သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာ သတင်းထောက် ၂ ဦးလွှတ်ဖို့ AI နဲ့ RSF တောင်းဆို


မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ ယောက်ကို ချွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ AI နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ကြပါတယ်။ အခုလို သတင်းထောက်တွေကို ဖမ်းဆီးလိုက်တာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မကောင်းတဲ့ ပုံရိပ်တွေဖြစ်တယ်လို့လည်း နယ်စည်းမခြား သတင်းသမားများ အကာကွယ်ပေးရေး အဖွဲ့က ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သတင်းရယူဖို့ကြိုးစားခဲ့တဲ့အတွက် ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာနိုင်ငံက ရိုက်တာ သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုသက်ဦးမောင် (ခ) ဝလုံး နဲ့ ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်ပေးဖို့ AI နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီး နဲ့ နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) တို့က တောင်းဆိုလိုက်ပါတယ်။ မြန်မာအာဏာပိုင်တွေ အနေ နဲ့ သူတို့ ၂ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့လိုတယ်လို့ Amnesty International အဖွဲ့က မြန်မာ့အရေးသုတေသီ Laura Haigh က ပြောပါတယ်။

" ဝလုံး နဲ့ ကျော်စိုးဦးတို့ကို ချွင်းချက်မရှိ ၊ ချက်ချင်းလွှတ်ပေးရပါမယ်။ သူတို့ဟာ သတင်းထောက်တွေအနေနဲ့ သတင်းရယူခဲ့တာကလွဲရင်၊ တခြားဘာအမှားအယွင်းမှ လုပ်ဆောင်ခဲ့ခြင်းမရှိပါဘူး။ အခုလို ဖမ်းဆီးတာဟာ မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတာအပေါ် အာဏာပိုင်တွေဘက်က နှုတ်ပိတ်ဖို့ကြိုးစားတာဖြစ်သလို၊ တခြား သတင်းထောက်တွေ ကိုလည်း အလားတူ သတင်းရယူတာတွေ မလုပ်လာအောင် ခြောက်လှန့်လိုက် တာဖြစ်ပါတယ်။"

တချိန်တည်းမှာပဲ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများ အဖွဲ့အနေနဲ့လည်း သတင်းသမားတွေကို ဖမ်းဆီးတာဟာ မြန်မာ့ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတာကြောင့် သူတို့ ၂ ဦးကို ချက်ချင်းပြန်လွှတ်ပေးဖို့တောင်းဆိုတယ်လို့ RSF အဖွဲ့ရဲ့ အာရှပစိဖိတ်ဒေသဌာနရဲ့ အကြီးအကဲ Daniel Bastard က ပြောလိုက်ပါတယ်။

“RSF အနေနဲ့ ဝလုံးနဲ့ကျော်စိုးဦးတို့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ မြန်မာအစိုးရပြောခွင့်ရက ကြေညာခဲ့တဲ့စွဲချက်တွေဟာ လုံးဝကို ယုတ္တိမရှိသလို၊ ဘာသက်သေ အထောက်အထားမှလည်း မရှိပါဘူး။ ဒါကြောင့် ဒီဟာက တရားမျှတမှုကို လုံး၀ မျက်ကွယ်ပြုနေတယ် ဆိုတာ ရှင်းပါတယ်။ ဒုတိယတချက်အနေနဲ့ ကျနော်တို့ သိထားရမှာက ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ သတင်းထောက် ၁၁ ယောက် နဲ့ အတူ သူတို့နဲ့ အတူ ပူးပေါင်းဆောင်ရွက်ခဲ့သူ ၁ ဦး ဖမ်းဆီးခံခဲ့ရတယ်ဆိုတာကို သိထားရမှာဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် မကောင်းတဲ့ အရိပ်လက္ခဏာဖြစ်ပါတယ်။"

ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကိုတော့ မြန်မာအာဏာပိုင်တွေက ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ နဲ့ စွဲချက်တင်ထားပါတယ်။ သူတို့ ၂ ဦးစလုံးကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ရက်နေ့မှာ ဒုတိယအကြိမ်အဖြစ်နဲ့ ရုံးထုတ်စစ်ဆေးမှဖို့ရှိနေပါတယ်။ တကယ်လို့ တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ သူတို့ ၂ ဦးဟာ ပြစ်ဒဏ်အနေနဲ့ အမြင့်ဆုံး ၁၄ နှစ်အထိ ကျခံရဖွယ်ရှိနေပါတယ်။ သတင်းထောက်တွေကို ဖမ်းဆီးလိုက်တာနဲ့ ပတ်သက်ပြီး AI အဖွဲ့က Laura Haigh က အခုလို ပြောပါတယ်။

" လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်တဲ့နေရာနဲ့ အဲဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဘက် တာဝန်ယူမှုတွေရှိအောင် လုပ်တဲ့နေရာမှာ သတင်းထောက်တွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတာကြောင့် ဒီအမှုက အရေးကြီးပါတယ်။ သတင်းထောက်တွေအနေနဲ့ သူတို့ရဲ့ အလုပ်အတွက် ဖမ်းဆီး ထောင်ချခံရမယ်ဆိုရင် ဒါဟာ လူတိုင်းအတွက် ခြိမ်းခြောက်မှုဖြစ်ပါတယ်။ အာဏာပိုင်တွေဟာ နိုင်ငံထဲကိုဝင်ရောက်ခွင့်တွေ တားမြစ်ကန့်သတ်တာဖြစ်သလို၊ လူတိုင်းနဲ့ဆိုင်တဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သတင်းပေးပို့မှုတွေကိုလည်း တားမြစ်ကန့်သတ်နေတာဖြစ်ပါတယ်။"

အမေရိကန်သမ္မတဟောင်း Bill Clinton ကလည်း ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့သလို၊ လွတ်လပ်တဲ့ လူ့ဘောင်အဖွဲ့အစည်းတခုဖြစ်ဖို့ အတွက် သတင်းလွတ်လပ်ခွင့်ရှိဖို့က အရေးကြီးသလို၊ ဘယ်လိုနေရာဒေသမှာပဲဖြစ်ဖြစ် သတင်းထောက်တွေကို ဖမ်းဆီးတာဟာ လက်ခံနိုင်စရာမရှိဘူးလို့ သူ့ရဲ့တွစ်တာစာမျက်နှာကနေ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂ သံအမတ်ကြီးကလည်း အခုလို သတင်းထောက် ၂ ယောက်ကို ဖမ်းဆီးတာဟာ စိုးရိမ်စရာကောင်းတဲ့နှောက်ယှက်မှု တခုဖြစ်ပြီး၊ အမြန်ဆုံးပြန်လွှတ်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စာရေးသားပေးပို့ တောင်းဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG