သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ဖိလစ်ပိုင်ကြောင့် အရှေ့တောင်အာရှလူ့အခွင့်အရေး ပိုဆိုးလာ


Amnesty International ရဲ့၂၀၁၇- ၂၀၁၈ ခုနှစ် အတွက် အစိုးရတွေရဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှု အစီရင်ခံစာ The State of the World’s Human Rights
Amnesty International ရဲ့၂၀၁၇- ၂၀၁၈ ခုနှစ် အတွက် အစိုးရတွေရဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှု အစီရင်ခံစာ The State of the World’s Human Rights

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးစု အလိုက် ရှင်းလင်းဖယ်ရှားမှုနဲ့ ဖိလစ်ပိုင်နိုင်ငံက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးတို့ကြောင့် အရှေ့တောင် အာရှ ဒေသတွင်း လူ့အခွင့်အရေး ပိုပြီး ဆိုးရွားလာစေတယ်လို့ နိုင်ငံတကာ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ကြီး Amnesty International က ပြောဆိုလိုက်ပါတယ်။ Amnesty International ရဲ့၂၀၁၇- ၂၀၁၈ ခုနှစ် အတွက် အစိုးရတွေရဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှု အစီရင်ခံစာ The State of the World’s Human Rights မှာ အခုလို ထောက်ပြလိုက်တာ ဖြစ်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ယိုယွင်း ဆိုးရွားလာခဲ့တယ်လို့ ဒီကနေ့ ထုတ်တဲ့ Amnesty International ရဲ့ အစီရင်ခံစာ သစ်က ဖော်ပြလိုက်တာပါ။ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ့် ဘက်ကို ထွက်ပြေးကြရတဲ့ကိစ္စကို ထောက်ပြထားသလို အာဏာပိုင်တွေ ဘက်ကလည်း နိုင်ငံတဝန်း လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ဝင်ရောက်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို တားမြစ်နေတယ်လို့လည်း ပြောဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဘာသာရေး အရ ချုပ်ချယ်ကန့်သတ်မှုတွေ၊ မူဆလင် ဆန့်ကျင်ရေး သဘောထားတွေကလည်း ရှိနေပြီး ပြစ်မှုကျူးလွန်သူတွေလည်း ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ရနေတယ်လို့ ထောက်ပြထားပါတယ်။ AI အဖွဲ့ကြီးရဲ့ ဖိလစ်ပိုင် နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Jose Olano ကတော့ အခုလို ပြောဆိုလိုက်ပါတယ်။

"၂၀၁၈ ခုနှစ် အတွင်း အရှေ့တောင် အာရှ ဒေသတွင်းက လူ့အခွင့်အရေး သတင်းဆိုးတွေက ကမ္ဘာ့မှာ ထိပ်တန်း သတင်းတွေ ဖြစ်နေပါတယ်။ ဖိလစ်ပိုင် သမ္မတ ဒူတာတေးကလည်း ကျေးလက် လူမှုအသိုင်းအဝိုင်းက အများစု ဆင်းရဲသားတွေကို ပစ်မှတ်ထားပြီး မူးယစ် တိုက်ဖျက်ရေး စစ်ဆင်ရေး အတွင်း သတ်ဖြတ်မှုတွေကို ဆက်ပြီး လုပ်နေတဲ့ တချိန်တည်းမှာဘဲ မြန်မာ စစ်တပ်ကတော့ ရိုဟင်ဂျာတွေကို လူမျိုးစု အလိုက် ရှင်းလင်းရေးကို လုပ်ဆောင်ခဲ့ပါတယ်။"

မြန်မာနိုင်ငံ မြောက်ပိုင်း ပဋိပက္ခတွေကြောင့် လူတသိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ရခိုင်ဒေသမှာတော့ အများစု ရိုဟင်ဂျာတွေ ပါဝင်တဲ့ လူပေါင်း ၁ သိန်းကျော်တို့ ဖြစ်သလို နေထိုင်နေကြရတယ်လို့လည်း ထောက်ပြပါတယ်။ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးရသူက ၆ သိန်းကျော် ရှိနေပြီး ထိုင်းက ဒုက္ခသည် စခန်းတွေမှာလည်း လူ ၁ သိန်းနီးပါးတို့ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ တချိန်တည်းမှာဘဲ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် လွတ်လပ်စွာ သင်းပင်း စုဝေးခွင့်တို့ကိုလည်း တင်းကျပ်ထားတယ်လို့ ပြောဆိုပါတယ်။

AI အဖွဲ့ကြီးရဲ့ ဖိလစ်ပိုင် နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Jose Olano ကတော့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ သင်းပင်း စုဝေးခွင့်တွေ အပေါ် တင်းကျပ်လာတာကတော့ အရှေ့တောင် အာရှ ဒေသတခုလုံးမှာ ဖြစ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

"အရှေ့တောင် အာရှက အစိုးရတွေက ဝေဖန်မှုတွေ လျော့ပါးသွားစေရေး အတွက် ရက်စက်ပြင်းထန်တဲ့ ဥပဒေတေကို အသုံးပြု ခြိမ်းခြောက်ပြီး လူထုကြား ဆွေးနွေး ငြင်းခုံမှုတွေ အပေါ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်လာပါတယ်။ ဖိလစ်ပိုင် နိုင်ငံမှာ ဆိုရင် သမ္မတ ဒူတာတေး အစိုးရက ဝေဖန်သူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အပေါ် ဆက်ပြီး နှိပ်ကွက်နေသလို လွတ်လပ်တဲ့ သတင်းဝက်ဘ်ဆိုက် Rappler.com ကိုလည်း ပိတ်ဖို့ လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်တော့ အစိုးရက ဥပဒေ အသစ်တွေရော အဟောင်းတွေရော သုံးပြီး မီဒီယာ သမားတွေကို ပစ်မှတ်ထားနေပြီး ရိုက်တာ သတင်းထောက် နှစ်ဦးကို နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှု စွပ်စွဲချက်နဲ့ ဖမ်းဆီးတာမျိုးတွေ ဖြစ်နေပါတယ်။"

မြန်မာ လုံခြုံရေး စခန်းတွေကို လက်နက်ကိုင် ရိုဟင်ဂျာ အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေက အင်အားအလွန်အကျွံသုံး နှိမ်နင်းခဲ့တာကြောင့် ဆယ်စုနှစ်တွေ အတွင်း အရှေ့တောင် အာရှ ဒေသမှာ အဆိုးရွားဆုံး ဒုက္ခသည် ကပ်ဘေးကြီး ဖြစ်စေခဲ့ပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို ဝင်ရောက်ခွင့် တားမြစ်တာကြောင့် ပိုပြီး အတိဒုက္ခ ရောက်စေတယ်လို့လည်း AI အစီရင်ခံစာက ထောက်ပြပါတယ်။

ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်မှုတွေမှာ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေမှာ အဓိက တာဝန်ရှိတယ်လို့ အစီရင်ခံစာက ဖော်ပြပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရဘက်က ဒီကိစ္စကို ကြားဝင် ဟန့်တားတာမျိုး၊ ပြောဆိုတာမျိုးတွေ မရှိခဲ့ဘူးလို့လည်း ထောက်ပြထားတာပါ။ နိုင်ငံပေါင်း ၁၅၉ နိုင်ငံက လူ့အခွင့်အရေး အခြေနေတွေကို ဆန်းစစ်ထားတဲ့ AI ရဲ့ နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံစာ မှာတော့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးကိုလည်း လူ့အခွင့်အရေးကို လေးစား လိုက်နာမှု မရှိဆုံး အဆိုးရွားဆုံး နိုင်ငံ ခေါင်းဆောင် တဦး အဖြစ် သတ်မှတ် ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG