သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rio အိုလံပစ်မှာ မြန်မာအားကစားသမားတွေ ဆက်လက်ယှဉ်ပြိုင်

2016 Rio Olympics ဝင်ရောက် ယှဉ်ပြိုင်မယ့် မြန်မာနိုင်ငံ ကိုယ်စားပြု အားကစားသမားများ။
2016 Rio Olympics ဝင်ရောက် ယှဉ်ပြိုင်မယ့် မြန်မာနိုင်ငံ ကိုယ်စားပြု အားကစားသမားများ။

၂၀၁၆ ရီယိုအိုလံပစ်အားကစားပြိုင်ပွဲမှာတော့ အမေရိကန်ရေကူးအားကစားသမား Michael Phelps ဟာ မီတာ ၂၀၀ လေးမျိုးကူးပြိုင်ပွဲမှာ ရွှေတံဆိပ်ရပြီး ၊ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၂၂ ခုနဲ့ စံချိန်သစ်ထပ်တင်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ရီယိုအိုလံပစ် အားကစားပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာ အားကစားအဖွဲ့က ဂျူဒိုအားကစားသမား ကိုရန်နိုင်စိုး ဟာလည်း ပထမအဆင့်မှာ အနိုင်ရပြီး၊ ဒုတိယအဆင့်မှာ ရှုံးနိမ့်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံ က ရေကူး နဲ့ ပြေးခုန်ပစ်ပြိုင်ပွဲတွေ ဆက်ပြီးတော့ ပြိုင်ဖို့ရှိတယ်လို့ မြန်မာအိုလံပစ် အားကစားအဖွဲ့ ခေါင်းဆောင် က ပြောပါတယ်။ အပြည့်အစုံကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ရီယိုအိုလံပစ်ပြိုင်ပွဲကြာသာပတေးနေ့က ယှဉ်ပြိုင်ခဲ့တဲ့ပွဲတွေမှာတော့ အမေရိကန်က ရေကူးနဲ့ ကျွမ်းဘားပြိုင်ပွဲတွေမှာ ရွှေတံဆိပ်တွေ ထပ်ရပြီး ပြိုင်ပွဲကို ရှေ့ကနေဆက်ပြီး ဦးဆောင်နေပါတယ်။ အမျိုးသားမီတာ ၂၀၀ လေးမျိုးကူးပြိုင်ပွဲမှာ အမေရိကန်က Michael Phelps က အနိုင်ရပြီး ၊ ရွှေတံဆိပ်ထပ်ရခဲ့ပါတယ်။ ဒါဟာ သူ့အတွက်တော့ ရီယိုအိုလံပစ်မှာ စတုတ္ထမြောက် ရွှေတံဆိပ်ဖြစ်သလို၊ ၂၂ ခုမြောက် အိုလံပစ်ရွှေတံဆိပ်ဖြစ်ပါတယ်။

Michael Phelps (USA)
Michael Phelps (USA)

အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်စံချိန် ထပ်တင်နိုင်ခဲ့တဲ့အပေါ်မှာ သူကအခုလို ပြောပါတယ်။

"နေ့တိုင်းပဲ ကျနော်ရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာနေပါတယ်။ ကလေးဘဝကတည်းကပဲ ကျနော်က ဘယ်သူမှမလုပ်နိုင်သေးတဲ့ ၊ ဘယ်သူမှမလုပ်ရသေးတဲ့ဟာမျိုးကျနော်လုပ်ချင်ပါတယ်။ အခုလိုမျိုးအနိုင်ရတာကို ကျနော်ပျော်ပါတယ်။"

Michael Phelps ဟာ ဒီကနေ့မှာတော့ အမျိုးသားမီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲမှာ ထပ်ပြိုင်ဖို့ရှိနေပြီးတော့၊ အမေရိကန် အမျိုးသမီးရေကူးအားကစားသမား Katie Ledecky ကတော့ မီတာ ၈၀၀ အလွတ်ကူးပြိုင်ပွဲမှာ ပြိုင်ဖို့ရှိပါတယ်။ မနေ့ကပြိုင်ပွဲမှာ ထူးထူးခြားခြားတခုကတော့ အမျိုးသမီးမီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲမှာ အမေရိကန်က Simone Manuel နဲ့ ကနေဒါက Penelope Oleksiak တို့ ၅၂.၇၀ စက္ကန့်နဲ့ ပူးတွဲရွှေတံဆိပ်ရခဲ့ကြတာပါ။ ဒါ့အပြင် ဘက်စုံကျွမ်းဘားပြိုင်ပွဲမှာလည်း ကမ္ဘာ့ချန်ပီယံ ၂ ကြိမ်ဖြစ်ဖူးတဲ့ အမေရိကန်က အသက် ၁၉ နှစ်အရွယ် Simone Biles ကလည်း အနိုင်ရပြီး အိုလံပစ်ချန်ပီယံဖြစ်လာခဲ့ပါတယ်။

စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာတော့ တရုတ်နိုင်ငံက ကမ္ဘာ့အကောင်းဆုံးကစားသမား Ma Long က တနိုင်ငံတည်က Zhang Zike ကို အနိုင်ရပြီး ရွှေတံဆိပ်ရ သွားခဲ့ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံက အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ငွေတံဆိပ် ၂ ခုစလုံးကို ၃ ကြိမ်ဆက်တိုက် ရခဲ့တာဖြစ်ပါတယ်။ Rugby ပြိုင်ပွဲမှာတော့ - ဖီဂျီက ဗြိတိန်ကို ၄၃-၇ မှတ် နဲ့ အနိုင်ရပြီး၊ ဖီဂျီနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်ကို ယူပေးနိုင်ခဲ့ပါတယ်။ အသင်းလိုက် မိုးလုံလေလုံ စက်ဘီစီးပြိုင်ပွဲမှာတော့ ဗြိတိန်က နယူးဇီလန်ကိုနိုင်ပြိး ရွှေတံဆိပ်ရသွားပါတယ်။

ကြာသပတေးနေ့က ကစားတဲ့ ဂျူဒိုပြိုင်ပွဲ အမျိုးသမီး ၇၈ ကီလိုတမ်းမှာတော့ - အမေရိကန်က Kayla Harrison က ပြင်သစ်က Audrey Tcheumeo ပွဲပြီးခါးနီး ၆ စက္ကန့်အလိုမှာ အနိုင်ယူပြီး အိုလံပစ်ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပါတယ်။

ကိုရန်နိုင်စိုး အနိုင်ရခဲ့စဉ်။
ကိုရန်နိုင်စိုး အနိုင်ရခဲ့စဉ်။

မနေ့ကယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသား ကီလို ၁၀၀ တန်းပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက ကိုရန်နိုင်စိုးက ထရီနီဒတ် နဲ့ တိုဘေဂိုက George Christopher ကို အနိုင်ရခဲ့ပေမယ့် ဒုတိယအဆင့် ရှုံးထွက်မှာတော့ ရှုံးနိမ့်သွားခဲ့တယ် လို့ မြန်မာအိုလံပစ်အားကစားအဖွဲ့ခေါင်းဆောင် ဦးသက်လွင်က ပြောပါတယ်။

"သူက ပထမတပွဲကတော့ ကျနော်တို့က နိုင်တယ်။ ဒုတိယအပွဲ ဂျာမနီကိုတော့ ကျနော်တို့က ရှုံးပါတယ်။ ရှုံးထွက်ပွဲကျတော့ ကျနော်တို့ရှုံးလို့ ထွက်လိုက်ရတယ်။ တစ်ပွဲနိုင် တစ်ပွဲရှုံးပေါ့။ ပထမတပွဲနိုင်တယ်။ ဒုတိယတပွဲကျတော့ ဂျာမနီကိုရှုံးပြီး ထွက်သွားရတာပေါ့။"

ကိုရန်နိုင်စိုး ရှုံးထွက်အဆင့်ယှဉ်ပြိုင်စဉ်။
ကိုရန်နိုင်စိုး ရှုံးထွက်အဆင့်ယှဉ်ပြိုင်စဉ်။

ရီယိုအိုလံပစ်ပြိုင်ပွဲမှာ မြန်မာအားကစားသမားတွေ ဆက်ပြီး ပြိုင်ဖို့ရှိနေတဲ့ ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး ဦးသက်လွင်က အခုလို ပြောပါတယ်။

"ဒီနေ့ကတော့ ကျနော်တို့ ဒီက ဒေသစံတော်ချိန် ၁နာရီမှာတော့ ရေကူးအမျိုးသမီး အိအိသက် ရေကူးရမယ်ပေါ့နော်။ မီတာ ငါးဆယ် ဖရီးစတိုင်လ်။ ဒီနေ့ကတော့ အဲ့ဒီ့တပွဲပဲ ပြေးခုန်ပစ်ကတော့ ၁၇ရက်နေ့မှ အမျိုးသားမီတာ ၈၀၀ နဲ့ မီတာငါးထောင်။ အမျိုးသား။ အမျိုးသမီးကတော့ မီတာ ၈၀၀။"

ကြာသပတေးနေ့ကအထိ ကစားပြီးသမျှပြိုင်ပွဲတွေမှာတော့ - အမေရိကန်က ရွှေ ၁၆ ခု နဲ့ ပြိုင်ပွဲကို ဦးဆောင်နေပြီး၊ တရုတ်နိုင်ငံ ရွှေ ၁၁ ခု နဲ့ ဒုတိယ၊ ဂျပန်နိုင်ငံက ရွှေ ၇ ခု နဲ့ တတိယနေရာမှာရှိပြီး၊ အဲဒီနောက်မှာတော့ သြစတြေးလျ နဲ့ တောင်ကိုရီးယားနိုင်ငံတွေက အစဉ်လိုက် ရပ်တည်နေပါတယ်။

Rio အိုလံပစ်မှာ မြန်မာအားကစားသမားတွေ ဆက်လက်ယှဉ်ပြိုင်
please wait

No media source currently available

0:00 0:03:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG