သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရပ်ပြန်ရေး စမ်းသပ်အစီအစဉ် ရိုဟင်ဂျာတွေစိုးရိမ် 


ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ၆ နှစ်ပြည့် ဘင်္ဂလာဒေ့ရှ် ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာတွေ ဆန္ဒထုတ်ဖော် (သြဂုတ် ၂၅၊ ၂၀၂၃)
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ၆ နှစ်ပြည့် ဘင်္ဂလာဒေ့ရှ် ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာတွေ ဆန္ဒထုတ်ဖော် (သြဂုတ် ၂၅၊ ၂၀၂၃)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး စမ်းသပ်အစီအစဉ်တွေ စတင်ဖို့ ပြင်ဆင်နေပေမဲ့ ဒုက္ခသည်တွေ ကြားမှာတော့ စိုးရိမ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ နှစ်ဘက် အာဏာပိုင်တွေက နေရပ်ပြန်ရေး စီစဉ်နေပေမဲ့ လက်တွေ့ အကောင်အထည် ဖော်နိုင်ပါ့မလား ဆိုတာကိုလည်း အကဲခတ်တွေ သံသယရှိနေကြတာပါ။ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစံကျော် ပြောပြပေးပါမယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ဘင်္ဂလားဒေရှ့်ဖက်ကို ထွက်ပြေးသွားကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေရှ့်နဲ့ မြန်မာစစ်ကောင် စီတို့ လုပ်ဆောင်နေကြတာရှိပေမဲ့ အခုအချိန်ထိ ဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေးပါဘူး။ လက်ရှိမှာတော့ ဘင်္ဂလားဒေရှ့်အစိုးကဘက် ဒီနှစ်မကုန်ခင် ရိုဟင်ဂျာ ၁ဝဝဝ လောက်နဲ့ နေရပ်ပြန်ရေး စတင်လိုကြောင်း ပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း ဒုက္ခသည်တွေရဲ့ စိုးရိမ်မှုတွေနဲ့ လိုလားချက်တွေကို စစ်ကောင်စီ တာဝန်ရှိသူတွေ မဖြေရှင်းနိုင်သေးတာကြောင့် ပြန်ဖို့မလွယ်သေးဘူးလို့ ရိုဟင်ဂျာဒုက္ခသည်တဦးကပြောပါတယ်။

“ အဓိက ကျနော်တို့ရဲ့ နေရပ်ပြန်ရေး ကိစ္စက မြန်မာစစ်ကောင်စီက မနက်ဖန် စမယ်ဆိုရင် ကျနော်တို့က မနက်ဖန်လာကြမှာ ဘာလို့လည်းဆိုတော့ ကျနော်တို့ ဘိုးဘွားပိုင်မြေ အဲဒီမှာနေကြတဲ့ လူတွေ ဖြစ်တဲ့ အတွက်ကြောင့်ဖြစ်တယ်။ ကျနော်တို့ နေစဉ်နေ့တိုင်း စိတ်ပူနေရတယ် ကျနော်တိုပ မြန်မာစစ်ကောင်စီရဲ့ အားနည်းချက်ကြောင့် ပြန်မလာတာပါ။ မြန်မာစစ်ကောင်စီက မီဒီယာတွေမှာ မကြခဏပြောတာရှိတယ် ကျနော်တို့ ပြန်ခေါ်ဖို့ ကြိုးစား တယ် သူတို့မလာကြဘူးဆိုပြီး သူတို့ပြောတယ်။ဒါက ကျနော်တို့ရဲ့ အဲမှာ ပြန်လာရေး စမယ်ဆို လို့ရှိရင် ကျနော်တို့နဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ ကျနော်တို့ရဲ့ တောင်းဆိုချက်တွေကို သူတို့ ဘာတခုမှလည်းမပေးဘဲနဲ့ သူတို့လုပ်မယ်ဆိုရင် အခုသူတို့ ပထမလုပ်တဲ့ Pilot Project အတိုင်းသူတို့ ဆက်လှုပ်ရှားလာရင် ကျနော်တို့နဲ့ အဆင်ပြေမယ်လို့ သိပ်မထင်ဘူး။”

ဒုက္ခသည်တွေ နေရပ်ပြန်ရေး အရပ်သား အစိုးရလက်ထက်မှာကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ မြန်မာနိုင်ငံက နားလည်မှုစာချွန်လွှာတွေ လက်မှတ်ထိုးထားပေမဲ့ လက်တွေ့မှာတော့ အကောင်အထည် မဖော်နိုင်သေးပါဘူး။

အခုနောက်ဆုံး စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံရေး အကြပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေချိန်မှာ နေရပ်ပြန်ရမှာကိုလည်း ဒုက္ခသည်တွေ စိုးရိမ်နေကြတာပါ။

“ နောက်တခု ကျနော်တို့ ရိုဟင်ဂျာ ဒုက္ခသည်တွေ စိုးရိမ်တာက အရင်လိုမဟုတ်တော့ပါဘူး၊ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်ပြီးနောက်ပိုင်း မြန်မာတနိုင်ငံလုံးမှာ အင်မတန် ဆိုးဆိုးရွားရွား စစ်ဆင်ရေး ဆင်နွှဲနေတာကို ကျနော်တို့ ကြားသိရတယ် တွေ့မြင်နေရတယ်၊ ကျနော်တို့ မြန်မာနိုင်ငံသားအပေါ် အင်မတန်ဆိုးရွားသော သတ်ဖြတ်မှု ဖမ်းဆီးမှု ပြုပ်နေတာကို ကျနော်တို့ သတင်းအချက်အလက်ရတယ်။ မြန်မာနိုင်ငံက တိုင်းနယ်ပြည်နယ် ၁၄ခုမှာဆိုရင် ပြည်နယ်တခု တိုင်းတခုမှာ အေးချမ်းတယ်ဆိုတာ မရှိခဲ့ပါဘူး၊ ကျနော်တို့ ဒီလို ဆိုးရွားတဲ့ အချိန်ကာလမှာ နုတ်နဲ့ လေပေါ်မှာ ပြောတဲ့ စကားကို ယုံပြီး သွားမယ်ဆိုရင် နောက်တခေါက် ဒီလိုမျိုး ဆိုးရွားသော အန္တရာယ်ကို ကျရောက်မှာကို ကျနော်တို့က အင်မတန်စိုးရိမ်ကြပါတယ်။”

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး စမ်းသပ်အစီအစဉ်ကို ဟန့်တားတာတွေ မလုပ်ကြဖို့လည်း သတိပေးထားပါတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီ လက်ထက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးဟာ လက်တွေ့မှာ အကောင်အထည် ဖော်နိုင်ဖို့ မလွယ်ဘူးလို့ ရခိုင်အရေးလေ့လာသုံးသပ်သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်တဲ့ ဦးဖေသန်း ကပြောပါတယ်။

“ အထူးသဖြင့် ရခိုင်တွေရဲ့ ဆန္ဒမပါပဲ အချင်းချင်းပြန်လည်ပြီးတော့ လုပ်မယ်ဆိုရင်လည်း ဒီပြဿနာက ပေါ်လာအုံးမယ်။ မွတ်ဆလင်တွေ ဝင်လာခြင်းအားဖြင့် ရခိုင်တွေက ဘာတွေဆုံးရှုံးသွားတယ် ဘယ်လို စိုးရိမ်မှုရှိတယ်ဆိုတာကို ထည့်သွင်းစဉ်းစားပြီးတော့ ရခိုင်အဖွဲ့အစည်းက ခေါင်းဆောင်တွေ ကိုယ်တိုင်က လက်ခံရေးကိစ္စမှာပါဖို့ လိုတာပေါ့၊ အဲလိုဆိုရင်တော့ တဖြေးဖြေးပြေလည်နိုင်တယ် အခုအတိုင်းအတာက တဘက်နဲ့ တဘက်က သူတို့လုပ်နိင်တယ် ငါတို့လုပ်နိုင်တယ်ဆိုပြီး နာမည်ကောင်းယူဖို့ ကြိုးစားနေကြတဲ့ အဆင်သာဖြစ်တယ်၊ ဟန်ပြလုပ်ဆောင်နေကြတာဖြစ်တယ် လက်တွေ့ဖြစ်မလာနိုင်ဘူးလို့ မြင်တယ်။”

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပြန်လက်ခံဖို့ ၂ နိုင်ငံကြား အရင်ကတည်းက သဘောတူထားပေမဲ့ လက်တွေ့ အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေတာပါ။ ရိုဟင်ဂျာဒုက္ခသည်တွေကတော့ မြန်မာနိုင်ငံက လက်ရှိအခြေအနေ တွေကြောင့်ရော၊ အခြေခံအခွင့်အရေး ရရှိပိုင်ခွင့်နဲ့ လုံခြုံရေး အခြေအနေအပေါ် စိုးရိမ်မှုတွေကြောင့်ပါ နေရပ်ပြန်ရေး အစီအစဉ်အပေါ် သံသယရှိနေကြပါတယ်။

ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း ရိုဟင်ဂျာတွေရဲ့ ဆန္ဒမပါဘဲ နေရပ်ပြန်ပို့တာတွေ မလုပ်ဖို့ သတိပေးနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG