သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲ ရုရှားနှောက်ယှက်မှု ရှိမရှိ စုံစမ်းတဲ့အစီရင်ခံစာ ထုတ်ပြန်ဖွယ်ရှိ


၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ အပေါ် ရုရှားတို့ ဝင်ရောက်နှောင့်ယှက်ခဲ့မှုနဲ့ ပတ်သက်ပြီး စာမျက်နှာ ၄၀၀ နီးပါးရှိတဲ့ အထူးစုံစမ်းရေးမှူး Robert Mueller ရဲ့ အစီရင်ခံစာကို တည်းဖြတ်ပြီး ထုတ်ပြန်တော့မယ့် အခြေအနေ ရှိပါတယ်။ ဒါပေမယ့် အထူးစုံစမ်းရေးမှူး Mueller ရဲ့ ကောက်ချက်တွေ အပေါ်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေ ရှိခဲ့ပြီး ဖြစ်ပါတယ်။

Donald Trump ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး အဖွဲ့နဲ့ ရုရှားကြား အဆက်အသွယ်၊ နောက် စုံစမ်းစစ်ဆေးမှုကို ဟန့်တားနိုင်ရေး အတွက် သမ္မတ Trump က တရားရေးကို အဟန့်အတား လုပ်ခဲ့တာ ရှိသလားဆိုတဲ့ အပေါ် အထူးစုံစမ်းရေးမှူး Mueller ရဲ့ ၂၂ လကြာ စုံစမ်းစစ်ဆေးမှု အသေးစိတ်ကို အများက စောင့်မျှော်နေကြတဲ့ ဒီအစီရင်ခံစာကိုတော့ တနလာၤနေ့ ဒါမှမဟုတ်လည်း အင်္ဂါနေ့မှာ ရှေ့နေချုပ် William Barr က ထုတ်ပြန်မယ်လို့ မျှော်လင့်ထားကြပါတယ်။

အိမ်ဖြူတော် ပြောခွင့်ရ Sarah Sanders ကတော့ ဒီဟာက သမ္မတ Trump ကို ထိခိုက်မှု ဖြစ်စေမှာ မဟုတ်ဘူးလို့ Fox News Sunday အစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။ အောက်လွှတ်တော် တရားရေး ကော်မတီ ဥက္ကဌ လွှတ်တော် အမတ် Jerrold Nadler ကတော့ ရှေ့နေချုပ် Barr အနေနဲ့ အစီရင်ခံစာ အပြည့်အစုံကို ထုတ်ပြန်သင့်ကြောင်း CNN ရုပ်သံကို တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

၂၀၁၆ ရွေးကောက်ပွဲ စည်းရုံးရေး ကာလအတွင်း Trump ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး အဖွဲ့နဲ့ ရုရှားကြား ပတ်သက်ဆက်နွယ်မှု အတိုင်းအတာ၊ ဒါမှမဟုတ်လည်း စုံစမ်းစစ်ဆေးရေးကို ဟန့်တားရေး ရည်ရွယ်ပြီး သမ္မတ တဦးအနေနဲ့ လုပ်ခဲ့သလားဆိုတာတွေကိုတော့ ရှေ့နေချုပ် Barr နဲ့ သူ့ရုံးက အဓိက ကျတဲ့ တာဝန်ရှိသူတွေ၊ နောက် စုံစမ်းရေးမှူး Mueller နဲ့ သူ့ရဲ့ အစိုးရရှေ့နေအဖွဲ့ တို့ဘဲ သိကြတာပါ။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG