သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲ ရုရှားနှောက်ယှက်မှုရှိမရှိ စုံစမ်းရေးမှူး အစီရင်ခံစာ ထုတ်ပြန်ပြီ


Robert Mueller ရဲ့ စာမျက်နှာ လေးရာကျော်ရှိတဲ့ အစီရင်ခံချက်

ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားရဲ့ ၀င်ရောက် နှောက်ယှက်မှုတွေ ရှိမရှိ စုံစမ်းစစ်ဆေးတဲ့ အထူးစုံစမ်းစစ်ဆေးမှုး Robert Mueller ရဲ့ စာမျက်နှာ လေးရာကျော်ရှိတဲ့ အစီရင်ခံချက် ကို နိုင်ငံတော်ရှေ့နေချုပ်က အကျဉ်းချုပ်တည်းဖြတ်ပြီး မနေ့ကပဲ ထုတ်ပြန် လိုက်ပါတယ်။ ဒီအစီရင်ခံစာအရ သမ္မတဒေါ်နလ်ထရမ့်က သူ့မှာ ဘာမှ အပြစ်မရှိကြောင်း ထင်ရှားတာကြောင့် ကျေနပ်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက်တွေရဲ့ တင်ပြချက်တွေ ကို စုစည်းပြီး ကိုကျော်အောင်လွင် ဆက်ပြောပါလိမ့်မယ်။

အချိန် ၂၂လကြာအောင် စုံစမ်းစစ်ဆေးခဲ့တဲ့ အထူးစုံစမ်းစစ်ဆေးရေးမှုး Robert Muellerရဲ့ အစီရင်ခံစာက စာမျက်နှာ ၄၄၈ မျက်နှာရှိပါတယ်။ ဒီအစီရင်ခံစာကို လွန်ခဲ့တဲ့ သုံးပတ်ကတည်းက နိုင်ငံတော် ရှေ့ နေချုပ် William Barr ဆီကို သီးသန့်ထုတ်ပြန်ခဲ့ပါတယ်။ အခု ဒီအစီရင်ခံစာကို နိုင်ငံတော် ရှေ့ နေချုပ် က အကျဉ်းချုပ်တည်းဖြတ်ပြီး မနေ့က ထုတ်ပြန် ခဲ့တာပါ။ ဒီစုံစမ်းစစ်ဆေးမှုအရ သမ္မတဒေါ်နလ် ထရမ့်အနေနဲ့ ၂၀၁၆ခုနှစ် ရွေးကောက်ပွဲကာလ အတွင်း အပြစ်ကျူးလွန်မှု မရှိကြောင်းဖေါ်ပြထားတာပါ။ ဒီစုံစမ်းစစ်ဆေးမှု ဟာ ပုဂ္ဂိုလ်ရေး အငြိုးထားပြီး အပြစ်မရှိ အပြစ်ရှာနေတဲ့ လုပ်ရပ်ပဲလို့ သမ္မတထရမ့်က အကြိမ်ကြိမ် ပြောနေခဲ့တာပါ။ အခုတော့ သူ့ရဲ့အပြစ်ကျူးလွန်မှု မရှိကြောင်းထင်ရှားတဲ့အတွက် သမ္မတထရမ့်က သဘောကျ ကျေနပ်နေပါတယ်။

“ဒီလိုအဖြစ်မျိုး တခြားသမ္မတတွေအတွက် နောက်တကြိမ်မဖြစ်သင့်ပါဘူး။ ဒါက သက်သက် လုပ်ကြံတာပါ။ နောက်သမ္မတ တွေမှာ ဒီလိုထပ်မဖြစ်သင့်ပါဘူး”

အထူးစုံစမ်းစစ်ဆေးမှူး Robert Muellerရဲ့အစီရင်ခံစာထဲမှာ သမ္မတထရမ့်ရဲ့ မဲဆွယ်စည်းရုံးမှု ကာလအတွင်း ရုရှားအစိုးရနဲ့ ဆက်နွယ်မှုရှိခဲ့တဲ့ သူတွေတော်တော်များများ ရှိကြောင်း အထောက်အထား မှတ်တမ်းတွေ ရှိခဲ့တယ်ဆိုပေမဲ့လည်း ပြစ်မှုဆိုင်ရာ စွဲချက်တင်နိုင်လောက်တဲ့ အထောက်အထားတွေ မဟုတ်ဘူးလို့ Robert Mueller ကရေးသားထားပါတယ်။

၂၀၁၇ခုနှစ် ဇွန်လ တုန်းက တရားရေးဝန်ကြီးဌာနကတဆင့် Robert Mueller ကို ဖယ်ရှားရေးနဲ့ ပတ်သက်ပြီး အိမ်ဖြူတော် ဥပဒေအကြံပေး Don McGahn ကို သမ္မတကမေးမြန်းခဲ့ဖူးတဲ့ အကြောင်း Robert Mueller က ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ Don McGahn က တော့ သမ္မတထရမ့်က ညွှန်ကြား ခဲ့တယ်ဆိုတာ မဟုတ်တဲ့အကြောင်း ငြင်းဆိုပါတယ်။ မနေ့က Robert Mueller ရဲ့အစီရင် ခံချက်ကို ထုတ်ပြန်ပြီး မကြာခင်မှာပဲ အိမ်ဖြူတော်အတွင်းကျင်းပတဲ့ အခမ်းအနားတခုမှာ သူစိတ်ချမ်းသာနေတဲ့ အကြောင်း သမ္မတထရမ့်ကပြောပါတယ်။

“ကျနော်လည်းဒီကနေ့မှာ ကျေကျေနပ်နပ်ဖြစ်နေပါတယ်။ ရွေးကောက်ပွဲ ကာလအတွင်း ၀င်ရောက် စွက်ဖက်တာတွေ၊ နှောက်ယှက်တာတွေ မရှိပါဘူး။ ဘယ်တုန်းကမှလည်း မရှိခဲ့ဘူး၊ ဘယ်တော့မှလည်း ရှိမှာမဟုတ်ပါဘူး။”

Rudy Giuliani အပါအ၀င် သမ္မတရဲ့ရှေ့နေတွေကတော့ စုံစမ်းစစ်ဆေးမှု ရလဒ်တွေကတော့ သမ္မတထရမ့် အတွက် လုံးဝ အောင်ပွဲပါပဲ။ ပြစ်မှုဆိုင်ရာ ကျူးလွန်မှုတွေမရှိဘူးဆိုတာ ထင်ရှား ပါတယ်လို့ ဆိုပါတယ်။ ဒီမိုကရက်နဲ့ ရီပါဘလစ်ကန် လွှတ်တော်အမတ်တွေကြားမှာတော့ Robert Mueller ရဲ့ အစီရင်ခံစာအပေါ်တုံ့ပြန်ချက်တွေက မတူကြပါဘူး။

၂၀၁၆ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှု ကာလအတွင်း သမ္မတထရမ့် ရဲ့အနီးကပ် ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံခြားဆက်သွယ် ရေးဆိုင်ရာပုဂ္ဂိုလ်တွေက ထရမ့်ရဲ့ပြိုင်ဘက်ဖြစ်တဲ့ ဒီမိုကရက် ပါတီသမ္မတလောင်း ၀င်ပြိုင်သူ ဟီလာရီကလင်တန် ကိုထိခိုက်နစ်နာအောင် မဟုတ်တာတွေ လုပ်ခဲ့တာတွေ ရှိတယ်၊ ဟီလာရီကလင်တန်ရဲ့ မဲဆွယ်စည်းရုံးမှုက အရေးကြီးတဲ့ အီးမေးလ်တွေကို အင်တာနက်ကနေ တရားမ၀င် ထိုးဖေါက်ဝင်ရောက်ပြီး အများသိအောင်ဖြန့်ခဲ့ကြတယ်လို့ ဒီမိုကရက် လွှတ်တော် အမတ်တွေကပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်က ဒီမိုကရက်လွှတ်တော်အမတ် Brad Sherman က Robert Mueller ရဲ့ အစီရင်ခံစာမှာ ၀င်ရောက် စွက်ဖက်မှုတွေ ရှိတယ်လို့ ဖေါ်ပြထားတယ်။ ဒါပေမဲ့ ဒီစွက်ဖက်မှုတွေက ပြစ်မှုကျူးလွန်တဲ့ စွက်ဖက်မှုတွေ မဟုတ်ဘူးလို့ဆိုတယ်၊ ဒီအစီရင်ခံစာမှာ ပြစ်မှုကျူးလွန်ရာ ရောက်တဲ့ ဟန့်တားနှောက်ယှက်တဲ့ လုပ်ရပ် တွေရှိတယ်ဆိုတာကို ဖေါ်ပြထားတယ်လို့ ဆိုပါတယ်။ ဒီမိုကရက် အထက်လွှတ်တော်အမတ် Bob Casey ကလည်း ၂၀၁၆ ခုရွေးကောက်ပွဲကို ရုရှားက တိုက်ခိုက်ခဲ့တယ်ဆိုတာကို သိထားပြီးပြီး၊ ဒီအချက်က မပြောင်းလဲတဲ့ အချက်ပဲဖြစ်တယ်၊ သမ္မတထရမ့်နဲ့ သူ့လူတွေက ရုရှားရဲ့ တိုက်ခိုက်မှုကို ကြိုဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ ရီပါဘလစ်ကန် အထက်လွှတ်တော်အမတ် James Inhofe ကတော့ ဒီမိုကရက်တွေက သမ္မတထရမ့်ကို သက်သက်မျက်နှာပျက်အောင် စွပ်စွဲနေကြတာဖြစ်တယ်၊ ရွေးကောက်ပွဲကာလမှာ ဘာမှာ နှောက်ယှက်တာ၊ ဟန့်တားတာ တွေမရှိဘူးလို့ဆိုပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Meuller ကတော့ သူ့ရဲ့အစီရင်ခံချက်မှာ သမ္မတထရမ့်က တရားဥပဒေကိုနှောက်ယှက် ဟန့်တားမှုတွေ၊ ချိုးဖေါက်ကျူးလွန်မှုရှိမရှိဆိုတဲ့ သုံးသပ်ချက်မျိုး၊ ကောက်ချက်ချတာမျိုးတော့ ရေးမထားပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG