သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မှုံဝါးဝါး၂၀၁၈ အလားအလာ


မှုံဝါးဝါး၂၀၁၈ အလားအလာ
please wait

No media source currently available

0:00 0:10:58 0:00
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ၂၀၁၇ မှာ ကြီးမားပြင်းထန်တဲ့ စိမ်ခေါ်မှု အတားအဆီးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီ အလားအလာဟာ ဒီ ၂၀၁၈ အတွင်းမှာ ကောင်းမွန်သွက်လက် လာနိုင်ပါသလား။ ဘာတွေကို အဓိက ပြုပြင်ဖို့လိုအပ်နေပါသလဲ။ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ၂၀၁၇ က မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် အတော်လေး အခက်အခဲတွေ၊ အတားအဆီးတွေ ကြုံခဲ့ရတဲ့နှစ်လို့ ကျနော် ယူဆပါတယ်။ ဒေါက်တာရန်မျိုးသိမ်းအနေနဲ့ အကြမ်းမျဉ်း ၂၀၁၇ ကို ဘယ်လို သုံးသပ်ပါလဲ။

Dr. ရန်မျိုးသိမ်း ။ ။ ၂၀၁၇ က မြန်မာနိုင်ငံအတွက် အခက်အခဲတွေ၊ အကျပ်အတည်းတွေ များခဲ့တဲ့ နှစ်တနှစ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီအခက်အခဲတွေ၊ အကျပ်အတည်းတွေကို စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာလည်း ဒီအားနည်းချက်တွေ၊ လိုအပ်ချက်တွေ၊ အတော်လေးကို ရှိခဲ့တယ်လို့ ကျနော်က မြင်ပါတယ်။ အစိုးရလွှတ်တော်နဲ့ တပ်မတော်ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အားနည်းခဲ့တာလည်း အဓိကအချက်တချက်လို့ ကျနော် မြင်ပါတယ်။ နောက်ပြီးတော့ အစိုးရနဲ့ လွှတ်တော်မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်အများစုရဲ့ စွမ်းဆောင်ရည် အားနည်းချက်။ အဲဒါကို အကြောင်းပြုပြီးတော့ ဒီအားနည်းတဲ့ အစိုးရတွေ၊ လွှတ်တော်တွေ ဖြစ်လာတဲ့အတွက်ကြောင့်မို့ ၂၀၁၇ မှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီးတော့ တော်တော်လေးကို ကျဉ်းထဲကျပ်ထဲကို ရောက်ခဲ့ရတယ်လို့ ကျနော်ကတော့ အဲဒီလို သုံးသပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာရန်မျိုးသိမ်း သုံးသပ်တဲ့အထဲမှာ ပူးပေါင်းဆောင်ရွက်မှု၊ နောက်တခုက တဦးချင်းစွမ်းရည် - အဓိကအားဖြင့် အဲဒီနှစ်ခုပဲ ဆိုကြပါစို့။ ၂၀၁၈ ကို ကြည့်မယ်ဆိုရင်ကော၊ အဲဒီလိုအပ်ချက်တွေကို ပြုပြင်နိုင်မယ့် အလားအလာ တွေ့ပါလား။

Dr. ရန်မျိုးသိမ်း ။ အစိုးရနဲ့ လွှတ်တော်ပိုင်းမှာ ဗဟိုချုပ်ကိုင်မှု တော်တော်လေး မြင့်မြင့်မားမား ရှိနေတယ်လို့ ကျနော်ကတော့ အဲဒီလို သုံးသပ်ပါတယ်။ အဲဒီတော့ ဗဟိုချုပ်ကိုင်မှု တော်တော်များလွန်တာဟာ ဒီမိုကရေစီ အပြောင်းအလဲအတွက်ကို ဆေးမဖြစ်နိုင်ဘူး၊ ဘေးဖြစ်နိုင်တယ်လို့ ကျနော်က မြင်ပါတယ်။ အဲဒီအခါကြတော့ ၂၀၁၈ ထဲမှာ အစိုးရနဲ့ လွှတ်တော်ဟာ ဒီ ဗဟိုချုပ်ကိုင်မှုတွေကို လျှော့ချလာနိုင်ဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ နောက်ပြီးတော့ အစိုးရရဲ့ မူဝါဒပိုင်းတွေမှာလည်း ၂၀၁၈ ခုနှစ်အတွင်းမှာ ပြုပြင်လာနိုင်ဖို့ လိုအပ်သလို၊ စွမ်းဆောင်ရည် အားနည်းတဲ့ လူပုဂ္ဂိုလ်တွေကိုလည်း အစားထိုးလဲလည်ပြီးတော့ ဆောင်ရွက်လာနိုင်ဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်တို့ တခုချင်းကြည့်ပြီးတော့ ပြောကြမယ်ဆိုရင် ၂၀၁၇ မှာ အကြီးမားဆုံး အခက်အခဲ၊ စိန်ခေါ်မှု ဖြစ်ခဲ့ရတာကတော့ ရခိုင်မြောက်ပိုင်း ပြဿနာလို့ ထင်ပါတယ်။ ဆိုတော့ အဲဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ ပြောကြပါစို့ အခုန သဘောတရားအတိုင်း။ ဘယ်လ

Dr. ရန်မျိုးသိမ်း ။ ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီးတော့ အစိုးရလွှတ်တော်၊ တပ်မတော်၊ ဒီသုံးခုကြားမှာ ထိထိရောက်ရောက်၊ ညှိညှိနှိုင်းနှိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကျနော် မြင်ပါတယ်။ အဲဒါကို အခြေခံပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရနဲ့လည်း ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ အဲဒီထက် ပိုပြီးတော့ ကမ္ဘာ့ ကုလသမဂ္ဂနဲ့လည်း ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့လည်း လိုအပ်ပါတယ်။ ပြီးနောက် အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေ၊ နောက် ကျနော်တို့ရဲ့ အိမ်နီးချင်းဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့နဲ့လည်း ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အစလို့ ပြောလို့ရတဲ့ ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ အစိုးရလွှတ်တော်နဲ့ တပ်မတော် (၃) ရပ်ကြားမှာ ညှိညှိနှိုင်းနှိုင်းနဲ့ ဟန်ချက်ညီညီ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မှုကတော့ အခြေခံအကျဆုံး လိုအပ်ချက်ဆုံးလို့ ကျနော် မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီပြဿနာနဲ့ ပတ်သက်လို့ မြန်မာပြည်ထဲမှာပဲ အစိတ်အပိုင်းတချို့က အစိုးရကို အကျဉ်းထဲအကျပ်ထဲ ကျစေချင်လို့ တမင်လုပ်တာလို့ သုံးသပ်တာမျိုးလည်းရှိတယ်။ အဲဒီလို လုပ်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်မယ်။ တချို့လူတွေ ကိုယ်တိုင်လည်း အမျိုးသားရေး၊ ဘာသာရေးလည်း အစွန်းရောက်တဲ့အတွက် သူတို့ရဲ့ လုပ်ရပ်တွေကြောင့် ဒီပြဿနာမှာ မြန်မာဘက်က နစ်နာစရာ ကြုံခဲ့ရတယ်လို့ ကျနော် ထင်ပါတယ်။ ဆိုတော့ အဲဒီလူတွေရဲ့ စိတ်ဓါတ်၊ သူတို့ရဲ့ အပြုအမှု၊ သူတို့ရဲ့ Behavior ကိုရော ပြောင်းလဲလာနိုင်တဲ့အကြောင်း ရှိပါသလား။

Dr. ရန်မျိုးသိမ်း ။ ။ အယူအဆအမြင် သဘောထား ပြင်းထန်တဲ့ လူတွေကတော့ ဘယ်အယူအဆ၊ ဘယ်အမြင်သဘောထားမှာပဲ ဖြစ်ဖြစ် ရှိတတ်တဲ့ သဘောသဘာဝ ရှိပါတယ်။ အဲဒီလိုပဲ ကျနော်တို့ မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်းထဲမှာလည်း အယူအဆ၊ အမြင် ပြင်းထန်တဲ့လူတွေ ရှိတာပါပဲ။ ဒါပေမဲ့ အရေးကြီးတာကတော့ တရားဥပဒေ စိုးမိုးရေး Rule of law ပိုင်းမှာ ထိထိရောက်ရောက်နဲ့ တရားမျှတတဲ့ ဥပဒေနဲ့အညီ စီမံခန့်ခွဲနိုင်မယ်၊ ဆောင်ရွက်နိုင်မယ်ဆိုရင် ကျနော့်အမြင်ကတော့ လာမယ့် ၂၀၁၈ ခုနှစ်အတွင်းမှာ အမြင်အယူအဆ သဘောထား ပြင်းထန်တဲ့ လူတွေရဲ့ အနေအထားကို ထိန်းညှိဆောင်ရွက်နိုင်မယ်လို့ အဲဒီလို မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်အကြောင်းအရာတခုကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ၂၀၁၇ ဟာ ငြိမ်းချမ်းရေးနှစ် ဘာညာကြွေးကြော်ပြီး လုပ်ခဲ့သော်လဲ ထင်တိုင်းမပေါက်ခဲ့ဘူးလို့ ကျနော် မြင်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အဓိကလူတွေ ပြောကြတာ - တည့်တည့်ပြောရရင်တော့ တပ်မတော်က သူတို့အမြင်က တော်တော်လေး တင်းတင်းမာမာ ဖြစ်နေတယ်။ သူတို့ လိုချင်တဲ့ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားတွေဘက်က လိုက်လျောရမယ့်အချက်က။ ဒီလိုအမြင်ကို ဒေါက်တာရန်မျိုးသိမ်း လက်ခံပါသလား။ အဲဒါကို ကျော်လွှာနိုင်မယ့် အခြေအနေ ရှိပါသလား။

Dr. ရန်မျိုးသိမ်း ။ ၂၀၁၇ ခုနှစ်အတွင်းမှာလုပ်တဲ့ ပင်လုံညီလာခံ ဒုတိယအစည်းအဝေးမှာ မြောက်ပိုင်းအဖွဲ့ ကိုယ်စားလှယ်တွေ ဖွင့်ပွဲနဲ့ ညစာစားပွဲကို တက်ခဲ့တယ်။ နောက်ပြီးတော့ မြောက်ပိုင်းအဖွဲ့ ကိုယ်စားလှယ်တွေက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တယ်။ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ခဲ့တယ်။ ဒီအခြေအနေတွေကတော့ ကျနော့်အမြင် ၂၀၁၁ ခုနှစ်နောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သိသာမြင်သာတဲ့ တိုးတက်မှုလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ ဦးဆောင်မှုနဲ့ လုပ်ခဲ့တဲ့ (၂၁) ရာစု ပင်လုံမှာ ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း (၁) ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအစိတ်အပိုင်း (၁) မှာပါတဲ့ အချက်အလက် အများစု အဓိကတော့ နိုင်ငံရေးကဏ္ဍမှာ ကြည့်လိုက်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခြေခံမူအခန်းမှာပါတဲ့ ပုဒ်မတွေနဲ့ တိုက်ရိုက်သွားပြီးတော့ ဆက်စပ်နေတာကိုသွားပြီးတော့ တွေ့ရပါတယ်။

အဲဒီအခါကြတော့ ကျနော် ဆိုလိုချင်တဲ့သဘောကတော့ ကျနော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးပြဿနာကို ကိုင်တွယ်တဲ့နေရာမှာ ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းကို အဖြေမရှာဘဲနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ ခဲယဉ်းတယ်လို့ မြင်ပါတယ်။ အဲဒီအခါကြတော့ ၂၀၁၇ ခုနှစ်ထဲမှာ ငြိမ်းချမ်းရေးကို အရင်လုပ်မယ်။ ပြီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မယ်ဆိုတဲ့ အသံတွေက တော်တော်လေး ကျယ်လောင်ခဲ့တာကို တွေ့ရပါတယ်။ ဒါက တကယ်တမ်းတော့ လက်တွေ့ကျတဲ့ အယူအဆ မဖြစ်နိုင်ပါဘူး။ ကျနော့်အမြင်ကတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အကျပ်အတည်းကို ကျနော်တို့ ပြိုင်တူဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီအချိန်တပြိုင်နက်ထဲမှာပဲ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အကျပ်အတည်းကိုလည်း တပြိုင်နက်ဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်က စီးပွားရေးကို သီးခြားမေးချင်တယ်။ အခု စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အဓိက အကျပ်အတည်းက ဘာလဲ။ အခု ရင်းနှီးမြုပ်နံှမှု ဥပဒေကိုလည်း တော်တော်လေးကို Flexible ဖြစ်အောင် ပြင်ပေးလိုက်ပြီလို့ ဆိုပါတယ်။ ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိနိုင်မလဲ။ စီးပွားရေး ပြုပြင်တဲ့နေရာမှာ။

Dr. ရန်မျိုးသိမ်း ။ ကျနော့်အမြင်ကတော့ နိုင်ငံခြားရင်းနှီးမြုပ်နံှသူတွေအတွက် Investor Friendly Environment လုပ်ရကိုင်ရ လွယ်ကူတဲ့ ပတ်ဝန်းကျင်တခုကို ကျနော်တို့ နိုင်ငံထဲမှာ ထူထောင်နိုင်တဲ့ အနေအထားမျိုး မရှိသေးဘူးလို့ မြင်ပါတယ်။ ဥပဒေတွေ၊ နည်းဥပဒေတွေပိုင်းမှာ ဘယ်လိုပဲ ဖြေလျော့မှုတွေလုပ်တယ် ပြောပေမယ့်လို့ တဘက်မှာ ကြိုးနီစနစ် ဗျူရိုကရေစီ ယန္တရားကြီးက အားကောင်းနေတဲ့အခါကြတော့ နိုင်ငံခြားရင်းနှီးမြုပ်နံှသူတွေအတွက် ရှေ့ဆက်တိုးဖို့ ခက်တဲ့ အနေအထားမျိုးတွေကိုလည်း ကြုံနေရတယ်လို့ မြင်ပါတယ်။ တရုတ်စီးပွားရေး လုပ်ငန်းတွေရဲ့ လွှမ်းမိုးမှုကလည်း အင်မတန်မှ မြင့်မားတာကိုလည်း တွေ့ရပါတယ်။ နောက်ပြီးတော့ တဘက်က တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေက အရင်အစိုးရအဆက်ဆက် လက်ထက်မှာရှိတဲ့ ခရိုနီစီးပွားရေး လုပ်ငန်းရှင်တွေနဲ့လည်း တော်တော်ကြီးကို နီးနီးကပ်ကပ် ပတ်သက်နေတဲ့ အနေအထားမျိုးတွေ ရှိနေပါတယ်။ အဲဒီအခါကြတော့ အဲဒီ ပတ်သက်မှု နှစ်ခုဟာ နိုင်ငံခြားရင်းနှီးမြုပ်နံှသူတွေ လွယ်လင့်တကူ ဝင်ရောက်ရင်းနှီးဖို့အတွက်ကို အနှောင့်အယှက်၊ အတားအဆီး၊ အခက်အခဲ ဖြစ်စေတယ်လို့လည်း မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာတခုကတော့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေတွေ ဘယ်လောက်အထိ အလားအလာ အပြောင်းအလဲ ရှိလာနိုင်ပါသလဲ။ အစောပိုင်းနှစ်တွေက နည်းနည်းတက်ခဲ့တယ်လို့ ပြောပြီးတော့ တက်ရိပ်ပြခဲ့တယ် ဆိုကြပါစို့။ အခုနောက်ပိုင်းမှာ ပြန်ပြီး အဖမ်းအဆီးတွေ ပြန်များလာတယ်ဆိုတော့ လူတိုင်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ညည်းတွားနေကြပါတယ်။ ဒါကိုကော ၂၀၁၈ မှာ အလားအလာ ကောင်းလာနိုင်မယ့် အခြေအနေ တွေ့ပါသလား။

Dr. ရန်မျိုးသိမ်း ။ ။ အဲဒီမှာတချက် ကျနော် ဆွေးနွေးချင်တာက အစိုးရအနေနဲ့ သူ့ရဲ့အမြင်သဘောထား မူဝါဒကို ပြန်ပြီးစမ်းစစ်ဖို့ လိုတယ်လို့ မြင်ပါတယ်။ ဥပမာ အစိုးရဟာ ကျနော်တို့ သတင်းမီဒီယာတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေကို Troublemakers တွေ ပြဿနာရှာတဲ့လူတွေလို့ မြင်နေတဲ့ဘက်မှာ အားသာနေတယ်လို့ အဲဒီလို မြင်ပါတယ်။ တကယ်တမ်းတော့ ကျနော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲကို အားကောင်းမောင်းသန် ဖြစ်ဖို့ဆိုရင် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာတွေ၊ ပဉ္စမမဏ္ဍိုင်လို့ ပြောနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ဖို့ အရမ်းကို အရေးကြီးတယ်လို့ မြင်ပါတယ်။

လက်ရှိအနေအထားကို ကြည့်မယ်ဆိုရင် လတ်တလော Reuters သတင်းဌာနက သတင်းထောက်နှစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းပြီးတော့ ရုံးတင်ဖို့ ဆောင်ရွက်နေတယ်။ အဲဒီလို အနေအထားတွေဟာ ၂၀၁၇-၂၀၁၈ အကူးမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို တိုက်ရိုက်အဆိုးသဘော ထိခိုက်တဲ့ ခြေလှမ်းတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအခါကြတော့ လာမယ့် ၂၀၁၈ အတွင်းမှာ ကျနော့်အမြင်အားဖြင့်တော့ အစိုးရ၊ လွှတ်တော် နဲ့ တပ်မတော်တို့က သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ကို ထိထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပြုနိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ဥပမာအားဖြင့် လွှတ်တော်ထဲမှာ သတင်းရယူနေတဲ့ သတင်းသမားတွေဆိုရင် ပထမအကြိမ် လွှတ်တော်ကာလကတည်းကိုက သတင်းခန်းကနေ သတင်းရယူခွင့်ကို ပိတ်ပင်ခံရတာဟာ ဒီနေ့ဒီအချိန်ထိပါ။ အဲဒီတော့ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ အစိုးရသစ်၊ လွှတ်တော်သစ်တွေ ပေါ်လာတယ်။ သို့သောလဲပဲ သတင်းမီဒီယာသမားတွေအပေါ်မှာ ဆက်ဆံတဲ့ ပုံစံဟာ တိုးတက်မှုတွေ၊ ပြောင်းလဲမှုတွေကို မြင်မလာရဘဲနဲ့ ပိုပြီးဆိုးဆိုးလာတာကို တွေ့ရပါတယ်။ အဲဒီအခါကြတော့ ဒီအခြေအနေတွေကို ၂၀၁၈ ခုနှစ်အတွင်းမှာ ထိထိရောက်ရောက်နဲ့ သုံးသပ်ပြီးတော့ ပြုပြင်နိုင်ဖို့ အရေးကြီးတယ်လို့ ကျနော်က မြင်ပါတယ်။

XS
SM
MD
LG