သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှု ၁၅ ဦးထက်မနည်း သေဆုံး


ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသက မီးလောင်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း မြင်ကွင်း။ (မတ် ၂၃၊ ၂၀၂၁)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသက မီးလောင်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း မြင်ကွင်း။ (မတ် ၂၃၊ ၂၀၂၁)

[Zawgyi/Unicode]

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မနေ့တနင်္လာနေ့က အကြီးအကျယ် မီးလောင်ခဲ့တာကြောင့် လူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကုလသမဂ္ဂကလေးငယ်များရံပုံငွေအဖွဲ့ UNICEF ကပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့်ဒုက္ခသည်စခန်းမှာ လူသားချင်းစာနာမှု အကူအညီတွေ ပိုပြီး လိုအပ်လာတယ်လို့လည်း UNICEFပြောခွင့်ရသူ James Elder က ဂျနီဗာမှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ ဒီကနေ့ပြောဆိုသွားပါတယ်။ Cox’s Bazar က ဘာလုခါလီ ဒုက္ခသည်စခန်းကနေ လူထောင်ချီနေရပ်ပြောင်းရွှေ့ထားရပြီး အပျက်အစီးတွေကြားမှာ သေဆုံးသူတွေရှိမရှိ တာဝန်ရှိသူတွေ ဒီကနေ့ဆက်ပြီးရှာဖွေနေပါတယ်။ မီးလောင်မှုကြောင့် ထောင်နဲ့ချီတဲ့ လူနေတဲတွေ မီးထဲပါသွားခဲ့တာပါ။

ကလေး ၃ ဦးအပါအဝင်သေဆုံးသူအားလုံးရဲ့အလောင်းတွေ ရုပ်လုံးမပေါ်လောက်အောင် မီးလောင်ထားကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ကအတည်ပြုပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်းမသိရသေးသလို စုံစမ်းနေဆဲဖြစ်တယ်လို့လည်း အဆင့်မြင့်ရဲအရာရှိ Zakir Hossain Khan ကပြောပါတယ်။

အပြည်ပြည်ဆိုင်ရာလခြမ်းနီအဖွဲ့၊ ဘင်္ဂလားဒေ့ရှ်ရုံးရဲ့အဆိုအရ ဒုက္ခသည်တွေရဲ့တဲပေါင်း ၁၇,၀၀၀ ကျော်မီးထဲပါသွားပြီး ထောင်နဲ့ချီတဲ့လူတွေကို နေရာပြောင်းရွှေ့ထားရတယ်လို့ဆိုပါတယ်။ ဘာလုခါလီဒုက္ခသည် စခန်းမှာခိုလှုံနေသူ ၁၂၄,၀၀၀ လောက်ရှိတယ်လို့လည်း လခြမ်းနီအဖွဲ့ကပြောပါတယ်။ မျက်မြင်တွေ့သူတချို့ရဲ့အဆိုအရ စခန်းကို ကာထားတဲ့သံဆူးကြိုးတွေကြောင့် လူတွေပိတ်မိနေခဲ့ပြီး တချို့လည်း ထိခိုက်ဒဏ်ရာတွေရခဲ့ကြတဲ့အတွက် သံဆူးကြိုးတွေ ဖယ်ရှားပစ်ဖို့လည်း လူမှုရေးအဖွ့ဲတွေက ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုတွန်းလာကြပါတယ်။

အပြည်ပြည်ဆိုင်ရာဒုက္ခသည်များအဖွဲ့ Refugee International ရဲ့ထုတ်ပြန်ချက်မှာတော့ မီးလောင်မှုကြောင့် လူ ၅,၀၀၀ လောက် နေရာပြောင်းရွှေ့ပေးထားရတယ်လို့ ခန့်မှန်းထားပါတယ်။ ကလေးငယ်အတော်များများ ပျောက်ဆုံးနေဆဲဖြစ်ပြီး ဘယ်လောက်ထိခိုက်ပျက်စီးသွားသလဲဆိုတာ အတိအကျမသိနိုင်သေးဘူးလို့ ဖော်ပြထားပါတယ်။ စခန်းမှာ ခိုလှုံနေတဲ့ဒုက္ခသည်အများစုက ၂၀၁၇ ခုနှစ်မှာ မြန်မာလုံခြုံရေးတပ်ရဲ့နှိမ်နင်းမှုကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ထွက်ပြေးလာသူတွေဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်မခံတဲ့ မြန်မာတာဝန်ရှိသူတွေက ဒုက္ခသည်တွေကို ပြန်လည် လက်ခံမယ်လို့တော့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG