ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ လပိုင်း အနည်းငယ်အတွင်း လူသတ်မှုပေါင်း ဒါဇင်နဲ့ ချီပြီးရှိလာတဲ့အတွက် ဒုက္ခသည်တွေ ကြောက်ရွံထိတ်လန့်နေကြပါတယ်။ အုပ်စုလိုက် ဂိုဏ်းဖွဲ့သတ်ဖြတ်မှုအပါအဝင် မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှု စတာတွေ ကျူးလွန်နေသူတွေကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ထိထိရောက်ရောက် နှိမ်နင်းနိုင်ဖို့ ကြိုးစားနေပေမယ့် အင်အားလုံလောက်မှုမရှိပဲ ဖြစ်နေပါတယ်။AFP သတင်းကို အခြေခံပြီး မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
ကမ္ဘာ့ဒုက္ခသည် လူဦးရေ အများဆုံးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မကြာသေးခင် လပိုင်းတွေကစပြီး အကြမ်းဖက် သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။
ဒုက္ခသည်အရေအတွက် ၁ သန်းနီးပါးရှိနေပြီး နေရာအကျယ်အဝန်းနဲ့ မမျှ ယာယီတဲအိမ်တွေ ပြွတ်သိပ် ကျပ်ညပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ လုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀၀ လောက်ပဲရှိပါတယ်။ အခုလို လူသတ်မှု အများအပြားဖြစ်ပြီးနောက် ရဲအင်အား နှစ်ဆလောက်ချထားဖို့ ဒါကာမြို့တော်မှာရှိတဲ့ ရဲဌာနချုပ်ကို အကူအညီတောင်းထားကြောင်း Cox’s Bazar ရဲတပ်ဖွဲ့ ရဲ့ ရဲအရာရှိကြီး တဦးဖြစ်တဲ့ Muhammad Afruzul Haque Tutul ကပြောပါတယ်။ လက်ရှိမှာလည်း တတ်နိုင်သလောက် အင်အားတိုးချဲ့ချထားပြီး ဆောင်ရွက်နေကြောင်း သူက အခုလိုပြောပါတယ်။
"ဒုက္ခသည်စခန်းတွေထဲမှာ ကျနော်တို့ ရဲတပ်ဖွဲ့အင်အားတွေ ချထားပြီး ၂၄ နာရီပတ်လုံး အလုပ်လုပ်နေပါတယ်။ ရဲကားတွေနဲ့ ကင်းလှည့်နေသလို၊ ရဲတွေကိုယ်တိုင် လမ်းလျှောက် ကင်းလှည့်တာမျိုးလဲ လုပ်ပါတယ်။ နောက်ပြီး ရဲထောက်လှမ်းရေးတွေလည်း ကျနော်တို့ ထားတာပါတယ်။"
ဒုက္ခသည်စခန်းတွေမှာ အတင်းအဓမ္မပြုကျင့်မှု၊ မူးယစ်ဆေးဆိုင်ရာ ပြစ်မှုတွေ၊ လူကုန်ကူးမှု၊ လက်နက် ပိုင်ဆိုင်မှုနဲ့အခြား ရာဇဝတ်ကျူးလွန်မှုတွေ တိုးမြှင့်လာတဲ့အတွက် သြဂုတ်လကစပြီး ရိုဟင်ဂျာဒုက္ခသည် ရာနဲ့ချီပြီး ဖမ်းဆီးခံခဲ့ရပါတယ်။
လူဆိုးဂုဏ်းတွေဟာ ခိုလှုံဖို့နဲ့ စားနပ်ရိက္ခာအတွက် စိုးရိမ်ပူနေကြတဲ့ နောက်ပိုင်းရောက်ရှိလာတဲ့ ဒုက္ခသည်အသစ်တွေ ဆီကနေ ငွေကြေးတွေကို အတင်းအဓမ္မ ခြိမ်းခြောက်ယူခဲ့ကြတယ်လို့ ရဲအရာရှိကြီး Tutul ကပြောပါတယ်။ ဒါအပြင် ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ မူးယစ်ဆေးနဲ့ လူကုန်ကူးမှု ကွန်ရက်တွေနဲ့ ပူးပေါင်းလုပ်နေတဲ့ ဒုက္ခသည်တွေဟာ စခန်းထဲမှာရှိတဲ့ ရိုဟင်ဂျာ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာဖျော်ဖြေဖို့ နဲ့ စိတ်ကြွဆေးပြား သယ်ယူရာမှာ စေခိုင်းဖို့ ရောင်းချခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။
"ပြစ်မှုကျူးလွန်သူတွေ၊ ဓါးပြတိုက်သူတွေဟာ ဒီဒုက္ခသည်စခန်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေကြပါတယ်။ အဲဒါကလည်း အဓိကပြဿနာပါ။ တချို့အုပ်စုတွေက ဘင်္ဂလားဒေ့ရှ်ထဲက ဖြစ်ပြီး တချို့ကတော့ ရိုဟင်ဂျာတွေ ဖြစ်ပါတယ်။"
လူဆိုးဂိုဏ်းတွေဟာ ဒုက္ခသည်စခန်းခေါင်းဆောင်ပိုင်းတွေကို ပစ်မှတ်ထား သတ်ဖြတ်တာတွေလည်း ရှိနေပါတယ်။ Arifullah ဆိုတဲ့ ဒုက္ခသည်စခန်းခေါင်းဆောင်တဦးကို ဇွန်လက လူအများသွားနေတဲ့ လမ်းပေါ်မှာ အုပ်စုလိုက် ဓါးနဲ့ အချက်ပေါင်း ၂၅ ချက်လောက် ဝိုင်းထိုးပြီး သတ်ဖြတ်ခဲ့ပါတယ်။ သူဟာ အင်္ဂလိပ်စကားပြောဆိုနိုင်သလို၊ စခန်းတွေကို လာရောက်ကြည့်ရှုတဲ့ နိုင်ငံတကာခေါင်းဆောင်တွေ၊ ဘင်္ဂလားဒေ့ရှ်ရဲအရာရှိတွေနဲ့ အဓိက ဆက်ဆံပြောဆိုသူဖြစ်တဲ့အပေါ်မှာ သူရဲ့ပြိုင်ဘက်တွေက အမျက်ဒေါသထွက်စေပြီး ရက်ရက်စက်စက်သတ်ခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲဘက်က ပြောပါတယ်။ နောက် အခြားဒုက္ခသည်စခန်းဖြစ်တဲ့ Balukhali က ခေါင်းဆောင်တဦးဆိုရင်လည်း Arifullah အသတ်မခံရခင် တရက်အလိုမှာ လူအုပ်စုလိုက် ဝိုင်းဝန်းပြီး သေလုနီးပါး ရိုက်နှက်တာကို ခံခဲ့ရပါတယ်။
ဖခင်ဖြစ်သူ ပျောက်ဆုံးနေတဲ့အတွက် စိုးရိမ်ပူပန်နေတဲ့ အသက် ၂၆ နှစ်အရွယ် Ruan Akter ဆိုရင် သူတို့ မိသားစုဟာ လူဆိုးဂိုဏ်းတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရကြောင်း အခုလိုပြောပြပါတယ်။
"ကျမတို့ တကယ်ပဲ ကြောက်နေကြပါတယ်။ ကျမရဲ့အဖေကို ဘယ်ကို ခေါ်သွားလဲဆိုတာ ကျမတို့ မသိပါဘူး။ ကျမတို့ မိသားစုတစုလုံးလဲ အဆက်မပြတ် ခြိမ်းခြောက်ခံနေရပါတယ်။ အထူးသဖြင့် ကျမ အကိုကြီးအတွက် ကျမတို့အားလုံး စိုးရိမ်စိတ်ပူနေကြပါတယ်။ သူ့ကို ပြန်ပေးဆွဲပြီး သတ်ပစ်မယ်လို့ သူတို့က ခြိမ်းခြောက်ထားပါတယ်။"
Ruan Akter ရဲ့ဖခင် အလောင်းကို နောက်ပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။ အခုဆိုရင် Cox’s Bazar ခရိုင် ရဲဌာနအနေနဲ့ ဒုက္ခသည်စခန်းတွေအတွင်းဖြစ်ခဲ့တဲ့ လူသတ်မှုပေါင်း ၂၁ မှုကို စုံစမ်းစစ်ဆေးနေပါတယ်။
ဒုက္ခသည်စခန်းတွေထဲကို လူဆိုးဂိုဏ်းတွေ ဝင်လာချိန်မှာ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ကို အကူအညီတောင်းပေမယ့် အချိန်မှီရောက်မလာကြဘူးလို့ ဒုက္ခသည်အများစုကပြောပါတယ်။ ဒါကြောင့် ရဲအင်အားတိုးမြှင့်တာထက် ရာဇဝတ်ကျူးလွန်မှုတွေကို အချိန်မှီ တားဆီးနိုင်ရေး ဆောင်ရွက်ပေးဖို့ လိုအပ်နေကြောင်း ရိုဟင်ဂျာခေါင်းဆောင်တဦးဖြစ်တဲ့ Mohibullah ကပြောပါတယ်။
"ရဲတပ်ဖွဲ့ဝင် အရေအတွက် တိုးမြှင့်တာ ကျနော်တို့အတွက် အကူအညီမဖြစ်ပါဘူး။ တကယ်တမ်း ပြဿနာဖြစ်လို့ ကျနော်တို့ သူတို့ကို လာပြီးဖြေရှင်းဖို့ခေါ်တဲ့အချိန်မှာ အချိန်မှီရောက်လာဖို့ ဖြစ်ပါတယ်။"
လက်ရှိမှာတော့ ဒုက္ခသည်စခန်းတွေမှာ အများစုဟာ လူဆိုးဂိုဏ်းတွေရဲ့ ရန်ပြုမှုကို ကြောက်ရွံနေကြပြီး အာဏာပိုင်တွေဘက်က စုံစမ်းမေးမြန်းမှုတွေကို ဖြေဆိုဖို့ တွန့်ဆုတ်နေကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေဘက်က ပြောပါတယ်။