သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cox's Bazar က ဒုက္ခသည်တွေ ရေကြီးမြေပြိုရှောင်ဖို့ စခန်းသစ်ရွှေ့ပေးထား


ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox's Bazar ဒေသမှာ မုတ်သုန်မိုးပြင်းထန်စွာ ရွာသွန်းလာရင် ရေကြီး မြေပြိုမှု အန္တရာယ်တွေနဲ့ ကြုံရမှာ ကို စိုးရိမ်တဲ့အတွက် ရာနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို တိုးချဲ့ဒုက္ခသည်စခန်းကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။ ကူတူးပါလောင် ဒုက္ခသည်စခန်းမှာ နေတဲ့ ဒုက္ခသည် ၂၆၃ ယောက်အတွက် မြေပြိုမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်ဆိုတာ သိခဲ့ရလို့ ပိုပြီးစိတ်ချရတဲ့ နေရာကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့က ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။

ဒုက္ခသည်စခန်းက UNHCR အဖွဲ့ လက်ထောက် အကြီးအကဲ Yahya Hassune ကတော့

“အခုအချိန်ဟာ မုတ်သုန်ရာသီထဲ ရောက်နေပြီမို့ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ မြေပြိုမယ့်ဘေးနဲ့ တွေ့နိုင်တာမို့၊ ဒီလို မြေပြိုမယ့်အန္တရာယ် ကြုံရနိုင်တဲ့ နေရာက လူတွေကိုရွေးပြီး တခြားစခန်းတွေကို ပြောင်းရွှေ့ပေးနေတယ်” - လို့ ပြောပါတယ်။

ကူတူးပါလောင်က စခန်း ၄ - တိုးချဲ့စခန်း ဆောက်လုပ်ပြီးစီးချိန်မှာ အိမ်ထောင်စုပေါင်း ၅ ထောင် ဒါမှမဟုတ် လူပေါင်း ၁၂ ၀၀၀ ကို ထားနိုင်မှာ ဖြစ်ကြောင်းလည်း UNHCR ကပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကစပြီး ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှိ နိုင်ငံထဲကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာက ၇ သိန်းလောက် ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးတဲ့ သိန်းနဲ့ချီတဲ့ လူတွေကို ပြန်လည် လက်ခံရေး မြန်မာ အစိုးရဘက်က မူအားဖြင့် သဘောတူထားပေမယ့် ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံသလို ဌာနေပြန်ရေး လုပ်ငန်းစဉ်ကလည်း ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည် မဖော်နိုင်သေးပါဘူး။ Cox's Bazar က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို တနင်္ဂနွေနေ့မှာ သွားရောက်တဲ့ နိုင်ငံတကာ ကြက်ခြေနီ အသင်း ICRC ဥက္ကဌ Peter Maurer ကလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေး အတွက် ဆောင်ရွက်စရာ ကိစ္စ အများအပြား ရှိနေသေးကြောင်းပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG