သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD လွှတ်တော်ကို အမြန်ရောက်ဖို့ အမတ်တွေ ကြိုးပမ်း


မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်စရာရှိတာတွေကို လွှတ်တော်ထဲမှာ အတူလက် တွဲပြင်ဆင်သွားကြဖို့နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော် အမြန် တက်နိုင်ဖို့အတွက် - ရွေးကောက်ခံ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလ အမတ်တွေကနေ သဘောထား တင်ပြလွှာ တစောင်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဒီကနေ့ ပေးအပ်ခဲ့ကြပါတယ်။ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ RNDP ခေါင်းဆောင် အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံချိန်မှာ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ - လွှတ်တော်ရဲ့ ရေရှည်ထိရောက်မှုနဲ့ တိုင်းပြည်အကျိုးကို ကြည့်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်း က တင်ပြထားပါတယ်။

တိုင်းရင်းသားလွှတ်တော်အမတ်တွေနဲ့ တသီးပုဂ္ဂလ လွှတ်တော် အမတ်တွေကိုယ်စား ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီရဲ့ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင်ကနေ တနင်္ဂနွေနေ့ မနက် ၁၀ နာရီလောက်က NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ နာရီဝက်နီးပါးကြာ တွေ့ဆုံခဲ့တာပါ။ အဲ့လို တွေ့ဆုံချိန်မှာ NLD ဘက်က တောင်းဆိုထားတဲ့ ကျမ်းသစ္စာ ဆိုရာမှာ ပါဝင်တဲ့ စကားရပ် ပြင်ဆင်ရေး ကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသားနဲ့ တသီးပုဂ္ဂလ လွှတ်တော်အမတ်တွေကနေ အချက် ၅ ချက်ပါ သဘောထားတွေကို တင်ပြခဲ့တာဖြစ်တယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။ အဓိကကတော့ NLD ပါတီ အနေနဲ့ လွှတ်တော် အမြန်တက်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ဖို့ကို တိုက်တွန်းခဲ့ကြတာ ဖြစ်တဲ့အကြောင်း ဒေါက်တာ အေးမောင် က အခုလို ပြောပြပါတယ်။

“၂၀၀၈ ခုနှစ်က ပြဌာန်းအတည်ပြုခဲ့တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံပါ အခြေခံဥပဒေမှာ ပြင်ဆင်စရာ အများကြီးရှိတယ်ဆိုတာကို ကျနော်တို့ကလည်း လက်ခံ သဘောတူပါတယ်။ နောက် ပြည်ထောင်စုလွှတ်တော်မှာ ဥက္ကဌကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များနဲ့ လက်တွဲပြီးကာမှ ပြင်ဆင်သွားနိုင်ရေးကိုလည်း အလွန့်အလွန်မှ လိုလားကြပါကြောင်းကိုလည်း သိစေလိုပါတယ်ဆိုတာ တချက်ပါ။ နောက် ဥက္ကဌကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူတို့ရဲ့ဆန္ဒနဲ့ နိုင်ငံတော် အကျိုးကို ရှေ့ရှုပြီး အငြင်းပွားဖွယ်ရာ ကိစ္စတချို့ကို သဘောထား ကြီးမြင့်စွာ မေတ္တာရှေ့ထား ဖြေရှင်းဆောင်ရွက်ပေးပြီး လွှတ်တော်များသို့ အမြန်ဆုံး တက်ရောက်နိုင်ပါရန် ကျနိုပ်တို့ ရွေးကောက်ခံ နိုင်ငံရေးပါတီများနဲ့ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်များက ပန်ကြား မေတ္တာ ရပ်ခံပါတယ် ဆိုပြီးကာမှ လွှတ်တော် ထဲက ၁၄ ပါတီ နောက် တသီးပုဂ္ဂလ ၂ ဦးက လက်မှတ်ရေးထိုးပြီး ပေးအပ်ခဲ့တာဖြစ်ပါတယ်။”

ဒီသဘောတင်ပြချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုလို တုံ့ပြန်ခဲ့တယ်လို့ ဒေါက်တာအေးမောင် က ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကတော့ သတင်း မီဒီယာသမားတွေ မေးခဲ့လို့ရှိရင်လေ ကျနော့်ကို ဖြေကြားနိုင်အောင် ဆိုပြီး ဒီအချက် ၃ ချက်ကို သူ သဘောတူပါတယ်ဆိုပြီး ထောက်ပြပါတယ်။ တစ် ကတော့ - လွှတ်တော်ရဲ့ ရေရှည်ထိရောက်မှုနဲ့ နိုင်ငံ ကောင်းကျိုးကို ကြည့်ပြီး ဆက်လုပ်သွားကြပါမယ် ဆိုတာ တခုပါ။ နှစ် ကတော့ - တိုင်းရင်းသား ပါတီများ စတဲ့ မိတ်ဖက်ပါတီများနဲ့ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်များက လိုလိုလားလားနဲ့ လွှတ်တော်သို့ ပါဝင်လာစေလိုခြင်းကို ကျေးဇူး အထူးတင်ပါတယ်။ သုံး ကတော့ - ဒီကိစ္စကို အမြန်ဆုံး ပြေလည်အောင် ဆောင်ရွက်ရန် နှစ်ဖက်စလုံးက သဘောတူကြပါတယ် ဆိုတာလေးကို မီဒီယာတွေက မေးမြန်းခဲ့ရင် ဒီ သုံးချက်ကို ဆွေးနွေးဖော်ပြနိုင်ပါတယ်ဆိုပြီး ကျနော့်ကို သူက သဘောထား မှတ်ချက်ပေးပါတယ်။”

အလားတူပဲ ဒီနိုင်ငံရေးပါတီ ၁၄ ဖွဲ့နဲ့ တသီးပုဂ္ဂလ လွှတ်တော်အမတ် ၂ ဦး ကနေပြီးတော့ ဧပြီလ ၂၅ ရက် ဗုဒ္ဓဟူးနေ့ကပဲ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေမှာလည်း ပြင်ဆင်ထားပြီးဖြစ်တဲ့ ဒီစကားရပ်ကို အခု ကျမ်းသစ္စာဆိုရာမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ်တွေဘက်က သဘောထားကြီးပြီး ဥပဒေနဲ့အညီ ပြင်ဆင်ပေးဖို့ကို တောင်းဆိုထားတဲ့ မေတ္တာရပ်ခံစာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အကြီးအကဲ လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဆီ ပေးအပ်ခဲ့ကြပါသေးတယ်။

တကယ်တော့ NLD ဘက်က တောင်းဆိုနေတဲ့ ဒီစကားရပ် ပြင်ဆင်ပေးဖို့ကိစ္စဟာ ပုဒ်မ ၄၃၅ အရ ၂၀ ရာခိုင်နှုန်းထောက်ခံမှုကို ရရှိနိုင်ပေမဲ့ ၇၅ ရာခိုင်နှုန်းကျော်တဲ့ ဥပဒေဆိုရင်တော့ အောင်မြင်မှုမရှိတဲ့အတွက် လွှတ်တော်အမတ်တွေကနေ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံး နည်းလမ်းကို ရှာဖွေနေကြ တာလည်းဖြစ်ပါတယ်။

လွှတ်တော်ထဲမှာ အများစုနေရာရရှိထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ထောက်ခံမှု သဘောထားကြီးမှုကို မရရှိဘဲနဲ့တော့ ဒီပြဿနာ ပြေလည်သွားမှာမဟုတ်ဘူးလို့ ကျန်လူနည်းစုလွှတ်တော်အမတ်တွေက ယူဆထားကြတာပါ။ ဒါကြောင့်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ထောက်ခံမှုရှိလာအောင် သူရဦးရွှေမန်းကို မေတ္တာရပ်ခံခဲ့တာဖြစ်ပြီး ဒီမေတ္တာရပ်ခံချက်အပေါ် သူရဦးရွှေမန်းက အခုလို တုံ့ပြန်ခဲ့တဲ့အကြောင်း ဒေါက်တာအေးမောင် က ဆက်ပြောပြပါတယ်။

“သူရဦးရွှေမန်းရဲ့ တုန့်ပြန်ချက်ကတော့ ခုနလို အခြေအနေ အရပ်ရပ်က ပါတီဝင်ထုရဲ့ သဘောထားနော် အထူးသဖြင့် စီအီးစီ တွေရဲ့ သဘောထား လွှတ်တော်ထဲမှာရှိတဲ့ လွှတ်တော်အမတ်တွေရဲ့ သဘောထား တွေနဲ့လည်း သက်ဆိုင်တဲ့အနေအထား ဖြစ်လာတာကြောင့် လွှတ်တော်တွင်းမှာ နိုင်ငံသူ နိုင်ငံသားအားလုံး အတူ လက်တွဲဖို့အတွက်လေ ပါဝင်ဖို့ကိုပဲ သူက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်တဲ့ သဘောပဲ ညွှန်းပါတယ်။ နောက်ပြီးတော့ လွှတ်တော် လာရောက်ရေး အတားအဆီး ဖြစ်နေတဲ့ကိစ္စ အတားအဆီး မဖြစ်ဘဲနဲ့ လွှတ်တော်ထဲကို လာရောက်ပြီးမှ ပိုပြီး ပူးပေါင်းဆောင်ရွက်ကြရအောင် ဆိုပြီးကာမှ ဖိတ်ခေါ်တာရှိပါတယ်။”

သူရဦးရွှေမန်းရဲ့ အခုလို တုံ့ပြန်ချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန် ဒေါက်တာအေးမောင်က တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ၄၅ နေရာအနက် ၄၃ နေရာကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း လွှတ်တော်စည်းဝေးပွဲတွေ ပြန်စတဲ့အချိန် လွှတ်တော်တက်နိုင်ဖို့ NLD ကိုယ်စားလှယ်တွေ ကျမ်းကျိမ်ဆိုရမယ့်အထဲမှာပါဝင်တဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်တွေကို ကာကွယ်စောင့်ရှောက်ပါမည်” ဆိုတဲ့ စကားရပ်အစား “လေးစားလိုက်နာပါမည်” ဆိုတဲ့ စကားရပ်ကို ပြင်ဆင်ပေးဖို့ NLD ဘက်က တောင်းဆိုခဲ့ တာဖြစ်ပါတယ်။ ဒါကြောင့် NLD ကိုယ်စားလှယ်တွေအနေနဲ့ ဒီတခေါက် ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။

NLD ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော် တက်ရောက်နိုင်ရေးကိစ္စဟာ နိုင်ငံရေး အကျပ်အတည်း တခုအဖြစ် မချဲ့ကားလိုဘဲ နည်းစနစ်ပိုင်း အခက်အခဲတခုသာ ဖြစ်တာကြောင့် မကြာခင် ပြေလည် သွားလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒေါက်တာအေးမောင် ကလည်း - NLD ကိုယ်စားလှယ်တွေအနေနဲ့ ရှေ့လာမယ့် တပတ်ထဲ ပြီးဆုံးတော့မယ့် လွှတ်တော် အစည်းအဝေးတွေကို မတက်ရောက်နိုင်ခဲ့ရင်တောင် လာမယ့် ဂျူလိုင်လမှာ ပြန်လည်ကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေကိုတော့ NLD ဘက်က တက်ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ဗွီအိုအေကို ပြောသွားခဲ့ပါတယ်ရှင်။

XS
SM
MD
LG