နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ Reuters သတင်းထောက်နှစ်ဦး ဖမ်းဆီးခံထားရတဲ့ အခြေ အနေဟာ စိုးရိမ်စရာကောင်းတဲ့ နှောင့်ယှက်မှုဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီးက ပြောကြားပြီး သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ထံ စာပေးပို့ တောင်းဆိုထားပါတယ်။ သတင်းထောက် ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ခေါ် ကိုမိုး အောင်တို့ကို အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင် တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးဖို့ရှိနေချိန်မှာ သူတို့ကိုလွှတ်ပေးဖို့ တောင်းဆိုမှုတွေထပ်ပြီး ထွက်ပေါ်လာတာဖြစ်ပါတယ်။ သတင်းအပြည့် အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က ပြောပြပေးပါမယ်။
ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ယောက်ကို ပြန်လွှတ်ပေးဖို့တောင်းဆိုစာကို မြန်မာနိုင်ငံဆိုင်ရာ အီးယူဥရောပသမဂ္ဂသံအမတ်ကြီးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို သီးသန့်စာပေးဖို့ခဲ့ပါတယ်။ သံအမတ်ကြီး Kristian Schmidt က စာပေးပို့ခဲ့တာကို အီယူသံရုံးက အတည်ပြုပေမဲ့ စာထဲပါမှာတဲ့အကြောင်းအရာအသေးစိတ်ကို ပြောဖို့တော့ ငြင်းဆိုပါတယ်။ ဒါပေမဲ့ ရိုက်တာသတင်းထဲမှာ ဖော်ပြချက်အရဆိုရင် ခုလိုသတင်းထောက်တွေကို ဖမ်းဆီးထားတာဟာ သတင်းထောက်တွေအပေါ် အထူးသဖြင့် ရိုက်တာသတင်းဌာနရဲ့ သတင်းထောက်တွေအပေါ် စိုးရိမ်စရာ နှောင့်ယှက်မှုဖြစ်တယ်လို့ ရေးသားထားပါတယ်။ သတင်းထောက်တွေအနေနဲ့ စိုးရိမ်မှုကင်းစွာ။ ခြိမ်းခြောက်မှုကင်းစွာ။ ဖမ်းဆီးခံရမှု။ အရေးယူခံရမှုကင်းစွာနဲ့ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ရှိသင့်တယ်လို့အီးယူ ၂၈ နိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးက ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေရဲ့ အခြေခံအခွင့်အရေးတွေကို လေးစားဖို့နဲ့ သူတို့ကို အမြန်ဆုံး လွှတ်ပေးဖို့လည်း သံအမတ်ကြီး ရှမဒ်စ်ပေးပို့တဲ့ စာထဲမှာ ရေးထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အလားတူပဲ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ကလည်း တနင်္လာနေ့က ရိုက်တာ သတင်းထောက် နှစ် ဦးကို ချက်ချင်း ပြန်လွှတ်ဖို့ သူ့ရဲ့ တွစ်တာ စာမျက်နှာပေါ်မှာ ရေးသားတောင်းဆိုခဲ့ပါတယ်။
အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ Reuters သတင်းဌာနက သတင်းထောက် ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ခေါ် ကိုမိုး အောင်တို့ကို မနက်ဖြန် ဇန်နဝါရီ ၁၀ရက်နေ့ မြောက်ပိုင်းခရိုင် တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ် ရှိနေတာပါ။
ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမယ့် အခြေအနေနဲ့ ပတ်သက်လို့ တရားလွှတ် တော်ရှေ့နေ ဦးသန်းဇော်အောင်က အခုလိုပြောပါတယ်။
"ကျနော်တို့ဒီနေ့ မြောက်ပိုင်းခရိုင်တရားရုံးကိုသွားတယ် တရားသူကြီးနဲ့တွေ့တယ်။ မနက်ဖြန်ရုံးထုတ်မှာပါခင်ဗျ မနက်ဖြန်က အမှုစစ်မှာ မဟုတ်သေးဘူး အမူတင်မှာ စပြီးတော့ တင်မှာ ၊ တင်ပြီးမှ ဘာပုဒ်မတွေနဲ့ ဆွဲတင်မလဲဆိုတာ ကျနော်တို့သိရမှာ။ ကျနော်တို့ကတော့ ဒီစွဲဆိုလာတဲ့အမှုအပေါ်မှာ အကောင်းဆုံးရင်ဆိုင်ဖြေရှင်းဖို့အတွက် ပြင်ဆင်ထားပါတယ်။ ဒီ စွပ်စွဲခံရသူတွေအနေနဲ့ အရမ်းကြီးလေးတဲ့ ပုဒ်မတွေနဲ့ စွဲဆိုခံထားရတာတွေကို ကျနော်တို့ ဥပဒေအကြောင်းအရလည်း ဖြေရှင်းဖို့အတွက် ဆောင်ရွက်နေပါတယ်။"
ရိုက်တာ သတင်းထောက် နှစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ဖို့ ပြည်တွင်း၊ ပြည်ပ မီဒီယာအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ တောင်းဆိုသလိုမျိုး အမြန်ဆုံး ပြန်လွှတ်စေချင်ကြောင်းလည်း ဦးသန်း ဇော်အောင်က ပြောပါတယ်။
"ပြန်လွှတ်လာဖို့ မျှော်လင့်ပါတယ် သို့ပေမယ့် မနက်ဖြန် တရားစွဲတင်ပြီးတဲ့အခါမှာမှ ဒီပုဒ်မတွေနဲ့ နောက်တခါ သူတို့ဘယ်လိုတွေ ပြန်ပြီးတော့ ရုံးချိန်းပေးမလဲ ဆိုတာ ကျနော်တို့စောင့်ကြည့်ရမှာပေါ့။"
သတင်းထောက် ၂ ယောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ရက်နေ့ညက ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်က အမှတ် ၃ အဝေးပြေး လမ်းမှာ ရဲတပ်ဖွဲ့က နိုင်ငံတော် လ ျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးခဲ့တာပါ။
ရိုက်တာ သတင်းထောက် နှစ်ဦးဟာ ရဲတာဝန်ရှိသူတွေနဲ့ ညစာစားရင်းတွေ့ဆုံဖို့ ဖိတ်ကြားခံရပြီးနောက် ဖမ်းဆီးခံရတာကြောင့်ထောင်ချောက် ဆင်ဖမ်းဆီးခံခဲ့ရသလား ဆိုတဲ့ သုံးသပ်မှုတွေရှိနေသလို သတင်း ထောက် နှစ်ဦးကို စာရွက်စာတမ်းတွေပေးခဲ့တဲ့ ရဲဝန်ထမ်းနှစ်ဦးကို ဘယ်လို အရေးယူမလဲဆိုတာလည်း တိတိကျကျ မသိရသေးပါဘူး။