သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ရိုက်တာ သတင်းထောက်တွေအတွက် ဆုတောင်းပွဲကျင်းပ


ဖမ်းဆီးခံ ရိုက်တာသတင်းထောက်တွေအတွက် ဆုတောင်းနေကြစဉ် (ဇန်နဝါရီလ ၇ ရက်နေ့)
ဖမ်းဆီးခံ ရိုက်တာသတင်းထောက်တွေအတွက် ဆုတောင်းနေကြစဉ် (ဇန်နဝါရီလ ၇ ရက်နေ့)

ဖမ်းဆီးခံရတဲ့ Reuters သတင်းထောက် ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးကို ရုံးထုတ်ဖို့ ပြင်ဆင်နေချိန်မှာပဲ သူတို့ရဲ့ မိတ်ဆွေပေါင်းအသင်းနဲ့ သတင်းထောက်တွေကလည်း စုပေါင်းပြီး သူတို့နှစ်ဦး ပြန်လည်လွတ်မြောက်လာရေးအတွက် ဆုတောင်းပွဲပြုကြပါတယ်။ သူတို့နှစ်ဦးကို ဒီဇင်ဘာလ ၁၂ ရက်နေ့က နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ ဖမ်းဆီး တရာစွဲဆိုထားတာပါ။ အသေးစိတ်ကိုတော့ Reuters သတင်းကိုအခြေခံပြီး ရှားဖောင်က စုစည်းတင်ပြပေးပါမယ်။

ဒီဇင်ဘာလ ၁၂ နှစ်ရက်နေ့က အာဏာပိုင်တွေရဲ့ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတဲ့ ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ အမှုကို ရုံးထုတ်ဖို့ပြင်ဆင်နေချိန်မှာပဲ သူတို့နှစ်ဦး ပြန်လည် လွတ်မြောက်လာရေးအတွက် သူတို့ရဲ့ မိတ်ဆွေအပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေ မနေ့ တနင်္ဂနွေနေ့တုန်းက ဆူးလေဘုရားပေါ်မှာ စုရုံးပြီး ဆုတောင်းပွဲ ပြုလုပ်ပေးခဲ့ကြတာပါ။

ဒုက္ခသည် ၆ သိန်းခွဲကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတဲ့ ရခိုင်ပြည်နယ်အကြမ်းဖက်မှု သတင်းတွေကို ရိုက်တာ သတင်းဌာနအတွက် သတင်းယူရင်း ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးဟာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

အလုပ်တာဝန်ကို ထမ်းဆောင်ရင်း ဖမ်းဆီးခံခဲ့ရတဲ့ သူတို့နှစ်ပြန်လည် လွတ်မြောက်လာဖို့ ဆုတောင်းပွဲ ပြုလုပ်ပေးတာလို့ ဆုတောင်းပွဲမှာ ပါဝင်တဲ့ ကိုဝလုံးနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ကိုသန့်ဇင်စိုးက အခုလိုပြောပါတယ်။

“ကျနော်တို့ဒီ ပရဟိတလုပ်ဖော်ကိုင်ဖက် ကိုဝလုံးပေါ့နော် သူက သတင်းထောက်လည်းလုပ်တယ်။ အလုပ်လုပ်ရင်းနဲ့ အဖမ်းခံနေရတယ်။ ကျနော်တို့ သူ့ကိုသတိရတယ်။ သူ့ကို ပြန်လွှတ်စေချင်တယ်။"

ဒါ့အပြင် ဒီမိုကရေစီကို ဦးတည်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ အခုလို သတင်းထောက်တွေကို ဆက်လက်ဖမ်းဆီးမှုတွေရှိတာဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေတယ်လို့ ကိုသန့်ဇင်စိုး က ပြောပါတယ်။

“ကျနော်တို့က ဒီမိုကရေစီနိုင်ငံကို သွားနေကြခြင်းဖြစ်တယ်။ အဲဒီလို သွားနေကြတဲ့အချိန်မှာ ဒါမျိုးဖြစ်တယ်ဆိုတာကတော့ တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်လည်း မျက်နှာမရဘူးပေါ့နော်။ အဲဒီတော့ ဘယ်သူ့အတွက်မှလည်း မကောင်းပါဘူး။ သူက သူ့အလုပ်သူလုပ်တယ်လို့ ကျနော်ယုံကြည်ပါတယ်။ အဲဒီအတွက် ဘာမှ စိုးရိမ်စရာမလိုပဲနဲ့ သူ့ကို ပြန်လည်လွှတ်ပေးသင့်ပါတယ်။"

အင်းစိန်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့အမှုကို လာမယ့် ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလာ ၁၀ ရက်နေ့မှာ ဒုတိယ အကြိမ်အဖြစ်နဲ့ အင်းစိန်တရားရုံးမှာ ရုံးထုတ်စစ်ဆေးဖို့ရှိပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့တုန်းကတော့ သူတို့နှစ်ဦးကို မင်္ဂလာဒုံ တရားရုံးမှာ ပထမအကြိမ် ရုံးထုတ် ရမန်ယူခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ညက ရဲတပ်ဖွဲ့တွေနဲ့ ချိန်းဆိုထားပြီး အသွားမှာပဲ ရခိုင်ပြည်နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို လက်ဝယ်တွေ့ရှိမှုနဲ့ ရန်ကုန်မြို့ ထောက်ကြန့် နယ်မြေရဲစခန်းမှာ သူတို့ကို ဖမ်းဆီးခဲ့ပြီး၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ နဲ့ ပုဒ်မ ၅ ကို ချိုးဖောက်မှုနဲ့ တရားစွဲဆိုခဲ့တာပါ။

သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတာနဲ့ပတ်သက်ပြီး မြန်မာပြည်တွင်း သတင်းမီယာတွေက ကန့်ကွက်ကြသလို၊ မြန်မာနိုင်ငံ လွှတ်တော် အဆောက်အအုံတွေကို Drone နဲ့ ရိုက်ယူဖို့ ပြင်ဆင်မှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့တဲ့ သီတင်း တပတ်ကျော်ကမှ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ မလေးရှားနိုင်ငံသူသတင်းထောက် Mok Choy Lin ကလည်း ဖမ်းဆီးခံနေရဆဲ Reuters သတင်းထောက်နှစ်ဦးအတွက် ဝိုင်းဝန်း ဆုတောင်းပေးကြဖို့ကို အားလုံးကို တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ဖမ်းဆီးထားရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို မြန်မာအာဏာပိုင်တွေအနေနဲ့ ပြန်လည်လွတ်ပေးဖို့ ကုလသမဂ္ဂ အကြီးတန်း တာဝန်ရှိသူတွေအပါအဝင် အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ ဥရောပ သမဂ္ဂ တွေကလည်း အသီးအသီး တောင်းဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG