သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအရေး အထူးစုံစမ်းရေးမှူးအစီရင်ခံစာ ကန် ထုတ်ပြန်မည်


အမေရိကန်သမ္မတ Donald Trump အနိုင်ရခဲ့တဲ့ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်စွက်ဖက်မှုတွေကို စုံစမ်းခဲ့တဲ့ အထူးစုံစမ်းရေးမှူး Robert Mueller ရဲ့ စာမျက်နှာ ၄၀၀ နီးပါးရှိတဲ့ အစီရင်ခံစာကို တည်းဖြတ်ထားတဲ့ အစီရင်စာကို တရားရေးဌာနက မနက်ဖြန်မှာ ထုတ်ပြန်သွားဖို့ စီစဉ်ထားပါတယ်။

အထူးစုံစမ်းစစ်ဆေးရေး လုပ်ငန်းတွေအပေါ် ထပ်တလဲလဲ ဝေဖန်နေတဲ့ သမ္မတ Trump ကတော့ ၂၂ လကြာ စုံစမ်းစစ်ဆေးမှုအရ ရွေးကောက်ပွဲမှာ သူ့အနေနဲ့ အမှားအယွင်းလုပ်ခဲ့တာ မရှိကြောင်း မနေ့က ထပ်ပြောလိုက်ပါတယ်။

ရုရှားနဲ့ ပူးပေါင်းကြံစည်တာမျိုး မရှိသလို တရားရေးလုပ်ငန်းတွေကို နှောက်ယှက်ခဲ့တာလည်း မရှိတဲ့အကြောင်း Twitter လူမှုကွန်ယက်ကနေ ပြောဆိုခဲ့တာပါ။

၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဖက်ဖြစ်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Hillary Clinton ဒီမိုကရက်တစ်ပါတီ အမျိုးသားကော်မတီ တရားဥပဒေစိုးမိုးရေး ထိပ်တန်း အရာရှိဟောင်းတွေနဲ့ တခြားသူတွေကသာ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အထူးစုံစမ်းရေးမှူးကတော့ သမ္မတ Trump ရဲ့ စည်းရုံးရေးအဖွဲ့နဲ့ ရုရှားတို့ကြား ဆက်နွယ်မှု ရှိ-မရှိ၊ စုံစမ်းနေတဲ့ တရားရေးလုပ်ငန်းတွေမှာ သမ္မတက ကြားဝင်စွက်ဖက်ခဲ့တာတွေ ရှိ-မရှိ ဆိုတာတွေကို စုံစမ်းခဲ့တာပါ။

အထူးစုံစမ်းရေးမှူးရဲ့ အစီရင်ခံစာအပေါ် ၄ မျက်နှာ အကျဉ်းချုပ် ကောက်နှုတ်ချက်အဖြစ် ရှေ့နေချုပ် William Barr က လွန်ခဲ့တဲ့ သီတင်း ၃ ပတ်ကပဲ ထုတ်ပြန်ခဲ့ပါတယ်။ ကောက်နှုတ်ချက်မှာတော့ Trump ရဲ့ စည်းရုံးရေးအဖွဲ့နဲ့ ရုရှားကြား ဆက်နွယ်မှုမတွေ့ရကြောင်း စုံစမ်းစစ်ဆေးသူတွေက ကောက်ချက်ချခဲ့တယ်လို့ ဖော်ပြခဲ့ပေမဲ့ သမ္မတက တရားရေး လုပ်ငန်းတွေမှာ နှောက်ယှက်ခဲ့သလား ဆိုတာကိုတော့ သုံးသပ်ချက် မပေးတဲ့အကြောင်း ပြောဆိုခဲ့တာပါ။

တရားရေးလုပ်ငန်းတွေမှာ နှောက်ယှက်ခဲ့တာ ရှိမရှိ အထူးစုံစမ်းရေးမှူးနဲ့ အဖွဲ့က ကောက်ချက်တစုံတရာ မချခဲ့ပေမဲ့လည်း ရှေ့နေချုပ်နဲ့ လက်ထောက်ရှေ့နေချုပ် Rod Rosenstein တို့ကတော့ နှောက်ယှက်တဲ့ လုပ်ရပ်မရှိကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG