သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတို့ နောက်ထပ်ဝင်ရောက်မှု ဘင်္ဂလားဒေ့ရှ် စိုးရိမ်


ကော့ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်း (မေ ၂၄၊ ၂၀၂၄)
ကော့ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်း (မေ ၂၄၊ ၂၀၂၄)

တိုက်ပွဲတွေဖြစ်နေတဲ့မြန်မာနိုင်ငံကနေ မကြာသေးခင်ကမှ နယ်စပ်ကျော်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၄ သောင်းကျော်ရှိလာတာအတွက် အထူးစိတ်ပူကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md. Touhid Hossain က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနကို ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုး ဗုဒ္ဓဟူးနေ့ လာရောက်စဉ် Mr Hossain က ပြောခဲ့တာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးရုံးက သတင်းထုတ်ပြန်ပါတယ်။ ၂ ဘက်တွေ့ဆုံရာမှာ မြန်မာနိုင်ငံကရောက်လာတဲ့ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာနေရပ်ပြန်နိုင်ရေး အမြန်လုပ်ဆောင်ဖို့တိုက်တွန်းခဲ့သလို တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးရဖို့ အရေးကြီးကြောင်း ပြောကြားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဒေသတွင်းတည်ငြိမ်ရေးဟာ ၂ နိုင်ငံစလုံးအတွက်အရေးပါသလို လက်ရှိကြုံနေရတဲ့ လူသားစာနာမှု ပြဿနာဖြေရှင်းရေးကို တိုးမြှင့်လုပ်ဆောင်ဖို့လည်း တောင်းဆိုခဲ့တဲ့အပြင် သက်ဆိုင်ရာအဖွဲ့အစည်း တွေနဲ့ အပြုသဘောဆောင် ဆွေးနွေးဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့တာပါ။ ဒါ့အပြင် ဒီဒုက္ခသည်အများအပြား ရောက်လာတာနဲ့အတူ လူကုန်ကူးမှုတိုးလာတာအပါအဝင် နယ်စပ်လုံခြုံရေးပါ ထိခိုက်လာတာအတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာသံအမတ်ကြီးကလည်း လက်ရှိမြန်မာနိုင်ငံတွင်းတိုက်ပွဲတွေကြောင့် စိန်ခေါ်မှုတွေ တိုးလာတာကို နားလည်ပါကြောင်းနဲ့ ၂၀၂၃ နိုဝင်ဘာလကစပြီး အာရက္ခတပ်တော် AA နဲ့ အပစ်ရပ်သဘောတူညီချက် ပျက်ပြားခဲ့တာကြောင့် ရိုဟင်ဂျာ နေရပ်ပြန်ရေး ကြိုးပမ်းမှုတွေ နှောင့်နှေးခဲ့ရတာဖြစ်ကြောင်း ရှင်းပြခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် မကြာခင်ကမှ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ တပ်သားတွေကို ပြန်ပို့ပေးတာနဲ့ စားနပ်ရိက္ခာ၊ ဆေးအထောက်အကူနဲ့ ခိုလှုံခွင့်ပေးခဲ့တာတွေအတွက် မြန်မာဘက်ကကျေးဇူးတင်ကြောင်း ပြောကြားခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံလာတဲ့ သန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေကို ဒုက္ခသည်စခန်းတွေမှာ လက်ခံထားရတဲ့အတွက် သူတို့နေရပ်ပြန်နိုင်ရေးတောင်းဆိုနေပြီး မြန်မာဘက်ကတော့စိစစ်ပြီးမှ လက်ခံမှာဖြစ်ကြောင်းတုံ့ပြန်ထားပါတယ်။

Forum

XS
SM
MD
LG