သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ မိုးရာသီမတိုင်ခင် အမိုးအကာအကူအညီလိုအပ်


Cox's Bazar မှ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများ
Cox's Bazar မှ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများ

မကြာခင်မုတ်သုံမိုးရာသီရောက်ရှိလာတော့မှာဖြစ်လို့ ဒုက္ခသည်သိန်းနဲ့ချီ ခိုလှုံနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းက ယာယီ ဒုက္ခသည်စခန်းတွေထဲက တဲလေးတွေ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းမုန်တိုင်းဒဏ်ခံနိုင်အောင် ခိုင်ခံတဲ့အဆောက်အဦးတွေ အမိုး အကာတွေ အရေးတကြီးဆောက်ပေးဖို့ ကုလသမဂ္ဂနဲ့ သက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေကို ဒုက္ခသည်တွေက တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံဘက်ခြမ်းမှာတော့ ဒုက္ခသည်တွေပြန်လာရင် ရာသီဥတုဒဏ်ခံနိုင်တဲ့အဆောက်အဦးတွေ စီစဉ်ပေးထားတယ်ဆိုပေမဲ့ အသက်အန္တရာယ်လုံခြုံရေးနဲ့ ခိုင်မာတဲ့အာမခံချက်တွေ မရရှိလို့ ဒုက္ခသည်တွေက သူတို့နေရပ်ရင်းမပြန်ရဲကြသေးပါဘူး။ ဒီလိုအခြေအနေအပေါ် နှစ်နိုင်ငံအစိုးရတာဝန်ရှိသူတွေအတွက် ဒုက္ခသည်တွေအရေး အဓိကဆောင်ရွက်သင့်တာတွေကို ပူးပေါင်းလုပ်ဆောင်သင့်တယ်လို့လည်း အကြံပေးမှုတွေရှိပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသက အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေးနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ မတရားဖမ်းဆီးနှိပ်စက်မှုတွေကြောင့် တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ဒုက္ခသည်ပေါင်းခြောက်သိန်းကျော် ထွက်ပြေးသွားကြပြီး ယာယီဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။ ဒုက္ခသည်တွေအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာအလှူရှင်တွေက စီစဉ်ပေးထားတယ်လို့ဆိုပေမဲ့ ဒုက္ခသည်အတွက် ရန်ပုံငွေနဲ့ လူသားချင်းစာနာမှုအကူညီတွေကတော့ အရေးပေါ်လိုအပ်နေတဲ့ အနေအထားဖြစ်နေတာပါ။

ဒီအခြေအနေမှာတော့ မကြာခင်ကျရောက်လာတေ့ာ့မယ့် မုတ်သုံမိုးရာသီမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာက မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းမုန်တိုင်းဒဏ်ကျရောက်လေ့ရှိတဲ့ ဆိုးဝါးလှတဲ့ ရာသီဥတုဒဏ်တွေကို အပြင်းအထန်ခံရမှာကိုတော့ ယာယီမြေစိုက်တဲလေးတွေမှာ နေထိုင်နေရတဲ့ ဒုက္ခသည်တွေက အလွန်စိုးရိမ်နေကြတာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ကော့ဇက်ဘဇားအနီးမှာရှိတဲ့ ဘာလုခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်ကိုအီစလံက သူတို့ရဲ့စိုးရိမ်ချက်ကို အခုလိုပြောပြပါတယ်။

"မိုးရာသီရောက်တော့မှာဆိုတော့ ဒီမှာဒုက္ခသည်တွေရဲ့အခြေအနေက အားလုံး စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ တောင်ကုန်းပေါ်မှာ ဆောက်ထားတဲ့ တဲကလေးတွေ နောက်တောင်စောင်းဘေးမှာ ဆောက်ထားတဲ့ တဲကလေးတွေဆိုရင် မိုးရာသီရောက်တော့မယ်ဆိုရင် အသက်အန္တရာယ်တောင်စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ ဒီမှာ မိုးမကျမီကာလမှာ တောင်ကုန်းတောင်စောင်းတွေမှာရှိတဲ့ ဒုက္ခသည်တွေကို မြေပြန့်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို ပြန်လည်နေရာချထားပေးပါလို့ တောင်းဆိုချင်ပါတယ်။ နောက်ပြီးတော့ ဒီမှာအမိုးအကာမရတဲ့ ဝါးတို့ သွပ်တို့ မရတဲ့ဒုက္ခသည်အရေအတွက်တွေက အများကြီးပါ။ ဆိုတော့ မိုးမကျခင်အဲဒါတွေအမြန်ဆုံးလုပ်ပေးပါလို့ ဒုက္ခသည်တွေရဲ့ တောင်းဆိုချက်တွေက အဲဒါတွေပါ။"

ဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်စခန်းတွေမှာ အခုလိုသိန်းချီခိုလှုံနေရပြီး နေထိုင်ရေးအခက်အခဲဖြစ်နေကြပေမဲ့လို့ ဒုက္ခသည်တွေကတော့ သူတို့ရဲ့နေရပ်ရင်းကို မပြန်ရဲကြသေးပါဘူး။ အသက်အန္တရာယ်လုံခြုံမှု နောက် နေရပ်ရင်းတွေမှာ နေရာပြန်လည်ချထားရေးနဲ့ နေ့စဉ်လူမှုဘဝတွေအတွက် ခိုင်မာတဲ့အာမခံချက်တွေ မရသေးတာကြောင့်လို့လည်း ကိုအီစလံကပြောပါတယ်။

"ကျနော်တို့ကတော့ ပြန်ဖို့အစီအစဉ်ကတော့ မမြင်သေးဘူး ဘာဖြစ်လို့ဆိုရင် မြန်မာအစိုးရဘက်ကတော့ ကုလသမဂ္ဂ ရဲ့ ဖြေရှင်းချက်တခုကိုမှ လိုက်လျောတာ ကျနော်တို့ မတွေ့ရသေးပါဘူး။ ကျနော်တို့လည်း တောင်းဆိုထားတယ် ဒုက္ခသည်များရဲ့ တောင်းဆိုချက်ကို လိုက်လောမယ်ဆိုရင် ကျနော်တို့ဘက်ကတော့ ပြန်ဖို့အဆင်သင့်ပါပဲ။ ကျနော်တို့ကို နိုင်ငံသားအခွင့်အရေးအပြည့်အဝပေးရမယ်။ နောက်ဘေးကင်းလုံခြုံမှုဆိုတာကို ပေးရမယ်။ နောက်ပြီးတော့ မူလကျေးရွာမှာ ပြန်လည်နေထိုင်ခွင့်ပေးရမယ်။ အဲဒီအချက်အလက်ကို မြန်မာအစိုးရဘက်က လိုက်လျောမယ်ဆိုရင် ကျနော်တို့ဘက်ကတော့ ပြန်ဖို့အဆင်သင့်ပါပဲ။"

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံတာဝန်ရှိသူတွေဘက်က မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်ပေးဖို့နဲ့ ပြန်လည်လက်ခံ နေရာချထားရေးတွေကို ပူးပေါင်းဆောင်ရွက်နေပေမဲ့လို့ အခုလို သိန်းချီတဲ့ဒုက္ခသည်တွေကလည်း မပြန်လိုကြသေးအခြေအနေမှာတော့ နှစ်နိုင်ငံတာဝန်ရှိသူတွေအနေနဲ့ ဒုက္ခသည်တွေ အရေးပေါ်လိုအပ်ချက်အခက်အခဲတွေကိုပဲ အဓိကထားကိုင်တွယ်ဖြေရှင်းပေးဖို့လိုတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအေးလွင်က အကြံပြုပါတယ်။

"ကျနော်တို့ သဘောတူထားတဲ့အချက်တွေမှာကိုက ပြန်လာတဲ့လူတွေအတွက် လုံခြုံရမယ်ဆိုတာက အသက်အန္တရယ်တင်မကဘူး ရာသီဥတုဒဏ်ရော သူတို့ဘ၀ ရပ်တည်နိုင်ရေးအတွက် သွားရမယ့်ကိစ္စတွေလုံလုံခြုံခြုံရှိဖို့အတွက်ကို ကျနော်တို့ သဘောတူညီမှုယူထားတာရှိပါတယ်။ ဒီကနေ့ကျနော်တွေ့လိုက်တာ သတင်းစာထဲမှာ ဘာတွေ့လိုက်သလဲဆိုရင် storm shelters ၂၆ ခုလုပ်မယ်ဆိုပြီးတော့ တွေ့လိုက်တယ်လေ။ ဖြစ်သင့်တာကတော့ သူတို့လုံခြုံရေးဆိုတာက ဘက်ပေါင်းစုံလုံခြုံစိတ်ချရေးကို လုပ်ဖို့ ၂ ဖက်စလုံးအစိုးရမှာ တာဝန်ရှိပါတယ်။ ဟိုဘက်က မလာချင်သေးတဲ့လူတွေအတွက် တာဝန်ယူရပါလိမ့်မယ်။ ဒီဘက်ကိုရောက်လာပြီဆိုရင် အစိုးရအနေနဲ့ တာဝန်ယူရမယ်။ ဒါကတော့ တကယ့်ကို Humanitarian သပ်သပ်အတွက်ကို တကယ်စဉ်းစားဖို့လိုမယ်လို့ ကျနော်ထင်ပါတယ်။"

မြန်မာနိုင်ငံဘက်ခြမ်းမှာတော့ ဒုက္ခသည်တွေ ပြန်လာရင် နေထိုင်နိုင်ဖို့ ဒုက္ခသည်တွေအတွက် မုန်တိုင်းဘေးအန္တရာယ်ကနေ တိမ်းရှောင်နေထိုင်နိုင်တဲ့ ယာယီခိုလှုံရေးစခန်းတွေ တည်ဆောက်ပေးထားသလို ပြန်လည်လက်ခံနေရာချထားရေးစခန်းတွေကိုလည်း မြန်မာ-ဘဂ်လားဒေ့ရှ်နယ်စပ်မှာ ကြားစခန်းသုံးခုဖွင့်လှစ်ပြီး စီစဉ်ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။ လတ်တလောအခြေအနေမှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကပြန်ပေးလိုက်တဲ့ ပြန်လာကြမယ့်ဒုက္ခသည်စာရင်းတွေမှာလည်း စိစစ်နေရဆဲအနေအထားဖြစ်လို့ ဒုက္ခသည်တွေပြန်လည်လက်ခံရေးအစီအစဉ်ကလည်း နှောင့်နှေးနေဆဲဖြစ်ပြီး နေထိုင်သွားလာရေးနဲ့ စားဝတ်နေရေးအခက်အခဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို ထပ်မံတိမ်းရှောင်လာသူတွေလည်း ရှိနေဆဲဖြစ်တယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG