သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည် အထောက်ထားကပ်ပြား ၆ လ အတွင်း အပြီး ထုတ်ပေးမည်


UNHCR အထောက်အထား ကပ်ပြားပြုလုပ်စဉ်
UNHCR အထောက်အထား ကပ်ပြားပြုလုပ်စဉ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေကို အထောက်အထား ကပ်ပြားထုတ်ပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရက ဇွန်လ ၂၁ ရက်နေ့ကစပြီး လုပ်ဆောင်နေရာမှာ အခုဆိုရင် စိစစ်ဖို့ လာရောက်တဲ့ ဒုက္ခသည်က ၄၂၀၀ လောက်ရှိသွားပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒီကပ်ပြားထုတ်ပေးတဲ့ အစီအစဉ်ကို ၆ လအတွင်း ပြီးအောင် ဆောင်ရွက်ဖို့လည်း စီစဉ်ထားပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၉ သိန်းလောက် ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ သြဂုတ်လ နောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ cox’s bazar ကို ရောက်လာတဲ့ ရိုဟင်ဂျာက ၇ သိန်းကျော်ရှိတာပါ။ သူတို့ကို ဇွန်လကုန် လောက်ကနေစတင်ပြီး ကိုယ်ရေးအချက်အလက်တွေ ၆ လအတွင်း ကောက်ခံဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ UNHCR တို့ ပူးတွဲ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ အခုလို အချက်အလက်တွေ စုဆောင်းကောက်ယူမှုကနေ လူဦးရေစာရင်းကို ပြုစုနိုင်မှာ ဖြစ်သလို သူတို့အတွက် အထောက်အထား ခိုင်လုံမှုရှိစေပြီး အကာအကွယ်လည်း ပေးနိုင်မယ့်အပြင် အထောက်အပံ့တွေကိုလည်း စံနစ်တကျ ခွဲဝေပေးနိုင်မှာ ဖြစ်တဲ့အတွက် ဒါဟာ သိပ်ကို အရေးပါတယ်လို့ UNHCR ပြောခွင့်ရ Charlie Yaxley က သောကြာနေ့ ဂျနီဗာ ကုလသမဂ္ဂရုံး သတင်စာရှင်းလင်းပွဲမှာ ပြောပါတယ်။

"အထောက်အထားလက်မှတ်တွေထဲမှာ ဒီဒုက္ခသည်တွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်၊ သူတို့ဟာ မြန်မာနိုင်ငံ ဘယ်နေရာကလာတယ် ဆိုတာတွေ ပါဝင်နေတာမို့ ဒီ လက်မှတ်က အဓိကကဏ္ဍမှာ ရှိနေပါတယ်။ တကယ်လို့ အခြေနေကောင်းလို့ သူတို့ ပြန်ဖို့ ဆုံးဖြတ်တယ် ဆိုရင်လည်း ဒီလက်မှတ်က သူတို့သဘောနဲ့သူတို့ နေရပ်ပြန်ရေးအတွက် အထောက်အကူဖြစ်စေမှာပါ။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် မှာ ရောက်နေတဲ့ ဒုက္ခသည်တွေရဲ့ အချက်လက်တွေနဲ့ပတ်သက်ပြီး ပိုတိတိကျကျ ရလာနိုင်တဲ့အတွက် သူတို့ဘာတွေ လိုအပ်နေတယ်ဆိုတာကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ လူသားချင်းစာနာမှု အဖွဲ့တွေ သိလာနိုင်ပြီး သူတို့ကို အကူညီပေးဖို့ အကာကွယ်ပေးဖို့ အစီစဉ်တွေချနိုင်မှာ ဖြစ်သလို ဝန်ဆောင်မှု ၂ ခါထပ်ပေးမိတာမျိုးလည်း ရှောင်နိုင်မှာပါ။"

ဒုက္ခသည်တွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ကောက်ယူရာမှာ အသက် (၁၂)နှစ် အထက် ဒုက္ခသည်တဦးချင်းစီအတွက် မျက်လုံးမျက်ဆံနဲ့ လက်ဗွေရာလို ဇီဝအချက်အလက်တွေ အပြင် ဓါတ်ပုံပါ ရိုက်ယူပြီး ဘယ်သူဘယ်ဝါဆိုတာကို မှတ်တမ်းတင်မှာဖြစ်ပါတယ်။ ခုလို ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ရယူတဲ့ အစီစဉ်အပြီးမှာ သူတို့ကို သက်သေခံအထောက်အထား ကဒ်ပြား အသစ်တွေ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ UNHCR တို့ ပူးတွဲထုတ်ပေးတဲ့ ဒီကပ်ပြားဟာ ခရက်ဒစ် အကြွေးဝယ်ကပ်ပြားအရွယ် ပလပ်စတပ်ကပ်ပြား ဖြစ်ပြီး အချက်လက် ခိုးမယူနိုင်အောင် သေသေချာချာ စီမံထားတယ်လို့လည်း UNHCR ကပြောပါတယ်။

အချက်အလက် ကောက်ခံဖို့ ရက်ချိန်းပေးထားတဲ့နေရာကို လာရောက် အစစ်ခံသူပေါင်းဟာ ၄ ထောင်ကျော်နေပြီလို့လည်း မစ္စတာ Yaxley ကပြောပါတယ်။

"ဇွန်လ ၂၁ ရက်ကနေ စီစစ်ရေး လုပ်ငန်းကို စတင်ခဲ့တာ အခုဆိုရင် ဒုက္ခသည်ပေါင်း ၄၂၀၀ လောက် ကို စီစစ်ပြီးပါပြီ။ ဒီရက်ပိုင်းအတွင်း မုတ်သုန်မိုးက သဲသဲမဲမဲ ရွာနေပေမယ့် အထောက်ထား ကပ်ပြား ရမယ်ဆိုတာကို သိနေကြတော့ စိစစ်ဖို့ သူတို့ကို ရက်ချိန်းပေးထားတဲ့ အတိုင်း အများစုက လာနေကြပါတယ်။"

ဒီလို အချက်လက်တွေ ဘာကြောင့်ကောက်ယူတယ်၊ ဘာတွေလုပ်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်ကို ဒုက္ခသည်တွေ သိလာအောင် UNHCR က ဒုက္ခသည် အသိုင်းအဝိုင်းမှာ ပြောဆို အကြံပေးတာအပါ အဝင် လှုပ်ရှားမှုတွေ လုပ်ပေးခဲ့သလို ဒုက္ခသည် ကော်မတီတွေ ကလည်း ဒုက္ခသည်တွေ သူတို့အတွက် ပေးထားတဲ့ ရက်ချိန်းအတိုင်း သွားကြဖို့ နှိုးဆော်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် လက်တော့ပ်တွေ၊ ဆာဗာတွေ၊ ဝါယာလက် ရောက်တာတွေနဲ့ ကွန်ပြူတာ အလွယ်တကူ သုံးနိုင်အောင်လုပ်ပေးပြီး ဇီဝအချက်လက် မှတ်တမ်းတင်တာတွေ ပုံနှိပ်တာတွေလို စက်ကရိယာတွေနဲ့ အတူ ဇီဝအချက်အလက် ကောက်ယူတဲ့ software ကိုပါ UNHCR က ဖြန့်ဖြူးပေးခဲ့ပါတယ်။ ဒါ့အပြင် ဝန်ထမ်း ၁၅၀ က NGO အဖွဲ့တွေနဲ့ အတူလက်တွဲပြီး ဒုက္ခသည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ကောက်ယူပေးနေတာ ဖြစ်ပါတယ်။

အခုလို အချက်အလက်တွေ ကောက်ယူတဲ့ လုပ်ငန်းစဉ်မှာ လူတွေ့မေးမြန်းမှုတွေ လုပ်ရပြီး အထောက်အထား စာရွက်စာတမ်းတွေကိုပါ ကောက်ယူရတယ်လို့ လည်း UNHCR ကပြောပါတယ်။

"မှတ်ပုံတင်လုပ်ငန်းစဉ်မှာ လုပ်ရတဲ့ အဓိက အစိတ်အပိုင်း တခုအနေနဲ့ ဒုက္ခသည် တယောက်ချင်း စီကို လူတွေ့မေးမြန်းရပါတယ်။ သူတို့ လက်ထဲမှာ ရှိနေတဲ့ မှတ်ပုံတင်တို့၊ မွေးစားရင်းတို့၊ လက်ထပ်စာချုပ်တို့၊ ကွာရှင်းစာချုပ်တို့လို အထောက်အထား စာရွက်စာတမ်းတွေကို ပေးဖို့ တောင်းရပါတယ်။ အခုလို အထောက်အထား ရယူရတဲ့ အဓိက အကြောင်း ရင်းက ဘင်္ဂလားဒေ့ရှ် အစိုးရ အဖို့ သူတို့ ဆီမှာ ဒုက္ခသည် ဘယ်နှစ်ယောက် ရှိနေတယ်၊ ဒီဒုက္ခသည်တွေ ဘာလိုအပ်နေတယ် ဆိုတာကို သိရအောင် လုပ်ပေးတာပါ။"

ဒီရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ကုလသမဂ္ဂ အဖွဲ့အစည်း ၂ ခုဖြစ်တဲ့ UNHCR နဲ့ ကုလသမဂ္ဂ ဖွံဖြိုးရေး UNDP အဖွဲ့တို့နဲ့ မြန်မာအစိုးရကြား မကြာသေးခင်ကမှ MoU နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့တာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုံးကို လက်မခံ ပါဘူး။ ဒီစာချွန်လွှာထဲမှာ ပါဝင်တဲ့ အကြောင်းအရာ အပြည့်အစုံကို တရားဝင် မထုတ်ပြန်သေးပေမယ့် မစ္စတာ Yaxley ကတော့ ဒါဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် အခြေနေ တိုးတက်လာအောင် လုပ်ဆောင်ရေးမှာ ဒါဟာ အရေးပါတဲ့ ပထမခြေလှမ်း ဖြစ်ကြောင်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေ အတွက် နိုင်ငံတကာက ကူအညီတွေတိုးပေးကြဖို့ လိုအပ်နေတယ်လို့လည်း ဒုက္ခသည် စခန်းတွေဆီကို လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Fiillippo Grandi ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG