သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဟာ ကမ္ဘာ့ခွဲခြားဆက်ဆံမှုခံရဆုံး လူမျိုးစုတစုဟု ကုလအကြီးအကဲပြော


ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာ ခွဲခြားဆက်ဆံခံရဆုံး လူမျိုးစုတွေထဲက တခုအပါအဝင်ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ပြောကြားလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဒီကနေ့ စတင်လိုက်တဲ့ ၃၇ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည် အစည်းအဝေးအတွင်း အဲဒီလိုပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ အကူအညီတွေကိုလွတ်လပ်စွာပေးနိုင်ဖို့ နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ကူညီကြဖို့ သူက ပြောကြားလိုက်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၃၇ ကြိမ်မြောက် အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဒီကနေ့ စတင်လိုက်ပြီး၊ နိုင်ငံတကာ အဆင့်မြင့်ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြတဲ့ အစည်းအဝေးအတွင်း ကုလသမဂဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ဒီ မိန့်ခွန်းအတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေ ကမ္ဘာပေါ်မှာ ခွဲခြားဆက်ဆံခံရဆုံးလူမှုအသိုင်းအဝိုင်းတွေထဲက တခုဖြစ်တယ်လို့ အတွင်းရေးမှူးချုပ် Guterres က ပြောကြားလိုက်ပါတယ်။

"ကျနော်အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို အကြိမ်အတော်များများသွားရောက်ခဲ့ဖူးပါတယ်။ ကျနော်ရဲ့ အတွေ့အကြုံအရတော့ ၊ ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာ ခွဲခြားဆက်ဆံခံရဆုံး လူမျိုးစုတွေထဲက တခုအပါအဝင်ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ပြဿနာတွေမဖြစ်ခင်ကတည်းက အဲဒီလိုခွဲခြားဆက်ဆံခံခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံသားဖြစ်ခွင့်ကို ပိတ်ပင်ခံထားရသလို၊ မြန်မာစစ်တပ် ရက်စက်တဲ့ လုပ်ရပ်တွေကိုလည်း ခံနေရတာကြောင့် သူတို့ရဲ့ နေအိမ်တွေ နဲ့ နိုင်ငံတွင်းကနေ ထွက်ပြေးခဲ့ကြရပါတယ်။ ဒါက လူမျိုးစုအလိုက်ရှင်းလင်း ဖယ်ရှားမှုရဲ့ ထင်ရှားတဲ့ ဥပမာလည်း ဖြစ်ပါတယ်။"

ပြီးခဲ့တဲ့ နှစ် သြဂုတ်လ ၂၅ ရက်နေ့က ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးစခန်းတွေကို တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ်ဘက်က ဒေသတွင်းမှာ နယ်မြေရှင်းလင်းရေးလုပ်ရာကနေ အဲဒီမှာရှိတဲ့ ရိုဟင်ဂျာ ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြပါတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကတော့ ဒါဟာ မျိုးနွယ်စုအလိုက်ရှင်းလင်းဖယ်ရှားမှုဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ မြန်မာအစိုးရဘက်ကတော့ လုံခြုံရေးအခြေအနေတွေကြောင့် ကုလသမဂ္ဂအေဂျင်စီတွေအပါအဝင် နိုင်ငံတကာက အကူအညီပေးရေးအဖွဲ့တွေ နဲ့ မီဒီယာတွေကို အဲဒီဒေသတွင်းကိုသွားရောက်ခွင့်ကို ကန့်သတ်ထားပါတယ်။

အတွင်းရေးမှူးချုပ် Guterres က ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာတဲ့အကူအညီတွေ လွတ်လပ်စွာပေးခွင့်ရဖို့ နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ဒီလူတွေကို ကူညီကြဖို့ တောင်းဆိုလိုက်ပါတယ်။

"ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းအနေနဲ့ အသက်ကယ်ဆယ်နိုင်မယ့် အကူအညီတွေ၊ ရေရှည်ဖြေရှင်းမှုနည်းလမ်းတွေ နဲ့ တရားမျှတမှုတွေကို အခုချက်ချင်း အရေးပေါ်လိုအပ်နေပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်စာနာတဲ့အကူအညီတွေ လွတ်လပ်စွာပေးခွင့်ရဖို့အတွက် ကျနော်အနေနဲ့ အစိုးရတာဝန်ရှိသူတွေကို တောင်းဆိုလိုပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားကြတဲ့သူတွေကိုလည်း အကူအညီပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ကျနော်အနေနဲ့ ပန်ကြားပါတယ်။ ဒီလူတွေ သူတို့ရဲ့ နေရပ်ရင်းကို ဒါမှမဟုတ် သူတို့နေချင်တဲ့ နေရာကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ အညီ ဘေးကင်းလုံခြုံမှုရှိရှိ၊ ဂုဏ်သိက္ခာရှိရှိပြန်နိုင်အောင် အကူအညီပေးဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်း တစုတစည်းတည်း ပူးပေါင်းသွားဖို့လိုပါတယ်။"

ဒါ့အပြင် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အဖွဲ့ရဲ့ အကြံပြုချက်တွေကို အပြည့်အဝအကောင်အထည် ဖော်ဖို့က အရေးကြီးတယ်လို့လည်း အတွင်းရေးမှူးချုပ်ကပြောပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Zeid Ra'ad Al Hussein ကလည်း

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောစောစီးစီး ကြိုတင်ကာကွယ်နိုင်မှုကို လုံလုံလောက်လောက် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိလို့၊ အသက်ဆုံးရှုံမှုတွေရှိတဲ့အထဲမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း တခုအပါအဝင်ဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၃၇ ကြိမ်မြောက်အစည်းအဝေးအဖွင့်မိန့်ခွန်း အတွင်း ပြောကြားသွားပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ နှစ်ပတ်လည်အစည်းအဝေးကျင်းပနေတဲ့တချိန်တည်းမှာပဲ၊ တဘက်မှာလည်း အီးယူ ဥရောပသမဂ္ဂက နိုင်ငံခြားရေးဝန်ကြီးတွေကလည်း ဒီကနေ့တနင်္လာနေ့မှာ အစည်းအဝေးကျင်းပခဲ့ပြီး၊ ရိုဟင်ဂျာမွတ်စလင်တွေအပေါ်မှာ မြန်မာလုံခြုံရေးတပ်တွေဘက်က သတ်ဖြတ်တာတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ စစ်တပ်အတွင်းက အကြီးတန်းအရာရှိတွေအပေါ် ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ ၊ ဥရောပ သမဂ္ဂ EU က လက်နက်တင်ပို့ ရောင်းချခွင့် ကန့်သတ်ချက်ကို ပိုပြီး တင်းကျပ်သွားဖို့ သဘောတူခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG