သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ဒုက္ခသည်ပြန်လက်ခံရေး နီးစပ်လာ


ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် နယ်စပ်မှာ ဒုက္ခသည်ပြန်လည် လက်ခံရေးစခန်းတွေကို သွားရောက်ကြည့်ရှု့ (MOI)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အလျင်အမြန်စတင်ဖို့ နှစ်နိုင်ငံကြား သဘောတူညီခဲ့ကြပြီးတဲ့နောက်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် နယ်စပ်မှာ မြန်မာအစိုးရပြင်ဆင်ထားတဲ့ ဒုက္ခသည်ပြန်လည် လက်ခံရေးစခန်းတွေကို သွားရောက်ကြည့်ရှု့တဲ့အပေါ် ဒုက္ခသည်တွေပြန်လည်လက်ခံရေး အဆင်ပြေလာစေမယ့်လက္ခဏာအဖြစ် အကဲခတ်တွေက ရှု့မြင်ပါတယ်။ ရခိုင်အရေး မြန်မာ-ဘင်္ဂလားနှစ်နိုင်ငံနဲ့ ကုလသမဂ္ဂတို့ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ ဒေသခံပြည်သူတွေအချင်းချင်းကြား ယုံကြည်မှုတည်ဆောက်ဖို့နဲ့ နှစ်ဘက်အသိုင်းအဝိုင်းအတွက် ခိုင်မာတဲ့ လုံခြုံရေးအာမခံချက်ရှိဖို့ အရေးကြီးလိုအပ်တယ်လို့လည်း ဌာနေတိုင်းရင်းသားတွေက ထောက်ပြကြပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လကုန်ပိုင်းက ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ အချိန်တနှစ်ကြာမြင့်လာချိန်မှာပဲ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း နယ်မြေရှင်းလင်းမှုတွေကြောင့် အသက်ဘေးစိုးရိမ်ရလို့ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနေရပ်ရင်းပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်နေတာဖြစ်ပါတယ်။ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ လာရောက်တွေ့ဆုံညှိနှိုင်းခဲ့ပြီးတော့ ဒုက္ခသည်တွေကို အဆောတလျင်ပြန်လည်လက်ခံရေး သဘောတူညီချက်(၈)ချက်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ရက်နေ့က နေပြည်တော်မှာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာပါ။ စနေနေ့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် နေရပ်ကပြန်လာမယ့်သူတွေအတွက် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲက မြန်မာအစိုးရပြင်ဆင်ဆောင်ရွက်ထားတဲ့ ဒုက္ခသည်ပြန်လည်လက်ခံနေရာချထားရေးစခန်းတွေ၊ နယ်စပ် ကြားစခန်းတွေကို သွားရောက်လေ့လာခဲ့ပါတယ်။

အခုလို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဒုက္ခသည်တွေပြန်လည်လက်ခံရေး မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အပေါ် ဒုက္ခသည်တွေပြန်လည်လက်ခံရေး အလားအလာကောင်းတခုအဖြစ် ဌာနတိုင်းရင်းသားတွေက ရှု့မြင်ပါတယ်။ သိန်းချီထွက်ပြေးသွားသူတွေထဲ ဒေသခံအပြစ်မဲ့ပြည်သူတွေလည်းပါဝင်တာမို့ သူတို့ကိုပြန်လက်ခံနေရာချထားရေး နှစ်နိုင်ငံ အစိုးရနဲ့ ကုလတို့ပူးပေါင်းပြီး အဆင်ပြေအောင်ဆောင်ရွက်ပေးစေလိုပါတယ်လို့လည်း ကမာန်တိုင်းရင်းသားလူမှုကွန်ရက်ဥက္ကဋ္ဌ ဦးထွန်းငွေက တောင်းဆိုပါတယ်။

"တဖက်က အကြမ်းဖက်မှု ဖြစ်လာတဲ့အချိန်မှာ အရပ်သူအရပ်သားတွေကို မထိခိုက်ပဲ နဲ့ အကြမ်းဖက်တဲ့လူတွေကိုပဲ ထိထိရောက်ရောက်အရေးယူစေချင်တယ်။ ဒီလိုမျိုး လူဦးရေး ၇ သိန်း ၈ သိန်းအထိ ထွက်ပြေးရအောင် အထိကို ကျနော်တို့လည်း မဖြစ်စေချင်ဘူး။ ဒီလူတွေက နိုင်ငံသားမှန်တယ်ဆိုရင် သူတို့ လ၀က ဥပဒေနဲ့ စိစစ်ပြီးတော့ ထုတ်ပေးသင့်တာတွေ ထုတ်ပေးသင့်တယ် အခုတော့ နိုင်ငံသားလည်း ဘယ်နိုင်ငံသားပြောရမှာလည်းမသိ၊ ဒီလိုမျိုးဖြစ်နေတဲ့ ပုံစံတွေကလေ ။ မြန်မာဘက်ကရော ပူးပေါင်းဆောင်ရွက်ပြီးတော့ တကယ်စိစစ်ပြီး မှန်မှန်ကန်ကန်လက်ခံသွားမယ်ဆိုရင်တော့ နိုင်ငံတကာရဲ့ ၀န်ဆောင်မှုတွေ ၊ အလားအလာတွေအားလုံးလည်း လျော့ကျပြီးတော့ ဒုက္ခရောက်တဲ့လူတွေလည်း သူ့နေရာသူ ပြန်ရောက်တဲ့ သဘောပေါ့နော်။ ဒီမြန်မာပြည်ဘက်က အစိုးရပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် ဘက်က အစိုးရပိုင်း ညှိနိုင်းဆောင်ရွက်ပြီးတော့ နိုင်ငံတကာ ကြားဝင် ပြီးတော့ မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ ကျနော်တို့ ပြည်တွင်းအတွက်လည်း ပြဿနာ အေးပါတယ်။ တခြားနိုင်ငံတွေရဲ့ ဝေဖန်မှုတွေလည်း လျော့ကျပြီးတော့ ပြေလည်မှုတွေကို ရရှိနိုင်တယ်လို့ မြင်ပါတယ်။"

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ရဲ့ ရခိုင်ခရီးစဉ်အပေါ် ဘင်္ဂလားဒေ့ရှ်ဘက်က သူတို့ဆီကို သိန်းချီရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို ပြန်ပို့နိုင်ရေး ဆောင်ရွက်ချက်တခုအဖြစ် ရှု့မြင်သလို ဒုက္ခသည်တွေ နေရပ်ရင်းပြန်လာတဲ့အခါ ဒေသခံပြည်သူတွေနဲ့ နေရပ်ပြန်လာမယ့်သူတွေကြား ယုံကြည်မှုတည်ဆောက်ဖို့လိုအပ်သလို ခိုင်မာတဲ့လုံခြုံရေးအာမခံချက်ပေးဖို့လည်း အရေးတကြီးလိုအပ်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

"ကျမတို့မြင်တာကတော့ ဟုတ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ဝန်ကြီးကလည်းလာတယ်ပေါနော့်။ မြန်မာနိုင်ငံကလည်း စာချုပ်တွေလက်မှတ်ထိုးထားတယ်။ MOU လက်မှတ်ထိုးထားတာတွေ ရှိတယ်ပေါလေ့။ ပြန်လာမယ်ဆိုရင် ခေါ်ဖို့အတွက် ဘယ်လောက်အခြေအနေအထိ သူတို့ ရှိနေသလဲဆိုတာ ကိုလည်းသိချင်လို့ လာတယ်လို့ပဲ အဲလိုပဲ သုံးသပ်ချင်ပါတယ်။ အဲဒီတော့ ကျမတို့ အကြံပြုချင်တာကတော့ တကယ်လို့ သူတို့ကို လက်ခံရမယ်ဆိုရင် သီးသန့်နေရာတခုမှာ လက်ခံပေးပါ။ နောက်တခါ ၁၉၈၂ ဥပဒေအရ စိစစ်ပါ နိုင်ငံသားဖြစ်သင့်တဲ့လူတွေကို ဖြစ်အောင်လုပ်ပေးပါ။ အဲဒီတော့ ဖြစ်တဲ့လူတွေကိုလည်း လွတ်လပ်စွာ သွားလာခွင့် ၊ သူတို့ အဓိကလိုချင်တာက ဒီဒေသမှာ စားဝတ်နေရေးနဲ့ လုပ်နိုင်ကိုင်နိုင်အောင်လည်း လုံခြုံရေးကောင်းကောင်းနဲ့ နေနိုင်အာင်ကိုပဲ အဓိကထားပြီးလိုလားနေတယ်ဆိုတာကို ကျမတို့တွေက ပြည်သူတွေရဲ့ ဆန္ဒတွေကို သိရှိနေရပါတယ်။"

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံရေး နဲ့ ရိုဟင်ဂျာဒုက္ခသည်အရေး လေ့လာသုံးသပ်နေတဲ့ ဒေါက်တာခင်ဇော်ဝင်းကတော့ အခုလို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဘက်က မြန်မာနိုင်ငံအထူးသဖြင့် ရခိုင်ဒေသကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်ရောက် သိန်းချီတဲ့ဒုက္ခသည်တွေအရေး အကျပ်အတည်းကို ပြေလည်အောင် ဆောင်ရွက်တဲ့လုပ်ငန်းစဉ်တခုအဖြစ် ရှု့မြင်ပါတယ်။

"နောက်ဆုံးအဆင့်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးလာပြီးတော့ ကူရတာပဲ။ သူ့အနေနဲ့လည်း နောင်မှာက မုတ်သုံရာသီက ၀င်လာပြီ သူတို့ ဒီဘင်္ဂလားဒေ့ရှ်ကိုလည်း ဖိအားတွေက များပါတယ်။ သူတို့ အဲဒီနေရာကိုလည်း ရောက်ခဲ့တယ် အခြေအနေသွားကြည့်ပြီးတော့ သူတို့ဘက်ကလည်း ပြောမယ်ဆိုရင် သူတို့စီးပွားရေးလည်းထိခိုက်တယ်။ အရေးထဲမူးယစ်ဆေးက ၀င်လာသေးတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း မကြာခင်ရွေးကောက်ပွဲက လုပ်တော့မယ်လေ ၊ ဘင်္ဂလားဒေ့ရှ်က ကြိုးစားပေးရတာပါ ပြောရမယ်ဆိုရင် "

အခုလက်ရှိအခြေအနေမှာတော့ မြန်မာအစိုးရဘက်ကတော့ မူဆလင်ဒုက္ခသည်တွေအဖြစ် သုံးနှုန်းပြီး ရိုဟင်ဂျာလို့ နိုင်ငံတကာက ခေါ်ဝေါ်တဲ့ သိန်းချီတဲ့ ဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းပြန်လာနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့တို့ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali ဟာ မြန်မာနိုင်ငံမှာ လေးရက်ကြာခရီးစဉ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး နေပြည်တော်က ဝန်ကြီးအဆင့်အစည်းအဝေးမှာနေရပ်စွန့်ခွာသွားသူတွေ ကိုယ့်သဘောဆန္ဒအလျောက် လုံခြုံ စိတ်ချစွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး သဘောတူညီချက်တွေရရှိအပြီး ရခိုင်ဘက်ကို ဒုက္ခသည်စခန်းတွေ လေ့လာနိုင်ရေး သူ့ခရီးဆက်တာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဒုက္ခသည်ပြန်လက်ခံရေး နီးစပ်လာ
please wait

No media source currently available

0:00 0:05:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG