သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rio အိုလံပစ်မှာ မြန်မာမြားပစ်အားကစားမယ် မစန်းယုထွေး ဒုတိယအဆင့်တက်


 မြန်မာမြှားပစ်အားကစားမယ် မစန်းယုထွေး
မြန်မာမြှားပစ်အားကစားမယ် မစန်းယုထွေး

ဘရာဇီးနိုင်ငံမှာ ရီယိုမြို့မှာကျင်းပနေတဲ့ ၂၀၁၆ နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံ မြားပစ်အားကစားသမား မစန်းယုထွေးဟာ မြားပစ်ပြိုင်ပွဲ ရှုံးထွက်အဆင့်မှာ အနိုင်ရပြီးတော့ ဒုတိယအဆင့်ကို တက်သွားပြီးဖြစ်ပါတယ်။ ဒီအကြောင်းအပါအဝင် ရီယိုအိုလံပစ်အားကစားပြိုင်ပွဲဘက်က နောက်ဆုံးအခြေအနေတွေကို ကိုရန်နိုင်က စုစည်းတင်ပြပေးမှာဖြစ်ပါတယ်။

၂၀၁၆ ရီယိုအိုလံပစ်အားကစားပြိုင်ပွဲရဲ့ မြှားပစ်ပြိုင်ပွဲ ပထမအဆင့်ရှုံးထွက်ပြိုင်ပွဲတွေကို ဒီကနေ့ တနင်္လာနေ့မှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ဒီမြှားပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ မစန်းယုထွေးဟာ အခုပထမအဆင့် ရှုံးထွက်ပြိုင်ပွဲတွေမှာတော့ ဖင်လန်နိုင်ငံက Taru Kuoppa ကို အနိုင်ရပြီး၊ နောက်တဆင့်ကို တက်သွားပြီဖြစ်ပါတယ်။

ပွဲငယ် ၅ ပွဲ ကစားခဲ့တာမှာ၊ ပထမပွဲမှာ မစန်းယုထွေးက ၂၆-၂၅ မှတ် အနိုင်ရပြီး၊ ဒုတိယပွဲငယ်မှာတော့ ဖင်လန်က Kuoppa က ၂၈ မှတ် ၂၆ မှတ် နဲ့ အနိုင်ရပါတယ်။ တတိယပွဲစဉ်မှာတော့ ၂၆ မှတ်စီ သရေကျခဲ့ပြီး၊ စတုတ္ထ နဲ့ ပဉ္စမပွဲတွေမှာတော့ မစန်းယုထွေးက ၂ ပွဲစလုံးကို ၂၇ မှတ် ၂၅ မှတ် နဲ့ အနိုင်ရပြီး၊ စုစုပေါင်းအမှတ် ၁၃၂ မှတ်ရပြီး၊ ဖင်လန်က Taru Kuoppa က ၁၂၉ မှတ်ရပါတယ်။

ပြိုင်ပွဲစည်းမျဉ်းအရ ပွဲငယ် ၅ ပွဲ ကစားရပြီး ပွဲငယ်တပွဲအနိုင်ရတဲ့သူက ၂ မှတ်ရပြီး အမှတ်တူလို့ သရေဖြစ်နေလျှင် ၁ မှတ်စီ ခွဲယူရကြပါတယ်။ ဒီပွဲမှာ မြန်မာက မစန်းယုထွေးက ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးတာကြောင့် ၇ မှတ် ၃ မှတ် နဲ့ အနိုင်ရပြီး နောက်တဆင့်ကို တက်သွားခဲ့တာဖြစ်ပါတယ်။ အခြေအနေအပြည့်အစုံကို သိရဖို့အတွက် ရီယိုအိုလံပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်နေတဲ့ မြန်မာအားကစားအဖွဲ့နဲ့အတူ ရှိနေတဲ့ ဘရာဇီးနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံရုံးတာဝန်ရှိသူတွေကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

တနင်္ဂနွေနေ့က အိုလံပစ်ပြိုင်ပွဲတွေမှာတော့ အမျိုးသား မီတာ ၁၀၀ ရင်ဘောင်တန်းရေကူးပြိုင်ပွဲမှာ ဗြိတိန်က Adam Peaty က သူတင်ထားတဲ့ စံချိန်ကိုထပ်ချိုးပြီး ကမ္ဘာ့စံချိန်သစ်တင်ပြီး ဗြိတိန်နိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်ကို ယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီးမီတာ ၁၀၀ ရင်ဘောင်တန်းမှာတော့ ဆွီဒင်က Sarah Sjostrom ကလည်း ၅၅.၄၈ စက္ကန့် ကမ္ဘာ့စံချိန်သစ် တင်လိုက်ပါတယ်။ ဒါ့အပြင် အမျိုးသမီး မီတာ ၄၀၀ အလွတ်ကူးပြိုင်ပွဲမှာ အမေရိကန်က Katie Ladecky က သူတင်ထားတဲ့ ကမ္ဘာ့စံချိန်ကို ချိုးပြီး စံချိန်သစ်တင်ခဲ့ပါတယ်။ အမျိုးသမီး မီတာ ၄၀၀ လက်ဆင့်ကမ်း အလွတ်ကူးပြိုင်ပွဲမှာတော့ သြစတေးလျအသင်းက ၃ မိနစ် ၃၀ ဒသမ ၆၅ စက္ကန့်နဲ့ အိုလံပစ်စံချိန်ရော ကမ္ဘာ့စံချိန်သစ်ပါ တင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသားမီတာ ၄၀၀ လက်ဆင့်ကမ်းပြိုင်ပွဲမှာတော့ အမေရိကန်အသင်းက အနိုင်ရပြီး၊ အမေရိကန်ရေကူးသမား Michael Phelps ဟာ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၁၉ ခုနဲ့ အိုလံပစ်ရွှေတံဆိပ်အများဆုံးရထားသူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ဘောလုံးပွဲတွေဘက်မှာတော့ အိမ်ရှင်ဘရာဇီးအသင်းဟာ အီရတ်အသင်း နဲ့ ဂိုးမရှိသရေကျသွားခဲ့ပြီး၊ ဘရာဇီးအသင်းဟာ အခုဆိုရင် ၂ ပွဲကစားထားတာမှာ ၂ ပွဲစလုံး သရေကျထားတဲ့အတွက် ၂ မှတ်ပဲ ရသေးတာကြောင့် ၊ ဘရာဇီးအသင်းအနေနဲ့ သူတို့တခါမှ အနိုင်မရဖူးသေးတဲ့ အိုလံပစ်ရွှေတံဆိပ်ကို အိမ်ရှင်အဖြစ်နဲ့ အခုတကြိမ်မှာရော ရနိုင်ပါ့မလားဆိုပြီး ဘရာဇီးနိုင်ငံသားတွေ စိုးရိမ်နေကြပါတယ်။

ဗုဒ္ဓဟူးနေ့မနက်ပိုင်းအထိ ယှဉ်ပြိုင်ခဲ့ပြီးသမျှပွဲစဉ်တွေအရ၊ အမေရိကန်က ရွှေ ၃ ၊ ငွေ ၅ ၊ ကြေး ၄ နဲ့ ပထမ၊ တရုတ်နိုင်ငံက ရွှေ ၃ ၊ ငွေ ၂ ၊ ကြေး ၃ နဲ့ ဒုတိယ၊ သြစတြေးလျ ရွှေ ၃ ၊ ကြေး ၃ နဲ့ တတိယနေရာမှာရှိနေပြီး ၊ အဲဒီနောက်မှာတော့ အီတလီက ရွှေ ၂ ၊ ငွေ ၃ ၊ ကြေး ၂ နဲ့ စတုတ္ထ၊ နဲ့ တောင်ကိုရီးယားနိုင်ငံက ရွှေ ၂ ၊ ငွေ ၂ ၊ ကြေး ၁ နဲ့ ပဉ္စမနေရာမှာ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG