ရိုက်တာ သတင်းထောက်နှစ်ဦးရဲ့ အမှုမှာ ဒုရဲမှုး မိုးရန်နိုင်ရဲ့ ထွက်ဆိုချက်ကြောင့် သူတို့ ၂ ဦးမှာ အပစ်မရှိကြောင်း သိသာတဲ့အတွက် စွဲချက်တင်ထားတဲ့ အမှုကို လုံးဝရုတ်သိမ်းသင့်ပြီလို့ CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ပြောပါတယ်။ ဒီအမှုကို ရုတ်သိမ်းပေးဖို့ကတော့ တရားသူကြီးတွေပေါ်မှာပဲ မူတည်နေတယ်လို့ အာရှလူ့အခွင့်ရေးကော်မရှင်က သုံးသပ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးစုံစမ်းနေတဲ့ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ မနှစ်က ဒီဇင်ဘာလထဲမှာ အဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေရတာပါ။ သူတို့ နှစ်ဦးဟာ ထောင်ချောက်ဆင်ဖမ်းဆီးတာ ခံရကြောင်း ဒုရဲမှုး မိုးရန်နိုင်က တရားလိုပြ သက်သေအဖြစ် သောကြာနေ့ ရုံးချိန်းမှာ ထွက်ဆိုခဲ့တဲ့အတွက် ဒီသတင်းထောက်နှစ်ဦးရဲ့ အမှုဟာ ပိုပြီးမခိုင်လုံတဲ့ အခြေနေရောက်သွားတယ်လို့ AHRC အာရှလူ့အခွင့်ရေး ကော်မရှင်က ဦးမင်းလွင်ဦးက ပြောပါတယ်။

“ ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက ဒုရဲမှူး မိုးရန်နိုင်ကနေပြီးတော့ သတင်းထောက် ၂ ယောက်ကို ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ယောက်ကို ဖမ်းဆီးတဲ့ ကိစ္စက ထောင်ချောက်ဆင်ပြီးတော့ ဖမ်းဆီးတာ မှန်ပါတယ် ဆိုတာကို ထုတ်ဖော် ပြောကြားလိုက်တဲ့ အတွက် ဒီအမှုမှာ အရေးကြီးတဲ့ သက်သေ အဖြစ် တရားလိုဘက်က တင်ထားတဲ့ သက်သေ ၂ ဦး အနက် နောက်ရုံးချိန်းဆိုရင် ရဲတပ်ကြပ် တယောက်ဘဲ ကျန်တာပေါ့နော်။ အခု အဲဒီလိုမျိုး ထုတ်ဖော် ပြောလိုက်တဲ့ အတွက် အမှုက ပိုပြီးတော့ မခိုင်လုံတဲ့ အခြေအနေကို ရောက်သွားပါတယ်။ ”

အခုလို ဒုရဲမှုးရဲ့ ထွက်ဆိုချက်ကြောင့် ရိုက်တာသတင်းထောက် ၂ ဦးမှာ အပစ်မရှိဘူး ဆိုတာ သိသာနေတာမို့ အမှုကို ချက်ချင်း ပြန်ရုတ်သိမ်းပေးဖို့ CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက အာရှဒေသဆိုင်ရာ ဒါရိုက်တာ Steve Butler ပြောပါတယ်။

“ကျွန်တော်တို့ နားလည်တာကတော့ သူဟာသက်သေအနေနဲ့ အမှန်ကို ထွက်ဆိုခဲ့တာပါ။ ဒါကြောင့်လည်း သူ့မိသားစုပါ အပြစ်ပေးတာကို ခံနေရတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ အထူးစိုးရိမ်တာကတော့ အခုထိ အကျဉ်းကျ ခံနေရဆဲဖြစ်တဲ့ သတင်းထောက် ၂ ယောက်အတွက်ပါ။ ဒုရဲမှုးကြီးက ဒီအမှုဟာ ထောင်ချောက်ဆင်အဖမ်းခံရတာလို့ ထွက်ဆိုခဲ့တာမို့ ဒီအမှုကို ချက်ချင်းပဲ ရုတ်သိမ်းပေးဖို့ လိုပါတယ်”

တရားလိုပြသက်သေ ဒုရဲမှုးရဲ့ထွက်ဆိုချက်အပြီးမှာပဲ ဒီထွက်ဆိုချက်ဟာ မမှန်ကန်ကြောင်းနဲ့ သူဟာ မယုံကြည်ထိုက်တဲ့ သက်သေ ဖြစ်ကြောင်း တရားလိုဘက်က ရှေ့နေကရုံးတော်ကို ပြောကြားခဲ့တယ်လို့ ကြားသိရကြောင်း ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။ဒါကြောင့် မခိုင်လုံတဲ့ အခြေနေရောက်နေတဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး ရှေ့ဆက်ဖို့ရှိမရှိ တရားသူကြီးတွေပေါ်မှာပဲ မူတည်နေပြီး လက်ရှိအနေထားအရ ဆိုရင်တော့ စွဲချက်မတင်ခင်မှာပဲ လွှတ်ပေးသင့်တဲ့ အမှုလို့မြင်ကြောင်းလည်း ဦးမင်းလွင်ဦးက ပြောပါတယ်။

“ ဥပဒေ သဘောအရ ပြောရမယ်ဆိုလို့ ရှိရင် တရားလို ဘက်ကနေ စိတ်ကြိုက်ရွေးချယ်ပြီးတော့မှ သက်သေ အဖြစ် တင်ပြလာပြီးတော့မှ သူတို့ရဲ့ အကျိုးစီးပွားကို ဆန့်ကျင်ပြီး ဒုရဲမှူးကြီးက နေပြီး ထွက်ဆိုတဲ့ အခါမှာ ဒါက မယုံကြည်ထိုက်တဲ့ သက်သေ မမှန်မကန် သက်သေ ထွက်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သက်သေထွက်ချက်တွေကို ပယ်ပေးဖို့ ရုံးတော်မှာ လေ ျှာက်တယ်လို့ ကျနော်တို့ ကြားသိရတယ်။ ဒီလိုမျိုး ဖြစ်လာတဲ့ ကိစ္စရပ်မျိုးကို စစ်ဆေးဆုံးဖြတ်ရမှာက တရားသူကြီး ဖြစ်တယ်။ အမှုကို စစ်ဆေးသုံးသပ်တဲ့ အခါ စွဲချက် တင်သင့်မတင်သင့် လေ ျှာက်လဲချက်တွေ ပေးတဲ့ အခါမှာ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ထွက်ဆိုချက်ကို တရားခံဘက်ကလည်း ထည့်သွင်းပြီးတော့ လေ ျှာက်လဲချက် ပေးမှာဘဲ။ သက်သေအထောက်အထား မခိုင်လုံတဲ့ အကြောင်း တရားလို ဘက်ကလည်း ဒါ မယုံကြည်ရတဲ့ သက်သေ ဖြစ်တဲ့ အတွက် ထည့်သွင်း မစဉ်းစားသင့်ဘူးလို့ သူတို့ရဲ့ လေ ျှာက်လဲချက်ထဲမှာလည်း ထည့်ရေးမှာဘဲ။ အဲဒီ အချက် နှစ်ချက်ထဲမှာ တရားသူကြီးက ဘယ်ဟာမှန်တယ် ဘယ်ဟာမှားတယ်ဆိုတာကို တရားသူကြီးရဲ့ ဆင်ခြင်တုံ တရားအရ ရဲရဲတင်းတင်း ဆုံးဖြတ်မယ် ဆိုရင်တော့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးက ဒီအမှု စွဲချက် မတင်မီ အဆင့်မှာဘဲ လွတ်သွားနိုင်တယ်လို့ ယူဆရတယ်။ ”

ရိုက်တာ သတင်းထောက်နှစ်ဦးနဲ့ ဒုရဲမှူး မိုးရန်နိုင်တို့ အမှုနဲ့ပတ်သတ်ပြီး ဥပဒေအတိုင်းဖြစ်ဖို့ မြန်မာ သတင်းသမားများ ကာကွယ်ရေး ကော်မတီ PCMJ က မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားခဲ့သလို တနင်္လာနေ့မှာပဲ လူ့အခွင့်ရေးကော်မရှင်က အဖမ်းဆီးခံ သတင်းထောက် ၂ ဦးနဲ့ ဒုရဲမှုးကြီးတို့ အခြေခံလူ့အခွင့်ရေးတွေ မထိခိုက်စေဖို့ အရးယူဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG